ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ တွေ့ဆုံဆွေးနွေးဖို့ ထောင်တွင်းမှ တိုက်တွန်း

cobraNovember 29, 20101min370

ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသား ကိုထင်ကျော်က မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးပြီး မြန်မာ့အရေးကိုဖြေရှင်းဖို့ အကျဉ်းထောင်ထဲကနေ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

ကိုထင်ကျော်ဟာ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခံထားရပြီး လက်ရှိ စစ်ကိုင်းတိုင်း ခန္တီးထောင်မှာ အကျဉ်းကျခံနေရပါတယ်။

အခုလို တွေ့ဆုံဆွေးနွေးရေး တိုက်တွန်းချက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဇနီးဖြစ်သူ မသန်းသန်းမော်နဲ့ အမှာစကား ပါးလိုက်တာပါ။ ဒါ့အပြင် ကိုထင်ကျော်က ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် သတင်းစကား ပါးလိုက်တယ်လို့ ဇနီးသည် မသန်းသန်းမော်က ပြောပါတယ်။

“ကိုထင်ကျော့် သဘောထားလေးကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးကြမယ့် ကိစ္စကို သူ့အနေနဲ့လည်း ဝမ်းပမ်းတသာ တောင်းဆိုလိုက်တယ်ပေါ့။ သူ့ရဲ့ နိယာမလေး တခုတော့ ကျမကို ထုတ်ပေးလိုက်တယ်။ ဒါလေးကိုလည်း ဒီမိုကရေစီ လှုပ်ရှားနေတဲ့သူတွေ အားလုံး သိအောင် ပြောပြပေးလိုက်ပါတဲ့။ သူရေးထားကတော့ D= TS2။ ဒီ ဆိုတာက Democracy ဒီမိုကရေစီပေါ့။ တီ ဆိုတာက Trust ယုံကြည်မှုပေါ့။ အက်စ် ဆိုတာက Stemina သက်လုံပေါ့။ ဒီမိုကရေစီ ကိုလိုချင်ရင် ယုံကြည်မှုနဲ့ အားကောင်းတဲ့ သက်လုံနဲ့ မြှောက်လိုက်လို့ရှိရင် ဒီမိုကရေစီဆိုတာ ရနိုင်ပါတယ်ပေါ့။ အဲဒီ သဘောတရားလေးပါ”

လောလောဆယ် ကိုထင်ကျော်ဟာ ကျန်းမာရေး ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူနဲ့ တတိုက်တည်း အတူ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ကိုတင်ထူးအောင်ကတော့ ခါးနာဝေဒနာ ခံစားနေရပြီး ဆေးကုသမှု လုံလုံလောက်လောက် မရရှိဘူးလို့ သိခဲ့ရကြောင်း ကိုထင်ကျော်ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။

“သူနဲ့အတူတူ ဘေးချင်းအခန်းပေါ့။ နိုင်ငံရေးအကျဉ်းသား ရခိုင်အမျိုးသားလေး တင်ထူးအောင်ကတော့ ခါးနာလို့ ဆရာဝန်လာတော့ ဓာတ်မှန်ရိုက်ဖို့ လိုတယ်တဲ့။ လိုတယ်သာ ပြောသွားတာ ခုထိလည်း ဓာတ်မှန် မရိုက်သေးဘူး။ ဆေးကုသမှုလည်း မရှိသေးဘူး ဆိုတာကိုတော့ သူပြောလိုက်ပါတယ်”

ခန္တီး အကျဉ်းထောင်ကို အပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးလည်း ရှိနေတယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲကိစ္စ နိုင်ငံရေးပါတီတွေနဲ့ ကုလကိုယ်စားလှယ် ဆွေးနွေး

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၁၉၉ဝ ရွေးကောက်ပွဲ လွှတ်တော်ကိုယ်စားပြုကော်မတီက တိုင်းရင်းသားခေါင်းဆောင်တချို့ နဲ့ တွေ့ဆုံခဲ့ကြသလိုပဲ ၂၀၁ဝ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အတိုက်အခံနိုင်ငံရေးပါတီ တချို့နဲ့လည်း ဒီကနေ့မှာ တွေ့ဆုံခဲ့ပါသေးတယ်။ ဒီတွေ့ဆုံဆွေးနွေးမှုအတွင်းမှာ ၂၀၁ဝ ရွေးကောက်ပွဲ အခြေအတွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ ဒီအကြောင်း အပြည့်စုံကို ကိုရန်နိုင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံကို ၂ ရက်ကြာခရီးစဉ်အဖြစ်နဲ့ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားဟာ ၂၀၁ဝ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ နဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့နဲ့လည်း ရန်ကုန်မြို့  ကုလသမဂ္ဂရုံးမှာ ဒီကနေ့ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးမှုအတွင်းမှာ ၂၀၁ဝ ရွေးကောက်ပွဲ အခြေအနေတွေနဲ့ အနာဂတ် မြန်မာနိုင်ငံရေးအခြေအနေတွေအပေါ်မှာ အဓိကထား ပြောဆိုဖြစ်ခဲ့တယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးသုဝေက အခုလို ပြောပါတယ်။

“သူဆွေးနွေးတာကတော့ ပထမကတော့ ဒီလိုပေါ့။ ကျနော်တို့ ရွေးကောက်ပွဲရဲ့ အခြေအနေတွေပေါ့။ ကျနော်တို့ တွေ့ရကြုံရတဲ့ဟာတွေကို သူက မေးတယ်။ အဲဒီတော့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဟာတွေက တရားမျှတမှု ဘယ်လောက်ရှိလဲ မရှိဘူးပေါ့ဗျာ။ အဲဒါတွေမေးတယ်။ နောက်ပြီးတော့လည်း ကျနော်တို့ပါတီက ဘာတွေ ဆက်ပြီးတော့ လုပ်ဦးမလဲပေါ့။ တခြား လုပ်ငန်းတွေရော ဘယ်လိုလုပ်ပြီးတော့ ရပ်တည်မလဲ။ ရှေ့ဆက်ပြီးတော့ ဘာတွေ တိုင်းပြည်အတွက် လုပ်နိုင်မယ်လို့ထင်သလဲပေါ့။ ဒါမျိုးတွေလည်း သူက မေးပါတယ်။”

ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုမှာ ဒီမိုကရက်ပါတီ (မြန်မာ) က ဦးသုဝေနဲ့အတူ တခြားပါတီ ခေါင်းဆောင် ၃ ဦးဖြစ်တဲ့ ဒေါ်သန်းသန်းနု၊ ဒေါ်နေရည်ဗဆွေ နဲ့ ဒေါ်ချိုချိုကျော်ငြိမ်း တို့ပါ ပါဝင်ခဲ့ပြီး ရွေးကောက်ပွဲ မဲမသမာမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီမိုကရက်တစ်ပါတီ (မြန်မာ) အနေနဲ့ အနာဂတ် မြန်မာနိုင်ငံရေးမှာတင်မကဘဲ တိုင်းပြည်တိုးတက်ရေးအတွက် လိုအပ်နေတဲ့ တခြားကိစ္စရပ်တွေမှာလည်း တခြားနိုင်ငံရေးပါတီတွေ နဲ့အတူ ပူးပေါင်း လုပ်ဆောင်သွားဖို့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့  အဓိက ရည်မှန်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ပြောဆိုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မစ္စတာ နမ်ဘီးယားရဲ့ ခရီးစဉ်အပေါ်မှာတော့ ဦးသုဝေက အခုလို ပြောပါတယ်။

“သူတို့ကတော့ ကျနော်ထင်တယ်။ အခုဟာကတော့ သူတို့အားလုံး တွေ့ဆုံပြီးတဲ့အခါကျတော့ ကျနော်တို့ပါတီတင် မကဘူးပေါ့နော်။ သူက တခြားသောအဖွဲ့တွေနဲ့ ပါတီတွေနဲ့လည်း ဆွေးနွေးမှာပေါ့။ အဲဒီအခါကျတော့ အားလုံးရဲ့ သဘောထားတွေ၊ အားလုံးရဲ့ အတွေ့အကြုံတွေကို စုစည်းပြီးတော့ သူတို့လည်းပဲ ဆုံးဖြတ်ချက်တခုခု ချမှာပေါ့။ အဲဒီတော့ သူတို့က မေးခွန်းတွေမေးတာတွေ မှတ်တာတွေကလည်း ပြေပြေပြစ်ပြစ်ပေါ့၊ ကောင်းပါတယ်။ သူတို့ရဲ့ ဆက်ဆံပုံ ဆက်ဆံနည်းတွေလဲ။ တခြားတော့ မသိဘူးပေါ့နော်။ သို့သော် ကျနော် ထင်တာကတော့ သူတို့ အားလုံး data (အချက်အလက်) တွေရအောင် အရင်ယူပြီးတော့မှ သူတို့ ဆုံးဖြတ်ချင်တဲ့သဘော ရှိပါတယ်။”

ဒါ့အပြင် မစ္စတာ နမ်ဘီးယားဘက်ကလည်း ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရေး ရှေ့အနာဂတ်အတွက် ဘယ်လို အကူအညီပေးနိုင်မလဲ၊ ဘယ်လိုအကူအညီမျိုးတွေကို လိုအပ်သလဲ စတာတွေကို ပြောဆိုဖြစ်ခဲ့တယ်လို့ ဦးသုဝေက ပြောပါတယ်။ တဘက်မှာလည်း ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့အထဲမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီရဲ့ ခေါင်းဆောင် ဦးခင်မောင်ဆွေကတော့ ဒီတွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“သူတို့ကတော့ မေးယုံပဲမေးတာပဲ။ မေးခွန်းတွေပဲ ခွမေးနေတာပဲ။ ရွေးကောက်ပွဲက ဘာဖြစ်တယ်၊ ပြည်သူတွေကရော ကျေနပ်ရဲ့လား မကျေနပ်ဘူးလားပေါ့။ ဒါမျိုးတွေပေါ့ဗျာ။ နောက်ပြီးတော့ ရွေးကောက်ပွဲ မသမာမှုတွေက ခင်ဗျားတို့ ဘယ်လိုလုပ်ထားလဲ။ ဒါမျိုးတွေပါပဲ။ အဲဒီတော့ တခြားမှာလည်းပဲ ရှေ့က နိုင်ငံရေးပါတီတွေနဲ့ တွေ့သွားပြီးဆိုတော့ ဒီအကြောင်းအရာတွေအပေါ်မှာ ကျနော်တို့ အမြင်ပေါ့ဗျာ။ ကွဲလွဲတဲ့အမြင်တွေကို သိသွားရင် ပြီးတာပါပဲ။ သိပ်ပြီးတော့လည်း ထူးခြားလှတယ်လို့ မထင်ပါဘူး။ လာပြီးတော့ မေးတဲ့စမ်းတဲ့သဘောပဲ ရှိပါတယ်။ မေးစမ်းပြီးတော့ ဘာလုပ်ပေးနိုင်တယ်၊ ညာလုပ်ပေးနိုင်တယ် ကတိပေးသွားတာလဲ မရှိပါဘူး။ ကျနော်တို့ သိချင်တာနဲ့ ရွေးကောက်ပွဲ သုံးသပ်ချက်ကို လိုချင်တာလောက်ပါပဲ။ သိပ်ပြီးတော့ ထူးခြားလှတယ်မဟုတ်ပါဘူး။”

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ ပြောပြသွားတာ ဖြစ်ပါတယ်။ ရန်ကုန်မြို့က UNDP ရုံးမှာ ဒီကနေ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှု အတွင်းမှာ မစ္စတာ နမ်ဘီးယားဟာ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီတို့အပြင် တခြား နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။