Butter rice ထောပတ်ထမင်း ..

weiweiNovember 27, 20101min1123

ထောပတ်ထမင်းကတော့ တစ်ခါတစ်လေ ဒါန်ပေါက်အလွမ်းပြေ ချက်စားလေ့ရှိပါတယ် …. ဒီနေ့တော့ ပိတ်ရက်မို့လို့ ထောပတ်ထမင်းနဲ့ ကြက်သားဟင်း ချက်စားဖြစ်တယ် … ချက်နည်းက ဗမာပြည်ကချက်တာနဲ့ နဲနဲကွဲလို့ ကျွန်မချက်နည်းကို ဖော်ပြပေးလိုက်ပါတယ် .. အဲဒီနည်းကတော့ ကျွန်မသူငယ်ချင်း ဘင်းဂလားဒေ့ရှ်ကုလားမချက်တဲ့နည်းကို ဗမာမှုပြုစားခြင်းဖြစ်ပါတယ် ..

ပါဝင်သောပစ္စည်းများ ..

ဆန် (၃) ခွက် (ခွက်သေး)

သစ်ကြားပိုးခေါက် နဲ့ ကုလားဝေးရွက် အနည်းငယ်

မုန်လာဥနီခပ်လတ်လတ်တစ်လုံး

ပဲစိမ်းစေ့ (၁၅) ကျပ်သား ..

နို့ဆီ .. သကြား … ဆား ..

ချက်ပြုတ်ပုံ အဆင့်ဆင့် ...

ဒါန်အိုးထဲသို့ ထောပတ် တစ်ဇွန်းသာသာခန့်ကို ထည့်လိုက်ပြီး အရည်ပျော်တာနဲ့ သစ်ကြားပိုးနဲ့ ကုလားဝေးရွက်ထည့်ပြီး ခဏဆီသတ်လိုက်ပါတယ် … ထို့နောက် ဆန် (ဆန်ကို မဆေးရပါ) ကိုထည့်ပြီး မွှေပေးပါတယ် … ထို့နောက် ဥနီ ပဲစိမ်းစေ့နဲ့ ဆား ထည့်ပြီး မီးအေးအေးနဲ့ လှော်သလိုမျိုး မွှေပေးပါတယ် … တစ်ချိန်ထဲမှာပဲ ထမင်းပေါင်းအိုးထဲမှာ ရေ (ဆန်၏တစ်ဆခွဲ) ခန့်ကို ထည့်ပြီး ဆူအောင်တည်ထားပါတယ် … လှော်နေတဲ့ဆန်တွေ မွှေးပြီး မာလတဲ့အထိ စိတ်ရှည်ရှည် မွှေပေးရပါတယ် .. ထို့နောက် ရေဆူနေတဲ့ ထမင်းပေါင်းအိုးထဲထည့်ပြီး နို့ဆီ တစ်ဇွန်းနဲ့ သကြားအနည်းငယ်ထည့်ပြီး နှက်ထားလိုက်ပါတယ် … မကြာခဏ မွှေပေးပါတယ် … ခဏနေတော့ မွှေးကြိုင်တဲ့ ထောပတ်ထမင်း ဖြစ်သွားပါတယ် …

ကုလားမတွေက ထမင်းချက်တိုင်း ဆန်နဲ့ မုန်လာဥနီကို ဆီနဲ့အရင် ကြော်ပြီးမှ ရေဆူတဲ့အထဲထည့်တာကို အတုခိုးလိုက်ခြင်းဖြစ်ပါတယ် … ဒါပေမယ့် အဲဒီနည်းရဲ့ အားသာချက်က ထမင်းလုံးတွေ တောင့်တင်းပြီး လှပါတယ် … စားတဲ့အခါလဲ အများကြီးမစားနိုင်လို့ ဧည့်သည်များဖိတ်ကျွေးလျှင် အကုန်သက်သာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် …

3 comments

  • ဆူး

    November 27, 2010 at 1:29 pm

    ကြက်သား လည်း မပါဘူး.. ကြက်သား သေးသေးလေးတောင် မပေးဘဲ ထမင်းကြီးဘဲ စားခိုင်းမှတော့.. ဘယ်စားဝင်တော့မလဲ.. အဟင့် ရက်စက်တယ်။ တော်ပြီ.. ဒီအိမ်ကို လာလည်တော့ဝူး

  • MaMa

    November 29, 2010 at 3:48 am

    ပိတ်ရက်မှာချက်စားရအောင် ကြိုတင်ပေးရင်ပိုကောင်းမယ်နော်။ ထမင်းထဲ နို့ဆီထည့်ချက်တာ အဆန်းဘဲ။ ချက်စားကြည့်အုံးမယ်။

  • ဆူး

    November 29, 2010 at 3:55 am

    နို့ဆီနဲ့ ချက်တော့ သကြား အလိုက်နည်းတာပေါ့.. မဟုတ်ရင် အချို အတွက် သကြား ပိုကဲရတယ်။ ထမင်းထဲကို မှိုလေး တွေ ပိန်းဥလေးတွေ ထည့်လိုက် ပြီး မဆာလာပြောင်းလိုက်.. တရုတ် ထမင်းပေါင်း ဖြစ်သွားမယ်။ ဟီးဟီး.. ပို စား ကောင်း မလား ဘဲနော်..

Leave a Reply