သုံးပါးစုံမှ တကယ်သိနိုင်မဲ့ တရား Trio

triangle


မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဘာသာအပေါ်မှာ ယုံကြည်သက်ဝင်ကြပေမဲ့ ရှုမြင်သုံးသပ်တဲ့အခါ မှာတော့ မတူညီကြပါဘူး။ ဘာကြောင့်လဲလို့ ညဏ်မှီသလောက် စဉ်းစားမိတော့ ဗုဒ္ဓဘုရားဟောခဲ့တဲ့ တရားတွေကို ချဉ်းကပ်ပုံခြင်း ကွဲပြားနေလို့ဆိုတာ သတိပြုမိပါတယ်။ ကွဲပြားမှုတွေကို ကြည့်လိုက်ရင် အခြေခံပင်မတရားဖြစ်တဲ့ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ သတိပဌာန်လေးပါး စတာတွေကို များသောဖြင့် လက်ခံကြပြီး အခြားသောဆက်နွယ်ရာ ရှေ့ဘဝ နောက်ဘဝ၊ ၃၁ဘုံ ငရဲ နတ်ပြည်၊ အဘိညဉ်တန်ခိုး၊ ပိဋကတ်သုံးပုံ စတာတွေ အပေါ်မှာသာ ဝိဝါဒ ကွဲပြားနေတာ များပါတယ်။
ဘုရားဟောခဲ့တာ သီလ သမာဓိ ပညာ သုံးပါးနဲ့ သစ္စာတရားကိုရှာဖို့ပါ။ အကျယ်ကတော့ မဂ္ဂင်ရှစ်ပါး တရားကျင့်စဉ်ပေါ့လေ။ သူကလွဲလို့ နိဗ္ဗာန်ရောက်ကြောင်း တခြားနည်းလမ်းမရှိ။ ရှိရမဲ့ အရာသုံးပါးမှာ တပါးပါးက ချို့ယွင်းအားနည်းနေရင် လိုရာကို မရောက်နိုင်လို့ ပြောထားပါတယ်။ အဲဒီ အချက်ကို အရင်းခံပြီး မြန်မာတွေ ဗုဒ္ဓတရားကို ရှုမြင်ပုံအမျိုးမျိုးကို ခွဲခြမ်းလေ့လာပါမယ်။ ကွဲပြားနေတဲ့ အမြင်များကို သီလ၊ သမာဓိ၊ ပညာလို့ လမ်းကြောင်းသုံးကြောင်း ခွဲနိုင်ပါတယ်။
ပထမတမျိုးက သီလ အခြေပြုသမားတွေပါ။ သီလကို စောင့်ထိန်းတဲ့နေရာမှာလည်း အယုတ် အလတ် အမြတ် အစားစား စောင့်ထိန်းကြပေမဲ့ တူညီချက်ကတော့ ဆရာစဉ်ဆက် လက်ဆင့်ကမ်း ပို့ချလာတဲ့ တရားတော်တွေကို ဦးလည်မသုံ နာယူလက်ခံကြတာပါ။ ညဏ်မှီလို့မဟုတ်၊ ဘာမှလည်း မမြင်ဘဲနဲ့ ယုံကြည်မှုသဒ္ဒါ အရင်းခံပြီး ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်ကြပါတယ်။ သူတို့တတွေက ခေတ်တိုင်း ဘာသာတိုင်းမှာ အများစုဖြစ်မယ် ထင်ပါတယ်။ အားနဲချက်ကတော့ ဥပ္ပဒါန်အစွဲတွေကြီးပြီး ထူးဆန်းတိုင်း လိုက်လို့အားကိုးရှာကြ ဆရာပြောတိုင်း မျက်စိမှိတ် ယုံကြခြင်းပါ။
ဒုတိယ တမျိုးကတော့ သမာဓိ အခြေပြုသမားတွေပါ။ သမာဓိမှာလည်း သမ္မာ သမာဓိ၊ မိစာ္ဆ သမာဓိ လို့ကွဲပြားလေတော့ အကြားအမြင် တန်ခိုးအဘိညဉ်ရတိုင်း ဘုရားဟော သစ္စာကို ရှုမြင်ပုံခြင်း မတူညီကြ။ ဒါပေမဲ့ ရှေ့ဖြစ်နောက်ဖြစ်၊ ငရဲ နတ်ပြည် သရဲ ပြိတ္တာစတဲ့ သဘာဝလွန် ဖြစ်ရပ်ဆန်းတွေကို လက်ခံပုံခြင်းတော့ သာမန်အားဖြင့် တူညီနိုင်ကြပါတယ်။ အတိတ်က ပါရမီသာပါခဲ့ရင် သစ္စာလေးပါးကို သွားရာလမ်းကြောင်းသာ အတိုအရှည်ကွာမယ် မှန်တယ်ဆိုတာ အနည်းဆုံးတော့ လက်ခံနိုင်ကြမှာပါ။ သူတို့ကို ဗုဒ္ဓဘာသာဟာ ဘာလည်းလို့ပြောပါဆိုရင် သီလသမားတွေ လက်ခံတဲ့ ကျမ်းဂန်များအတိုင်း လက်တွေ့ သမထဖြစ်ရပ်တွေနဲ့ ပြောကြဖို့ များပါတယ်။
နောက်ဆုံးကတော့ ပညာ အခြေပြုသမားတွေပါ။ အယူဝါဒရေးရာ ပြသနာတွေရဲ့ အရင်းခံဟာ သူတို့ဖြစ်ပါတယ်။ ဝိဇ္ဇာ ပညာညဏ် ဖြစ်ဖို့ သဒ္ဒါ သတိ ဝီရိယ သမာဓိ ပညာ ဆိုတဲ့ ဗိုလ်ငါးဗိုလ်ဦးစီးပြီး ဟန်ချက်ညီညီသွားမှ ရပါတယ်။ ပညာအားကြီးပြီး ကျန်တာတွေက မလိုက်နိုင်ရင် စဉ်းစားတွေးတော လို့ရတဲ့ စိနာ္တမယျ ညဏ်မျိုးနဲ့ အဖြေထုတ်ပြီး ကိုယ်လိုရာကို ဆွဲဖို့များပါတယ်။
အဲဒီလို ပညာသမားများကို တွေ့ဖူး နီးစပ်ဖူးပါတယ်။ သူတို့က ပစ္စုပ္ပန်တည့်တည့်သာ ရှိတယ်၊ ရှေးဘဝ နောက်ဘဝ မရှိ ဘုရားက အချိန်ကာလကိုသာ ညွှန်းတာ၊ ငရဲ နတ်ပြည် ၃၁ဘုံမရှိ ဘုရားက စိတ်ကို ပြောတာ၊ ငရဲ နတ်ပြည်ဆိုတာ ဒီဘဝမှာတင် ဖြစ်နေတာလို့ ယုံကြည်ကြပါတယ်။ သူတို့ရဲ့ အားနည်းချက်က သဘာဝလွန် အရာဝထ္ထုတွေကို သိမြင်နိုင်တဲ့ သမာဓိ မရှိခြင်းပါ။ များသောအားဖြင့် ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသော အနောက်တိုင်းသားများ၏ ရေးသားချက်များတွင် တွေ့ရပါသည်။
နဲနဲချဲ့ပြောရရင် ပညတ် ပရမတ် အရှိ မရှိ တရားတွေကို ထိုးထွင်းသိတဲ့ သစ္စာညဏ် ပိုင်းခြား သိတဲ့ ရဟနာ္တရှင်မြတ်များ ထားခဲ့တဲ့ ဆုံးမချက်တွေကို သူတို့က တလွဲဆံပင်ကောင်းလုပ်ပြီး လောကီ ပညတ်ချက်တွေမရှိဘူးလို့ ယူဆလေ့ရှိပါတယ်။ မူလပြောခဲ့သူတွေက သံသရာကိုပြတ်တဲ့ ကျင်လည် စရာဘဝမရှိတော့တဲ့ အရိယာရှင်မြတ်ကြီးများဆိုတာ ပညာရှိ သတိဖြစ်ခဲ ဖြစ်ကုန်တယ် ထင်ပါတယ်။ ရဟနာ္တ ပုဂ္ဂိုလ်များအဖို့ အကောင်းအဆိုး လူနတ်ငရဲ ကား သင်္ဘော ငှက်ပျောသီး အုန်းသီးဆိုတာ မရှိ၊ ဖြစ်ပျက်ဆိုတဲ့ ပညတ်ချက်တောင်ကင်းလို့ ပရမတ် သဘောလေးမျှသာရှိသည်။ ဒါကို ရေလိုက်လွဲပြီး ကိုယ်ပိုင် သစ္စာညဏ် မဖြစ်သေးဘဲ လောကီ ပညတ်ချက်တွေကို ပယ်ဖို့ ကြိုးစားကြပါသည်။
ဖြစ်သင့်တာ ထူးကဲတဲ့ သမထတန်ခိုး မရတောင် လုံလောက်တဲ့ သမာဓိနဲ့ ပညာညဏ် ဖြစ်ပြီး အရှိတရား မရှိတရား ပညတ် ပရမတ်တရားတွေကို စပ်သိဖို့ပါ။ ဝိပဿနာ ပညာညဏ် ဖြစ်ပြီဆိုရင် အရိယာ မဖြစ်သေးတောင် သစ္စာတရားတော်ကို မိမိကိုယ်တိုင်ခံစားသိလို့ သူများပြောတိုင်း ဟုတ်နိုးနိုး မဖြစ်တော့။ ဒါမှသာ ဘယ်ဖက်မှ အစွန်းမရောက် သံသယကင်းပြီး မဇ္ဇိမပဋိပဒါနဲ့ ဘုရားဟော အစစ် လိုရင်းကို ခံစားနိုင်ပါလိမ့်မယ်။ ဘုရားဟော တရားတော် အကုန်လုံးကို သိနားလည်ဖို့ ဆိုတာ ကတော့ ရဟနာ္တများတောင် ဖြည့်ဆည်းခဲ့တဲ့ ပါရမီအလိုက် သူ့အဆင့်နဲ့သူ ဖြစ်ရတာမို့ ကိုယ်နဲ့ တန်ရာကိုသာ မှန်းကြဖို့ ဖြစ်ပါတယ်။

4 comments

  • weiwei

    November 29, 2010 at 3:25 am

    သာဓု … သာဓု …. သာဓု …..

  • kai

    November 29, 2010 at 10:58 pm

    တရားဂုဏ်တော် (၆) ပါး

    သွာက္ခာတော၊ ဘဂဝတာဓမ္မော၊ သိနိ္ဒဋ္ဌိကော၊ အကာလိကော၊
    ဧဟိပသိ၁ကော၊ ဩပါနေယျိကော၊ ပစ္စတ္တံဝေဒိတဗ္ဗော၊ ဝိညူဟိ။
    ===
    ကျုပ်အနေနဲ့ပေါ့လေ..။
    ဘုရားစကား (တရား)တော်များဟာ .. သိပ်ခက်ခဲနက်နဲမနေရပါဘူး..။
    ၁နဲ့၁ပေါင်း ၂ဆိုတာကို မရေးတတ်၊ မဖတ်တတ် မသိတတ်တဲ့ ယဉ်ကျေးမှုမဖွင့်ဖြိုးတဲ့ ခေတ်ကာလမှာ.. စာပေမရှိတဲ့ခေတ်ကာလ (ဂေါတမဘုရားလက်ထက် – လွန်ခဲ့သော အနှစ် ၂၅၀ဝကျော်) မှာတောင် ..
    ဦးနှောက်မှတ်ညဏ်မကောင်းတဲ့ရဟန်းတောင် အဝတ်စုတ်အဖြူတခုပစ်ပေး ..သိသွားစေနိုင်လောက်အောင်။
    တိုင်ထိပ်ပေါ်ဂျွမ်းကစားနေရင်း သိနားလည်လောက်အောင်။
    အရက်သောက်ရင်း တန်းလန်း၊ မူးနေရင်းတန်းလန်းသိနားလည်နိုင်လောက်အောင်။
    သတ်မယ်ဖြတ်မယ်.. ပြေးရင်းလွှားရင်းချွေးသံရွဲရွဲဒေါသထန်ထန်ကြား သိနားလည်လောက်အောင်..

    ..လွယ်လွယ်နဲ့ သိနားလည်ကြတာပါ..။

    ဆိုတော့ ..
    ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးကာလ ..ကိုယ်စားချန်ထားရစ်တဲ့ တရားတွေကို ..ဖတ်ကြည့် ..
    တကြောင်း၊ တဂါထာ၊ တပုဒ်၊တပိုဒ်နဲ့ ဒီခေတ်လူတွေ နားလည်ရမှာပါပဲ..။
    တရက်လည်းမသိ။တလလည်းမသိ။ တနှစ်လည်းမသိ။ တသက်လည်းမသိခဲ့ရင်တော့ .. .. ကိုယ်မှားနေတာကို ကိုယ်မသိပဲနေတာဖြစ်ရမယ်..။ 🙂

    ==
    ကြုံလို့ ပြောကြည့်မယ်နော..။
    ဝိပဿနာ ပညာညဏ် ပဲထားပါတော့ ..
    ဒီလောက်အရေးကြီးတဲ့ … စာလုံး..(ဝိပဿနာ) ပိဋိကတ်သုံးပုံထဲမှာ … ဓမ္မက္ခန္ဒာရှစ်သောင်းလေးထောင်ထဲမှာ … ဘုရားဟောတရားတွေထဲမှာ .. စာလုံးဘယ်နှလုံးပါသလဲ..ရှာကြည့်ဖူးသလား..ကိုကြောင်ကြီးရယ်..။

    • bigcat

      November 30, 2010 at 6:27 am

      ဆရာခိုင်ရေ.. ပညာညဏ်ဖြစ်ဖို့ဆိုတာ ပြောသလောက် မလွယ်သလို မဖြစ်နိုင်တဲ့ အရာလည်း မဟုတ်ပါဘူး။ ပြောင်းပြန်ပြောရရင် ကြောင်းကျိုးစပ်ဆက်လို့ နီးနီးလေးပေမဲ့ တကယ်လျောက်တော့ ဝေးပါတယ်။ တဘဝထဲနဲ့ ပြီးတဲ့အရာ မဟုတ်ပါဘူး။ အတိတ်ဘဝ ဖြည့်ကျင့်မှုများ လုံလောက်စွာ ရှိမှသာ သီလ သမာဓိ ပညာ သုံးခုပေါင်းစုံပြီး ညဏ်အလင်းပွင့်ပါတယ်။ အဲဒါ အကာလိကောဆိုတဲ့ တရားဂုဏ်တော်ပါ။ ဘယ်အချိန် ဘယ်အခါမှာ ပြည့်မလဲဆိုတာ ဘုရားမှတပါး အခြားဘယ်သူမှ တိတိကျကျ မသိနိုင်လို့ ရည်ညွှန်းတယ်လို့ ထင်ပါတယ်။ ဝိပဿနာဆိုတဲ့ စာလုံးဟာ ပညတ် ဝေါဟာရပါ။ ဘာပဲတပ်တပ်ရပါတယ်။ အရေးကြီးတာ ရှိတရားနဲ့ မရှိတရားကို သိဖို့ပါ၊ သွားတဲ့လမ်းကြောင်းမှန်ဖို့ပါ။ မဟုတ်ရင် သုတမယျညဏ် စိနာ္တမယျညဏ်တွေပဲ ဒီဘဝမှာ ဖြစ်နိုင်ပါတယ်။ ဖြစ်လည်းဖြစ်ခဲ့လို့ သံသရာစဉ်ဆက် လည်ပတ်ပြီး အခုဘဝ ဘုရားသာသနာမှာ ဗုဒ္ဓဘာသာဝင် လူလာဖြစ်နေရတာပေါ့။ ပညာညဏ် မဖြစ်သ၍တော့ ဆက်ပြီးတော့လဲ လည်ရအုံးမှာပါ။ စဉ်းစားတိုင်းသာ ရကြေးဆို လူတိုင်းကို ကြောင်ကြီး ရှိခိုးနေရပြီပေါ့။

  • shwemanthar

    November 30, 2010 at 6:16 am

    ကိုကြောင်ကြီးတောင်တရားရနေပြီ
    ဟိုစစ်ခွေးတွေကအခုထိတရားမရသေးဘူး

Leave a Reply