အပူချိန် တိုးလာသည်နှင့် အမျှ လေဆင်နှာမောင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေပြင်း တိုက်ခတ်ခြင်းတို့ကို သတိပြုရန် လို

BayoteApril 7, 20101min772

မိုးကြိုကာလဖြစ်သော ဧပြီလတွင် နေ့အပူချိန်များ ထပ်မံတိုးမြင့်လာဖွယ်ရှိပြီး၊ အပူချိန်တိုးမြင့်လာသည်နှင့်အမျှ လေပြင်းတိုက်ခတ်မှု၊ မိုးကြိုး ပစ်မှု နှင့် လေဆင်နှာမောင်းအန္တရာယ်ကို လူအများသတိပြုရန်လိုကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကပြောသည်။ ကုန်ခဲ့သော မတ်လမှာ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းများနှင့် ချင်း၊ ကချင်၊ ရှမ်းစသော ဒေသအများစုတွင် ပုံမှန်မတ်လ၏ ပျမ်းမျှ အပူချိန်များ ထက်ပိုများခဲ့ ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်များအရ သိရသည်။ ဧပြီလတွင်လည်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ကယားနှင့် ကရင်ဒေသတို့တွင် ပျမ်းမျှအပူချိန်ထက် ပိုမိုမြင့်တက်လာမည်ဟု မိုးဇလက ဧပြီလတစ်လလုံးအတွက် ထုတ်ပြန်သော မိုးလေ ဝသ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ မိုးကြိုကာလဖြစ်သော ဧပြီလတွင် အပူချိန်များပါ မြင့်တက်လာပါက မိုးတိမ်တောင်များ ဖြစ်ပွားနိုင်ပြီး၊ မိုးတိမ်တောင်မှတစ်ဆင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းစသော မိုးတိမ်တောင် ရာသီဥတုများ ဖြစ်ပေါ် နိုင်၍ သတိပြုရန်လိုကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လေဆင် နှာမောင်း တိုက်ခတ်ခြင်း များကို အထူးသဖြင့်အပူချိန်များစွာ မြင့်မားသောနေ့တို့၏ ညနေ ၃ နာရီခွဲမှ ရ နာရီအတွင်းဖြစ်ပေါ်တတ်၍ လူများသတိပြုသင့်ကြောင်း ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိနေသော ဦးထွန်းလွင်က ဧပြီ ၃ ရက်က အွန်လိုင်းမှတစ်ဆင့်ဖြေကြားသည်။ အပူချိန်များ မြင့်မားခဲ့သော မတ်လ ၃ဝ ရက်ကလည်း  မကွေးတိုင်းရှိ စလင်းမြို့နယ်၊ ခြောက်မြို့နယ်၊ တောင်တွင်းကြီး မြို့နယ်၊ မကွေး၊ ရေနံချောင်း၊ ပခုက္ကူ၊ မင်းဘူးစ သော ဒေသများတွင် လေပြင်းတိုက်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဧပြီလ ၂ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ မိုးဇလ၏ ဧပြီ တစ်လလုံးအတွက် ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး၊ အဆိုပါ လေဖိ အားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိ နိုင်ကြောင်းပါရှိသည်။ ရန်ကုန်အပါအဝင်ဒေသအများစုတွင် နေ့အပူချိန် တိုးလာခြင်းများကို နွေရာသီတွင် ကြုံတွေ့ရမည်ဖြစ်ပြီး၊ လာမည့်မိုးရာသီတွင်လည်း မုတ်သုန်ဝင်ရောက်မှုမှာ နောက်ကျနိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ခန့်မှန်းပြောကြားသည်။ သို့သော် ၂၀၁ဝ တွင် အယ်လ်နီညို ဖြစ်နိုင်၊ မဖြစ်နိုင်ခန့်မှန်းရန်မှာ စောနေသေးကြောင်း ၂၀၁ဝခုနှစ် ဧပြီလ ၈ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။

2 comments

  • susunosuki

    April 17, 2010 at 3:51 pm

    ရာသီဥတုတွေကလည်း ပျက်စီးချင်တိုင်းပျက်စီးနေတော့တာပဲ
    ရှေးကလူတွေ ဆင်ဆင်ခြင်ခြင် မနေခဲ့လို့ ပေါ့ဗျ
    ခုလိုဖောက်လွဲဖောက်ပြန်ဖြစ်တာ

  • NewAges

    May 4, 2010 at 10:12 pm

    ဖလော်ရီဒါမှာလည်း ပင်လယ်ကြည့်ပြီး ကြောက်နေရတယ်။ သတင်းထဲများ ဆီတွေဖိတ်ပြီးဒီဖက်လာနေကြတယ်ပြောတယ်။
    အခုခေတ်လူတွေ စောက်ရမ်းကို မဆင်မခြင်လုပ်လို့ ရေနံတူးစင်ပေါက်ထွက်တယ်တဲ့။ ဒီခေတ်လူတွေလောဘတွေမောဟတွေဒေါသတွေအရမ်းကြီးလာတာပဲ
    ရာသီဥတုတောင် မခံနိုင်တေ့ာဘူး

Leave a Reply