လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘိန်းစိုက်ပျိုးမှု ပိုများလာ

cobraNovember 29, 20101min451

နအဖအလိုကျ ဟန်ပြဘိန်းပပျောက်ရေးအတွက် လူမှုထူးချွန်ဆုရရှိဖူးသူ ခွန်ဆာ့လူဟောင်း ဗိုလ်မွန်းဦးဆောင်သည့် သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် မန့်ပန်ဌာနေ ပြည်သူ့စစ် ထိန်းချုပ်နယ်မြေတွင် ယခုနှစ်ဘိန်းစိုက်ရာသီ အတွင်း ဘိန်းစိုက်ပျိုးမှုပြန်လည် စခန်းထလာသည်ဟု နယ်မြေခံသတင်းရပ်ကွက်က ပြောပါသည်။ ” လွန်ခဲ့တဲ့ ၃-၄ နှစ်ကဆိုရင် မန့်ပန်ပြည်သူ့စစ်နယ်မြေမှာ ဘိန်းခြံလုပ်ရတာ သိပ်မလွယ်ဘူး။ အခုမသိမသာပြန်စိုက်လာ တယ်။ တချို့ရွာဆိုစိုက်ကိုစိုက်ရမယ်လို့တောင်ပြောတယ်။ လမ်းမနဲ့နီးတဲ့နေရာနဲ့မြင်သာတဲ့ နေရာ တွေမှာတော့ ပေးမစိုက်ဘူး” ဟု တရုတ်နယ်စပ်ရောက် အမည်မဖော်လိုသည့် ဒေသခံတဦးကပြောပါသည်။ ယမန်နှစ် (၂၀၀၉- ၂၀၁၀) ဘိန်းထွက်ရာသီက မန့်ပန်နေပြည်သူ့စစ်ထိန်းချုပ်နယ်မြေများဖြစ်သည့် တန့်ယန်း၊ လာရှိုး၊ သိနီ္နမြို့နယ်များအတွင်း အချို့တောင်ပေါ်ဒေသများမှ ထွက်ရှိခဲ့သော ဘိန်းမည်းပိဿာချိန် စုစုပေါင်း ထောင်ချီရှိခဲ့သည်ဟု ပြည်သူကစစ်တပ်ဖွဲ့ဝင် တဦးက ပြောပြ၏။ ” ၂၀၀၅-၂၀၀၆ တုန်းကဆိုဘိန်းစိုက်၊ ဘိန်းရောင်းသူ တချို့ကိုတောင် ဗိုလ်မွန်းတို့ပစ်သတ်ခဲ့ဖူးတယ်။ သူတို့နယ် မြေထဲမှာ မစိုက်ရဲကြတော့ပေမယ့်- လားဟူပြည်သူ့စစ်တွေထိန်းချုပ်တဲ့ တန့်ယန်းတောင်ဖက် လွယ်ကျဲဘက်မှာ သွားစိုက်ကြတယ်၊ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ ပင်လောင်းဘက်လည်း သွားစိုက်ကြတယ်။ အခုသူတို့ ပြန်စိုက်လာကြပြီ ဆိုတော့ အခြေအနေကောင်းလာပြီ ထင်တာဘဲ” ဟု မိုင်းယော်ဒေသခံ လူလတ်ပိုင်း တရုတ်အမျိုးသားတဦးကပြော ပါသည်။ သျှမ်းပြည် မူးယစ်စောင့်ကြည့်ရေးအဖွဲ့ဝင်တဦးက ဗိုလ်မွန်းအဖွဲ့ ထိန်းချုပ်မြေအတွင်း ဘိန်းပြန်စိုက်ပျိုးလာကြသည် မှာ နိုင်ငံရေး ရည်မှန်းချက်ရှိနိုင်ကြောင်း၊ ဘိန်းစိုက်ပျိုးမှုကင်းစင်သည့် ဝ နယ်နှင့် ဝ တပ်ဖွဲ့အားဘိန်းဖြင့် ပစ်ဖမ်းရန် နအဖ လှည့်ကွက်တခုဖြစ်နိုင်ကြောင်း ဤကဲ့သို့ပြောပါသည်။ “ဗိုလ်မွန်း နယ်မြေထဲထွက်တဲ့ ဘိန်းမဲ၊ ဘိန်းညို၊ ဘိန်းဖြူတွေ သံလွင်အရှေ့ဖက်ကမ်းဝတပ်နယ်မြေထဲ ခိုးသွင်းတာ ခပ်များများလေ။ အဲဒီကနေတဆင့် တရုတ်နယ်စပ်ထဲ ပြန်သယ်ကြတယ်။ ဝ တပ်က အပြည့်အဝမထိန်းချုပ်နိုင် တော့ အနည်းနဲ့အများ တရုတ်ပြည်ထဲစီးဝင်မယ်။ တရုတ်က ဝ ကိုဘိန်းနဲ့ ပတ်သက်ပြီးစွပ်စွဲအကြပ်ကိုင်လာရင် နအဖ အကြိုက်ပေါ့။ ဝ ကိုဘိန်းနဲ့ပစ်ဖမ်းမဲ့သဘော” မန့်ပန်ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေများမှာ လာရှိုးအရှေ့ဘက် မိုင်းယန်း၊ မိုင်းယော်၊ မိုင်းဟတ်၊ မိုက်ကြက် ကျေးရွာအုပ်စု၊ မန့်ဖတ်၊ ဖာတန့်၊ မက်မြီးကျေးရွာအုပ်စုမှ တန့်ယန်းမြို့နယ် (တန့်ယန်းမြောက်ဖက်နှင့် အနောက်ဖက်ခြမ်း) အထိ၊ မိုင်းရယ်မြို့အရှေ့မြောက်ဘက် သျှမ်းရွာနှင့် တောင်ပေါ်ပလောင်အများဖြစ်သည်။ အင်အား ၄၀၀-၅၀ဝ ရှိဗိုလ်မွန်းဦးဆောင်သော မန့်ပန်ဌာနေ ပြည်သူ့စစ်တပ်ဖွဲ့သည် ၁၉၉၆ လက်နက်ချခဲ့သော ခွန်ဆာ့ MTA မုန်တိုင်း တပ်မတော်၏ လက်ကျန်ဖြစ်ပြီး အထက်ဖော်ပြပါ ၃ မြို့နယ် ချုပ်ကိုင်ရန် စစ်အစိုးရက လက်နက် ပြန်ကိုင်ခွင့်ပြုထားခဲ့သည်။ လွန်ခဲ့သည့် ၃-၄ နှစ် အတွင်း မိမိတပ်ဖွဲ့ဝင်အသစ်နှင့် နအဖတပ်သားသစ် အတွက် ဒေသခံကျေးလက်လူထုအပေါ် ၂ သုတ်ထက်မနည်း ကလေးစစ်သားပေါင်းရာနှင့်ချီအဓမ္မဆင့်ကောက် ပေးခဲ့ရသည်။

ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား

One comment

  • သီဟ

    November 29, 2010 at 12:09 pm

    သူတို့ဘောမပြီးလူမှုထူးချွန်ဆုရထားတာတဲ့ကောင်ဆိုတော့လည်း………..အင်း

    ဒါနဲ့ကိုcobra
    အောက်ဆုံးက“ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား “ဆိုတဲ့သတင်းကတကယ်ကြီးလာဗျ
    ပြန်စော်ကားပြီပေါ့နော်ကျနော်တို့ဘုရားကို အဲ့သတင်းကိုဘယ်နားဖတ်ရမှာလည်းဗျ

Leave a Reply