ကျုပ်တို့နိုင်ငံမှာ နွေဘက်ရောက်လာပြီဆိုရင် မီးပျက်တဲ့ကိစ္စက လာတော့မယ်။ ရန်ကုန်မှာတော့ မိုးကုန်တာနဲ့ လျှပ်စစ်မီးက အလှည့်ကျစံနစ် ဖြစ်သွားပြီ။ ဒီလောက်ကိုတော့ ကျုပ်တို့ ရွှေမြန်မာတွေက မီးပျက်တယ် လို့တောင် ခေါ်တာမဟုတ်ဘူး။ မီးမှန်တယ်လို့ပဲ ခေါ်တယ်။ မီးပျက်တယ်ဆိုတာ မီးလာရမယ့် အချိန်မှာ မလာတာမျိုးကို ခေါ်တာကိုး။ လျှပ်စစ်မီး ဆိုတာကလည်း နေ့စဉ် လူနေမှုဘဝအတွက် အရေးအပါဆုံးလောက်မှာကို ရှိတာဆိုတော့ မီးပျက်လို့ ဖြစ်ရတဲ့ ဒုက္ခတွေကို ပြောပြရရင် ကုန်နိုင်ဖွယ်ပါပဲ။ ထမင်းအိုး ပျက်ရတဲ့ ကိစ္စကနေ ဘုရားဝတ်ပြုနေတုန်း မီးပျက်လို့ ကျိန်ဆဲမိရတဲ့ အထိ။

ထားပါတော့လေ။ ကျုပ်ပြောချင်တာက နှစ်စဉ် မီးပျက်တဲ့ဒုက္ခကို ဘယ်လို ရှောင်ရှားနိုင်မလဲ ဆိုတာပါ။ တာဝန်ရှိသူများ ဆိုသူတွေကလည်း လုပ်ကြပါတယ်။ ဆောက်လုပ်ခဲ့၊ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်လတ္တံ့သော ရေအား၊ လေအား၊ နေအား၊ ဂက်စ်အား နဲ့ ထုတ်လုပ်တဲ့ လျှပ်စစ်လုပ်ငန်းတွေ အများကြီးပါပဲ။ အဲ … ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လျှပ်စစ် လိုအပ်ချက်ကလည်း တနေ့တခြား တိုးလို့သာ လာနေပါတယ်။ လုံလောက်တယ်ရယ်လို့ကို မရှိပါဘူး။

အခု ကျုပ်စဉ်းစားမိတာက လျှပ်စစ်အားကို တစ်ဦးချင်း အနေနဲ့ ဘယ်လို ချွေတာရင် ကောင်းမလဲ ဆိုတာပါ။ ကြီးလာတဲ့ ခြေထောက်နဲ့ ဖိနပ်က မတော်တဲ့အတွက် ခြေဖနောင့်ကို ဖြတ်ပစ်ရမဲ့ သဘောဆိုရင်လည်း ဆိုပါတော့။ မြန်မာနိုင်ငံမှာ မီးအား သုံးစွဲမှု အများဆုံးက လျှပ်စစ်မီးဖို (hot plate)တွေပါ။ တစ်လုံးကို ဝပ် ၁၈၀၀ လောက်ရှိပါတယ်။ တီဗွီ၊ အောက်စက်၊ ရေခဲသေတ္တာ၊ ပန်ကာ နဲ့ မီးချောင်း သုံးလေးချောင်းလောက် သုံးတဲ့ သာမန် အိမ်တလုံးရဲ့ လျှပ်စစ်အား သုံးစွဲမှုထက်တောင် ပိုနေပါသေးတယ်။ ကျုပ် ထိုင်းနဲ့ မလေးရှားကို ရောက်တော့ သူတို့ဆီမှာ လျှပ်စစ်မီးဖိုသုံးတာ မတွေ့ရပါ။ ဂက်စ်မီးဖိုက ပိုတွက်ခြေကိုက်လို့ ဖြစ်နိုင်ပါတယ်။ ကျုပ်တို့ ဆီမှာလည်း ဂက်စ်ကို ခြွေတာသုံးပြီး လျှပ်စစ်မီးဖိုကို မသုံးပဲ ထားနိုင်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။

လေအေးပေးစက်တွေ တပ်ဆင်တဲ့ အခါမှာလည်း သေချာတွက်ချက်ပြီး တပ်ဆင်သင့်ပါတယ်။ လေယိုပေါက် (air leakage) တွေ ရှိတဲ့ အခန်းမျိုးတွေမှာ တပ်ဆင်တာမျိုး၊ မလိုအပ်ပဲ ပိုတပ်ထားတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

ရေစုပ်မော်တာတွေ။ မီးလာပြီဟေ့ ဆိုတာနဲ့ တစ်ရပ်ကွက်လုံးကို ဆူညံနေအောင် အားပေးကြတော့တာပဲ။ အမှန်တော့ အထပ်မြင့် တိုက်တွေမှာဆိုရင် တိုက်ခေါင်မိုးပေါ်မှာ ရေကန်ထားပြီး မော်တာ တစ်လုံးတည်းနဲ့ တင်လို့ ရရဲ့သားနဲ့။ အဲဒါဆို မီးဘေး ကာကွယ်ရေးအတွက် အစီအစဉ်တွေတောင် လုပ်ထားလို့ ရတယ်။ အခုတော့ မော်တာကြီးတစ်လုံး သုံးရမဲ့ နေရာမှာ မော်တာအသေး ၁၆ လုံးလောက် သုံးနေရတယ်။ ဖြစ်သင့်တာကတော့ မြို့အတွက် ပေးဝေမဲ့ ရေကို အမြင့်မှာ တင်ထားပြီးမှ လွှတ်ချတာက အကောင်းဆုံးပေါ့။ ဒါပေမဲ့ အဲဒါမျိုးကလည်း ဆောက်ဖြစ်မှ ကျောင်းဒကာဆိုတော့။

နောက်လူသုံးများတာ တစ်ခုက မီးလုံးတွေပါ။ ဝပ် ၄၀၊ ၆၀၊ ၁၀၀ အား ရှိတဲ့ မီးလုံးတွေပေါ့။ အဲဒီ မီးလုံးတွေ အစား မီးချောင်းတွေ၊ LED မီးလုံးတွေ ပြောင်းသုံးသင့်ပါတယ်။ ဝပ် ၁၀၀ အား မီးလုံးတစ်လုံး သုံးစွဲတဲ့ လျှပ်စစ်အားဟာ ၂ ပေ မီးချောင်း ၅ ချောင်း ထွန်းလို့ ရပါတယ်။ တရုပ်ပြည်တောင် တစ်နိုင်ငံလုံးမှာရှိတဲ့ လမ်းမီးတွေနေရာမှာ LED မီးသီးတွေကို ပြောင်းလဲမယ်လို့ ဟိုတလောက ကြားမိပါတယ်။ အတုယူစရာပါပဲ။

လျှပ်စစ်ပစ္စည်းတွေ အနေနဲ့ကတော့ နောက်ထွက်တဲ့ ပစ္စည်းတွေက အရင်ကဟာတွေနဲ့စာရင် လျှပ်စစ်အား သုံးစွဲမှု တော်တော် သက်သာလာပါတယ်။ ထုတ်လုပ်သူတွေကလည်း ဒါကို ထည့်စဉ်းစား လာကြတာကိုး။ အရင်က တီဗွီကြီးတွေ၊ CRT မော်နီတာကြီးတွေနဲ့ စာလိုက်ရင် အခု LCD တီဗွီတွေ၊ မော်နီတာတွေက လျှပ်စစ်အစား သက်သာတာ တွေ့ရတယ်။ ဒါကြောင့် လျှပ်စစ်ဓါတ်အား ချွေတာရေးအတွက် နောက်ဆုံးပေါ် တွေကိုသာ သုံးပါလို့ အကြံပြုပါရစေ။ လိုအပ်တဲ့ ငွေအတွက်ကတော့ မပူပါနဲ့၊ မန္တလေးဂေဇက်မှာ တစ်နေ့ စာအပုဒ် တစ်ရာလောက် မှန်မှန်လေး ရေးသွားရင် ဖြစ်နိုင်ပါတယ်။

ဟောင်ကောင်၊ တိုကျို၊ ပဲရစ်၊ ဘန်ကောက်၊ နယူးယောက်၊ မော်စကို စတဲ့ နိုင်ငံခြားက မိတ်ဆွေများရဲ့ အတွေ့အကြုံတွေနဲ့ ဝိုင်းဝန်း အကြံပေး ဆွေးနွေးကြဖို့ တောင်းဆိုချင်ပါတယ် ခင်ဗျား။ ။

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။