အမေရိကန်ဒေါ်လာဈေး ကျဆင်းနေသည့် အတွက် သွင်းကုန်တင်သွင်းမှု အားကောင်းနေပြီး ပြည်ပပို့ကုန် အားနည်းနေသောကြောင့် ကွန်တိန်နာတစ်လုံးချင်းစီ၏ သင်္ဘောခနှုန်းထားများမှာ အသွားခရီးစဉ်နှင့် အပြန်ခရီးစဉ်ပေါ်မူတည်၍ သိသာစွာကျနေ

minhtettharNovember 30, 20101min540

”အခုတလော အမေရိကန် ဒေါ်လာဈေးက ကျနေတော့ သွင်းကုန်တင်သွင်းတဲ့ သူတွေက တော်တော်များများ တင်သွင်းလာကြတယ်။ ဒေါ်လာဈေးကျတော့ တင်သွင်းရတာ တန်တယ်လေ။ ဒါပေမယ့် ပို့ကုန်သမားတွေကျတော့ ငွေပြန်ဖော်ရတာ မလွယ်တော့ သိပ်မပို့နိုင်ကြဘူး။ အခု အခြေအနေအရတော့ trade imbalance ဖြစ်စေတယ်”ဟု ကုန်တင်သင်္ဘော ဝန်ဆောင်မှု လုပ်ငန်းရှင် တစ်ဦးက ပြောပြခဲ့သည်။

ထို့ပြင် ဒေါ်လာဈေး အတက်အကျ၊ အပြောင်းအလဲ ဖြစ်ပေါ်နေမှုများကြောင့် ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်များ အနေဖြင့် လိုင်စင်လျှောက်ထားရာတွင် ငွေကြေးအမျိုးအစား ပြောင်းလဲလျှောက်ထားမှုများလည်း ရှိနေကြာင်း၊ လုပ်ငန်းရှင်များ ကိုယ် တိုင် လုပ်ရကိုင်ရ ခက်ခဲသော အခြေအနေများလည်း ရှိနေကြောင်း သိရှိရသည်။

အလားတူပင် ယင်းကဲ့သို့ အမေရိကန်ဒေါ်လာဈေး ကျဆင်းနေမှုကြောင့် သင်္ဘောခ နှုန်းထားများလည်း လိုက်ပါပြောင်းလဲနေပြီး ခရီးစဉ်တစ်ခုတည်း ဖြစ်သည့်တိုင် အသွားဈေးနှုန်းနှင့် အပြန်ဈေးနှုန်း သိသာစွာ ကွဲပြားနေကြောင်းလည်း သိရှိရသည်။

”အခုဆိုရင် သင်္ဘောခတွေက အသွားတစ်ဈေး၊ အပြန်တစ်ဈေး ဖြစ်နေတယ်။ စင်ကာပူကနေ ရန်ကုန်ကိုလာရင် ပေ ၂ဝ ကွန်တင်နာ တစ်လုံးအတွက် သင်္ဘောခက အမေရိကန် ဒေါ်လာ ၈၀ဝ ရှိတယ်။ ဒါပေမယ့် ရန်ကုန်ကနေ စင်ကာပူကို သယ်သွား ရင် သင်္ဘောခက အမေရိကန်ဒေါ်လာ ၅ဝ လောက်နဲ့ ရတယ်ဆိုတော့ အရမ်းကွာနေတယ်။ ကုန်ခဲ့တဲ့ နှစ်နှစ်လောက်နဲ့တွက်ရင် ပြောင်းပြန်ပဲ။ အဲဒီတုန်းက ရန်ကုန်ကနေ စင်ကာပူကိုသွားရင် အမေရိကန်ဒေါ်လာ ၁၀၀ဝ ဝန်းကျင်လောက် ပေးခဲ့ရတယ်”ဟု shipping service တစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောပြခဲ့သည်။

”လက်ရှိဖြစ်နေတဲ့ အကျိုးဆက်တွေကတော့ အမေရိကန်ဒေါ်လာဈေး ကျဆင်းနေတာနဲ့အမျှ ဖြစ်နေမယ့် အနေအထားပါ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

ယင်းကဲ့သို့ သွင်းကုန်များ ဈေးနှုန်းလျော့ကျနေသော်လည်း ပြည်တွင်း ဈေးကွက်တွင်မူ ဈေးနှုန်းလျော့ကျမှု မရှိကြောင်းလည်း သိရှိရသည်။

ထို့အတူ ရန်ကုန်မြို့မှ ကုန်ပစ္စည်း အများဆုံး တင်ပို့နေသော ဆိပ်ကမ်းမြို့များသို့ တင်ပို့ရာတွင် ကုန်သေတ္တာငှားရမ်းခများမှာ ကုန်ပစ္စည်း အဝင်အထွက်ပေါ် မူတည်၍ ပြောင်းလဲမှုရှိနေပြီး လတ်တလောတွင် ကုန်သေတ္တာ ငှားရမ်းခများလည်း ကျဆင်းနေကြောင်း သိရသည်။

ယင်းကဲ့သို့ ကုန်သေတ္တာဈေးနှုန်းများ အပြောင်းအလဲ ဖြစ်မှုမှာ ကုန်သေတ္တာ ဝင်ရောက်မှု၊ တင်ပို့သည့် ကုန်ပစ္စည်း အနည်းအများနှင့် သင်္ဘောလိုင်း အဝင်အထွက်ပေါ် မူတည်၍ ပြောင်းလဲတတ်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ဒေါ်လာပေါက်ဈေးများမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၈၉၈ ကျပ်မှ ၉၀၃ ကျပ်ကြား၊ အက်ဖ်အီးစီ တစ်ယူနစ်လျင် ကျပ် ၈၂ဝ မှ ကျပ် ၈၃၀၊ ပြည်ပပို့ကုန်မှရငွေ (earning) တစ်ဒေါ်လာလျှင် ၉၁၁ ကျပ်မှ ၉၁၃ ကျပ်ကြား ရှိကြောင်း သိရသည်။