ဆူးရေးလိုက်တဲ့ အိမ်ဖော်ဇာတ်လမ်းကို ဖတ်မိပြီး ကျွန်မတို့အိမ်မှာ အလုပ်လုပ်သွားဖူးတဲ့ အိမ်ဖော်ကောင်မလေးအကြောင်းကို သတိရသွားတာနဲ့ သတိရတုန်းကောက်ရေးလိုက်ပါတယ်။

ကျွန်မတို့အိမ်က အသက်ကြီးတဲ့လူကြီးတွေ ဈေးထဲမှာဈေးဆိုင်ထွက်ရတဲ့သူတွေ ကျောင်းသူကျောင်းသားတွေအပြင် အိမတို့ မိသားစုကလဲ ရှိတော့ အမြဲတမ်း အိမ်ဖော်ခေါ်ရပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ခိုင်ခိုင်လို့ခေါ်တဲ့ အသက် (၁၅) နှစ်လောက်ရှိတဲ့ ရုပ်ရည်တော်တော်လေးသန့်တဲ့ ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ သူတို့နေတဲ့ရွာက ကျွန်မတို့မြို့ကနေဆို နေ့တစ်ဝက်လောက် သွားရပါတယ်။ ကောင်မလေးက အရမ်းသွက်လက်တယ်။ အသက်နဲ့မလိုက်အောင် အိမ်အလုပ်တွေလဲ အကုန်လုပ်တတ်ပါတယ်။ စကားပြောတာလဲ ချစ်စရာကောင်းတာနဲ့ ကျွန်မတို့နဲ့ ညီအစ်မအရင်းတွေလိုပဲ အဖွဲ့ကျတယ်။

သူပြောပြခဲ့တဲ့ သူ့ဇာတ်လမ်းတွေကတော့ …

သူ့အဖေက သူမွေးကထဲက ဘာအလုပ်မှ မလုပ်ခဲ့တဲ့ အရက်သမားတစ်ယောက်ဖြစ်ပါတယ် .. သူ့အမေက အရင်အိမ်ထောင်နဲ့ကွဲပြီး အခု သူ့အဖေကို ယူထားတာ .. ခိုင်ခိုင်က အကြီးဆုံးသမီးဖြစ်ပြီး သူ့အောက်မှာ ၃ ယောက်ရှိပါသေးတယ်။ ခိုင်ခိုင့်ကို ၃ တန်း အောင်ပြီးကထဲက ကျောင်းထုတ်ပြီး သူများအိမ်မှာ အိမ်ဖော်လုပ်ခိုင်းခဲ့တယ်။ သူ့အဖေက သူ့လစာအကုန်လုံးကို ကြိုယူပြီး အရက်သောက်ပစ်ပါတယ်။ ကောင်မလေးက အရမ်းသနားစရာကောင်းတယ်။ ရွာမှာ စပါးရိတ်ချိန်ဆိုလျှင်တော့ အိမ်ဖော်မလုပ်ခိုင်းပဲ သွားပြန်ခေါ်ပါတယ်။ စပါးရိတ်ခတွေကိုလဲ အကုန်လုံး ကြိုတင်ငွေယူထားပြီး အရက်သောက်ပစ်ပါတယ်။ အဲဒီလိုနဲ့ အဲဒီကောင်မလေးက အိမ်တစ်အိမ်မှာ ၉ လ လောက်နေလိုက် ရွာကို ၃ လ ပြန်လိုက် ပြီးရင် သူ့အဖေက လစာပိုကောင်းတဲ့ နောက်တစ်အိမ်ပြောင်းလိုက်နဲ့ ကောင်မလေးက အိမ်အလုပ်တွေတော်တော်ကျွမ်းကျင်နေပါတယ်။ ကောင်မလေးကို အိမ်တွေက သဘောကျတာကို သူ့အဖေကသိတော့ လစာကို ခဏခဏပိုတောင်းပြီး မပေးရင် ပြန်ခေါ်သွားမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။

သူ့အဖေတစ်ခါလာရင် ကောင်မလေးက တစ်ခါငိုရတာပဲ။ ကျွန်မတို့နဲ့ရင်းနှီးနေတော့ ကောင်မလေးက ပြောတယ် သူ့အဖေလာရင် ပိုက်ဆံမပေးပါနဲ့တဲ့ … အခုအတိုင်းဆို သူသေတာတောင် အိမ်ဖော်အလုပ်က ရပ်ရလိမ့်မယ်မထင်ဘူးလို့ပြောတယ် … ရွာသူတွေရဲ့ ထုံးစံအတိုင်း ကောင်မလေးမှာ ရည်းစားတစ်ယောက်ရှိတယ် … နောက်ပြီး ရွာမှာ သူ့သူငယ်ချင်းရွယ်တူတွေလဲရှိတော့ သူကရွာမှာနေချင်တယ် … စာလဲ အလွန်တတ်ချင်တယ်။ သူက စာဖတ်တတ်တော့ ကျွန်မအမေက သူဖတ်သင့်တယ့် စာအုပ်တစ်ချို့ကို သူ့ကိုပေးဖတ်ပါတယ် …

မိန်းကလေးသဘာဝ အရမ်းလှချင်လာတယ်။ ခန္ဓာကိုယ်ဖွံ့ဖြိုးတဲ့အရွယ်ဆိုတော့လဲ အိမ်မှာနေရင်းကနေ စိုပြေလှပလာပါတယ်။ သူကောက်စိုက်တဲ့အတွေ့အကြုံတွေကိုပြောပြရင်းနဲ့ သူ့အဖေဆိုးကြောင်း ပိုသိလာရတယ်။ တစ်ခါတစ်လေ သူ့သူငယ်ချင်းတွေက လျှောက်လည်ဖို့လာခေါ်တယ်တဲ့ .. သူ့အဖေက ခြွင်းချက်တစ်ခုနဲ့ ထည့်တယ်တဲ့ … သူ့ရဲ့တစ်ရက်ကောက်ရိတ်ခက ၁၅၀၀ ဆိုပါတော့ .. သူ့အဖေက သူ့ကို ၂၀၀၀ ပေးရင် သူ့သမီးကို ခေါ်သွားခွင့်ရှိတယ်တဲ့ … အဲဒီလောက်တောင် ပိုက်ဆံမက်တဲ့အဖေဆိုပြီး သူက သူ့အဖေကို စိတ်နာပါတယ် …

သူတစ်ခေါက်ပြန်သွားတဲ့အချိန်မှာ အဲဒီထက်ဆိုးတဲ့ သူ့အဖေအကြောင်းသိလိုက်ရပါတယ် .. အဲဒီကောင်မလေးရဲ့ ရည်းစားလိုလိုဘာလိုလိုကောင်လေးက ပိုက်ဆံနဲနဲရှိတယ်တဲ့ … ကောင်လေးက ကောင်မလေးကို အပြင်ခေါ်ထုတ်ချင်တာနဲ့ သူ့အဖေနဲ့ ဈေးညှိရတယ်တဲ့ … သူ့အဖေက တစ်ရက်ကို တစ်သောင်းနဲ့ အပြင်ထွက်ခွင့်ပြုလိုက်တယ်တဲ့ … ကောင်မလေးက သူ့အဖေကို စိတ်ဆိုးပြီး မသွားဖူုးလို့ပြန်ပြောလိုက်လို့ သမီးကို နရင်းအုပ်ထည့်လိုက်တာ မေ့လဲသွားတဲ့အထိပဲတဲ့ …

သူ့အမေကလဲ ဘာမှအသုံးမကျပါဘူး … သူ့ညီမလေး ၁၀ နှစ်လောက်အရွယ်ကိုလဲ သူများအိမ်တစ်အိမ်မှာ အိမ်ဖော်လုပ်ခိုင်းထားတယ် … အငယ်ဆုံး သား နှစ်ယောက်က သေးသေးလေးတွေပဲ ရှိပါသေးတယ် … ကျွန်မတို့အိမ်ကိုခေါ်လာပြီး ကလေးတစ်ယောက်လောက် မွေးစားပါလို့ လာပြောတယ် … မွေးစားထားပြီး ကြီးလာရင် ခိုင်းပါတဲ့ … သူမကျွေးနိုင်တော့လို့ပါတဲ့ ….

အဲဒီတစ်ခေါက် အိမ်ကိုပြန်လာချိန်မှာ ကောင်မလေးက စိတ်တော်တော်ညစ်နေပါပြီ .. စိတ်ကလဲ ထွေနေပြီ .. သူ့အဖေကိုလဲ အရမ်းစိတ်နာနေပြီ .. ကျွန်မတို့အိမ်မှာလဲ သိပ်ပျော်ပုံမပေါ်တော့ပါဘူး … ကျွန်မအမေကိုပြောပါတယ် … သူ့ကို သူ့အဖေလုံးဝ လိုက်မလာနိုင်တဲ့ နေရာတစ်ခုရှိရင် ပို့ပေးပါတဲ့ … ကျွန်မတို့ကတော့ သူ့ကိုကလေးလိုပဲ သဘောထားတော့ ဒီအတိုင်းပဲ ဖြောင်းဖြပြောဆိုပြီး နောက်ပြောင်နေပါတယ်။ ကျွန်မအဖေကတော့ အသက် (၁၈)နှစ်ပြည့်ရင် သင့်တော်တဲ့ အိမ်ထောင်ဖက်ရှာပေးစားမယ်လို့ ပြောထားသေးတယ်။ အဲဒီလိုနေရင်းနဲ့ သူ့အဖေက တစ်ရက်မှာ အလှူရှိတယ်ဆိုပြီး လာခေါ်သွားပါတယ် …

အဲဒီကထဲက သူပြန်မလာတော့ပါဘူး …

(၃) လလောက်နေတော့ အဲဒီရွာက အမျိုးသမီးတစ်ယောက်ကို ဈေးထဲမှာတွေ့တာနဲ့ အကျိုးအကြောင်း သေချာသိလိုက်ရပါတော့တယ် ..

ကောင်မလေး သေပြီတဲ့ …

ကြွက်သတ်ဆေး ပိုလို (၃) ပုလင်းကို တစ်ခါထဲ သောက်ထည့်လိုက်တယ်တဲ့ …

မသေခင် သူ့ရည်းစားကောင်လေးကို သူ့ကိုခိုးပြေးဖို့ စာရေးထားတာကို တွေ့လိုက်ရတယ်တဲ့ …

အဲဒီစာကို ကိုင်ပြီး သူ့အဖေက ကောင်လေးမိသားစုကိုငွေညှစ်လိုက်တာ (၅) သိန်းအလျှော်ရလိုက်ပြီး ပျော်ပျော်ပါးပါး အရက်တွေ ထပ်တိုးသောက်နေတယ်ဆိုတဲ့ စိတ်မချမ်းသာစရာ နောက်ဆုံးသတင်းနဲ့အတူ ကျွန်မတို့မိသားစုအားလုံး အလွန်ယူကြုံးမရ ၀မ်းနည်းတသဖြစ်ကြရပါတော့တယ် … ကျွန်မတို့ အားလုံး မျက်ရည်မဆည်နိုင်အောင် ဖြစ်ကြရပါတယ် …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....