ကချင်-မြန်မာ ချစ်ကြည်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲဝင်မိန့်ခွန်း ကျောက်တိုင်

မြင့်မားသော တောင်တန်းကြီးများကိုကျော်လွန်လာပြီး လမောင်ဆိုသည့်ရွာလေးကို သူငယ်ချင်းတစ်စုရောက်ခဲ့ကြသည်။ တောင်ကုန်းမို့မို့ပေါ်မှာတော့ ဘုရားတစ်ဆူကို ပြီးလုပြီးခင် အနေအထားနှင့်တွေ့မြင်ကြရသည်။ သည်လို တောခေါင်ခေါင်နေရာမှာ ထူးခြားမှုကို အထူးတလည်ရှာနေစရာမရှိလောက်ဘူးဟု ထင်မြင်မိသည်မှာ ကျနော့်ရဲ့ မဟာအမှားပေါ့။ လမောင်ရွာ လေးကတော့ သူ့ဆီကို လာလည်သည့် လူတစ်စုကို အသိအမှတ်မပြုတာလား တော့မသိ။ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်သက်လို့နေသည်။ လေအေးတဖြူးဖြူးနှင့်မို့ ပတ်ဝန်းကျင်၏ အလှတွေကို ရှုစားလို့ကောင်းသည်ကတော့ အမှန်ပင်။ သူငယ်ချင်းတစ်ယောက်ကပြောလာသည်။

မင်းတို့ကို ဒီခေါ်လာတာကတော့ ငါထူးထူးဆန်းဆန်းပြစရာရှိလို့ ခေါ်လာတာ ဘာကိုပြမယ်လို့ မင်းတို့ထင်လဲ

သိဘူးလေ ဗြူးကောင်းလို့ခေါ်လာတာမဟုတ်လား ကောင်းသားပဲကွ မျက်စိပသာဒဖြစ်တယ်

အာအဲဒါကိုပြောတာမဟုတ်ဘူး ဘာကို ထူးထူးဆန်းဆန်းပြမလဲလို့ထင်လဲလို့မေးတာ

ဘာကိုမှကြိုမပြောတာ ဘယ်သိမလဲ

ဒီင်္မယ် ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စု လမောင်ရွာမှာ ထူးခြားတာရှိလို့ ခေါ်လာတာ ဟုပြောလာတော့ အနည်းငယ်တော့ စိတ်ဝင်စားမိတာအမှန်ပင်။ ကြည့်လိုက်လေ အိမ်ခြေ အနည်းငယ်လောက်တာ ရှိသည့် သည်လိုရွာမှာ ထူးခြားတာ ဘာများရှိလိမ့်မည်လဲဟု တွေးတောနေမိပြန်သည်။

ဘာများလဲကွ မင်းဟာက

ဒီလိုကွ ဒီ လမောင်ရွာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ချစ်ကြည်ရေး မိန့်ခွန်းနဲ့ လွတ်လပ်ရေးတိုက်ပွဲဝင်မိန့်ခွန်းပြောကြားခဲ့တဲံ့ အမှတ်တရ ကျောက်တုိုင် တစ်ခုရှိတယ်ကွ

ဟေ တကယ်လား

ဟုတ်တာပေါ့ ကချင်-မြန်မာ ချစ်ကြည်ရေး နှင့် လွတ်လပ်ရေးတိုက်ပွဲဝင် မိန်းခွန်းပြောကြားခဲ့တာ

ဟုတ်လား ငါတို့ကို ခုလိုက်ပြလေ

လိုက်ခဲ့

သူငယ်ချင်းကခေါ်တော့ ကျနော်တို့ အားလုံး တစ်စု  အပြေးသော့လှမ်း၍လိုက်ခဲ့ကြသည်။ လမောင်ရွာတန်းလေး၏ အိမ်တန်းရှည်များအဆုံးတွင် ကျောက်တိုင် ကလေးကို ဘွားခနဲတွေ့လိုက်ရတော့ ဝမ်းသာစိတ်နှင့် ဝမ်းနည်းစိတ် တစ်ပြိုင်တည်းဖြစ်ပေါ်မိပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်းသာစိတ်ကတော့ ဒီကျောက်တိုင်ကလေးကို နဖူးတွေ့ ဒူးတွေ့တွေ့လိုက်ရ၍ပင်။ ဝမ်းနည်းစိတ်ကတော့ လူမသိ သူမသိ ချုံနွယ်များအကြားမှာ တိမ်တိမ်မြုပ်မြုပ်တွေ့လိုက်ရ၍ပင်ဖြစ်သည်။

ကျောက်တိုင်ကလေးမှာ ထုံးဖြူရောင်ပင် ပြယ်လွင့်နေပြီး ဝါကျင်ကျင်အရောင်ပင်ပေါက်နေကာ အမြင်မှာမလှတော့။ သူပြောနိုင်သည်ကတော့ တစ်ချိန်က ဗိုလ်ချုပ်အောင်ဆန်းသည် ဤနေရာ ဤရွာတွင် လာရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်ကိုပင်ဖြစ်သည်။ သည်လို ဝေးလံခေါင်တည်သော အရပ်တွင် ဒီကျောက်တိုင်လေးရှိသည်ကို လူတိုင်းမှ သိပါလေစဟု စဉ်းစားမိရပြန်သည်။

ကျောက်တိုင် မျက်နှာပြင်တွင် အောက်ပါအတိုင်း ကဗ္ဗည်းစာသားရေးထွင်းထားသည်ကို မူရင်း သတ်ပုံအတိုင်းဖော်ပြလိုက်ပါသည်။

၁၉၄၆ ခုနှစ်

လမောင်ရွာ ဤနေရာတွင်

ဗိုလ်ချုပ်အောင်ဆန်းသည် ကချင်-မြန်မာ ချစ်ကြည်ရေးနှင့်

လွတ်လပ်ရေးတိုက်ပွဲဝင် မိန့်ခွန်း ပြောကြားခဲ့သည်။

အထက်ပါအတိုင်း ရေးထွင်းထားသည်ကိုတွေ့ရသည်။

 ကျောက်တိုင်ခြေရင်း၌ရေးထွင်းထားသော စာကိုမူ ထင်ထင်ရှားရှား မတွေ့ရတော့ပေ။ ကျောက်တိုင်ဘေး ပတ်ဝန်းကျင်တွင် ချုံနွယ် များနှင့် ပုန်းပုန်းကွယ်ကွယ် ရှိနေသည်ကိုတော့ စိတ်မကောင်းခြင်း ကြီးစွာဖြစ်မိသည်။  ဤကျောက်တိုင်လေးရှိနေသည်ကိုတော့ သိသူလည်းရှိမည်။ မသိသူလည်းရှိမည်။ မည်သို့ပင်ဆိုစေ ဗိုလ်ချုပ်အောင်ဆန်း၏ အမှတ်တရကျောက်တိုင်လေး တစ်ခု ဤရွာလေးတွင် တိတ်တိတ်ဆိတ်ဆိတ် ရှိနေသည်ကို သိစေချင်စိတ်ဖြစ်ရေးသားတင်ပြလိုက်ရခြင်းဖြစ်ပါသည်။

4 comments

  • weiwei

    November 29, 2010 at 6:55 pm

    ပုံနဲ့တကွမြင်ရလို့ ကျေးဇူးတင်ပါတယ် … ကချင်ပြည်နယ်က ရောက်ဖို့မလွယ်ဘူးနော် … ဖားကန့်မြို့ရဲ့ထူးခြားတဲ့ ဓလေ့နဲ့ ရှုခင်းတွေလဲ ဝေမျှပါအုန်း …

  • kai

    November 29, 2010 at 9:38 pm

    ဒီပုံနဲ့စာကို သော်ဇင်-လွိုင်ကော်ကမိတ်ဆက်ရေးပြတယ်ဆိုတော့..
    ကချင်-မြန်မာ-ကယား ချစ်ကြည်မှုအဖြစ် အသိအမှတ်ပြုလိုက်ပါတယ်ခင်ဗျား..။

    ကျေးဇူးနော..။

  • ဟုတ်ပါတယ်။အဲဒီတောင်ခြေမှာ ဆိုင်းဂျာဘွန် ဆိုတဲ ့ရွာလေးတောင် ရှိသေးတယ်။ ၁၉၄၆ ဆိုအဲ နေ ရာတွေကို ကားရောက် ဖို ့မပြောနဲ ့ ခြေကျင် နဲ ့ လမ်းတောင် မနည်း သွားရ မှာ။ ဗိုလ်ချုပ်ကိုတောင် ပို ပြီးလေးစား သွားတယ်။ကျွန်တော်တောင် ၂၀၀ရ တုန်းက အဲဒီ ကိုရောက် ဖူးတယ်။

  • Thaw Zin Loikaw

    November 30, 2010 at 4:48 am

    ဟုတ်ကဲ့ပါ ကျနော် ဖားကန့်မြို့က ထူးခြားတဲ့ အကြောင်းအရာလေးတွေ ကို Postတင်စရာရှိပါသေးတယ် အားပေးပါဦး

Leave a Reply