ဆောင်းနှင့်မတူ ကွဲပြားခြားနားသော ဘဝများ

ဖားကန့်မြို့၏ ပင်လယ်ရေပြင်မျက်နှာပြင်အထက် အမြင့်ပေက (၁၀၀၇)ပေ ဟု သိရသည်။ ပင်လယ်ရေမျက်နှာပြင်အထက် (၄၀၀၀)ပေများဖြစ်နေရင် ဘယ်လောက်အေးမည်လဲ မသိပေ။ ခုတောင်လေတဖြူးဖြူးနှင့် အအေးဒဏ်ကိုစတင် ခံစားနေကြရပြီ။ တကယ်တမ်း ကျနော်ထင်သည်က ဖားကန့်မြို့၏ ပင်လယ်ရေပြင်မျက်နှာပြင် အမြင့်ဟာ(၃၀၀၀)ကျော်ရှိရမည်ပေါ့။ ခုတော့ အထင်နှင့်အမြင် အလွဲလွဲအမှားမှားဖြစ်လို့နေသည်။ ကျနော် ဖားကန့်ကိုစရောက်တုန်းက ဆောင်းရာသီကို တွေ့ကြုံရပုံကလည်း တော်တော်ဆိုးတာကို။ ကျနော်နေသည့်မြို့မှာက အလွန်ဆုံးအေးရင် မနက် ကိုးနာရီလောက်ဆိုလျှင် အချမ်းစပြယ်ပြီ။ ဖားကန့်က မနက် ၁၁နာရီထိုးလို့နေမမြင်ရသေးပေ။ နေ့လည် (၁)နာရီလောက်မှ နေလုံးနီနီကို စတင်မြင်ရသည်။ အဲဒီအချိန်မှ ရေကို အပြေးအလွှားချိုး၊ အဝတ်ကို ပြေးပြေးလွှားလွှားလျှော်ခဲ့ရသည်။ ညနေ (၃)နာရီနောက်ပိုင်းကျတော့ နေလုံးက ပြန်လည်၍ ပျောက်ကွယ်သွားသည်။ ကမ္ဘာကြီးပူနွေးလာသည်နှင့်အမျှ ရာသီဥတုတွေလည်း ပြောင်းလည်းလာလိုက်သည်မှာ ခုနောက်ပိုင်း ဆောင်းရာသီက ဖားကန့်မှာ သိပ်ပြီး မထူးတော့ သလိုလို။

ဆောင်းရာသီကို အံတုရန်တော့ မရဲသေး။ အချမ်းဒဏ်ကို မခံစားနိုင်သေး။ ဝမ်းစာရေးမအတွက် နေပူမရှောင် ၊ မိုးရွာမရှောင်၊ နှင်းရိုက်မရှောင် ရှာဖွေစားသောက်နေကြရသည့် အခြေခံလူတန်းစားတွေကိုမြင်ရတော့ ကိုယ့်ကိုကိုယ် ချမ်းတတ်ရန်ကောဟု အားနာတွေး တွေးမိသေးသည်။ ကျနော်တို့ အိပ်ယာထဲ၌ နွေးနွေးထွေးထွေး  နဖူးနှင့် ဒူး ထိအောင်ကွေးနေကြချိန်မှာ ရေမဆေး ကျောက်ရှာသမားတွေက ချမ်းချမ်းစီးစီး ကျောက်ခေါက်ကောင်းနေကြသည်။ သူတို့တွေ မချမ်းတတ်လို့မဟုတ်။ သမုဒ္ဒရာ ဝမ်းတစ်ထွာဆိုသည့်အတိုင်း ဝမ်းစာရေးအတွက် ဖြေရှင်းနိုင်ရန်အတွက် မြေမှုန့် ကျောက်မှုန့်တွေကြား လုံးပမ်းပြေးလွှားနေကြသည်။

ကျနော်တို့ မနက်ကို (၇)နာရီလောက်မှာ ထချိန်မှာ သူတို့တွေက ကျောက်ရှာကောင်းနေကြပြီ။ ချမ်းလို့ ဘောင်းဘီရှည်မဝတ်အား၊ အနွေးထည်မဝတ်အားတော့။ ချွေးတို့ဖြင့် နွေးနေနှင့်ပြီ။ ခန္ဓာကိုယ်လှုပ်ရှားမှုဖြင့် နွေးနေနှင့်ပြီ။ တစ်နေ့ကျောက်ရှာမှ၊ တစ်နေ့ ထမင်းစားရမည်ကို သူတို့ ကောင်းကောင်းသိသည်။ ကျောက်စိမ်းထွက်ရှိရာ မှော်အနီးက ရွာလေးတွေမှာ အိမ်ပုပုသေးသေး၊ အိမ်ခန်း ကျဉ်းကျဉ်းကျပ်ကျပ် တွေကို ရေမဆေးတွေ၊ ရေမဆေး တွေရဲ့ အိမ်သူသက်ထား ဇနီးမယားတွေ၊ ကလေး ပုစုခရုတွေနှင့် အတူ တွေ့ကြရမည်။ တစ်ချို့က ကံဆွတ်ပြီး ကျောက်အောင်တော့ နေ့ချင်းညချင်း သူဌေးတွေဖြစ်သွားသည်။ တစ်ချို့ ကျောက်တော့ ရပါသည်။ ကျောက်အကြောင်းကောင်းကောင်းနားမလည်တော့ မလိမ့်တပတ်ရိုက်တာကိုခံကြရပြီ ဒုံရင်းဒုံရင်း။

မျှော်လင့်ချက်ကိုယ်စီဖြင့် သူဌေးဖြစ်အောင်ကြိုးစားကြသူခြင်းအတူတူ လည်သူစား အ,သူခံ စနစ်ကိုများ လက်ခံယုံကြည်နေကြသည်လား မသိပေ။ ကျနော်တို့ကတော့ ကုမ္ပဏီမှာ အေးအေးဆေးဆေး အချိန်တန် လကုန်လျှင် လခကိုရပေမယ့် သူတို့တွေကတော့ ရတစ်ရက် မရတစ်ရက်နှင့် လုံးချာလည်ရိုက်နေကြသည်။ ကုမ္ပဏီမှာ အဆင်မပြေဟုဆိုကာ ထွက်သွားကြသူများကလည်း အဆင်ပြေသူရှိသလို အဆင်မပြေသူလည်း ဒုနှင့်ဒေးပင်။ ကုမ္ပဏီမှာ ကျောက်ရှာပညာကို သင်ပြီး အပြင်မှာလုပ်စားလို့ ရလောက်ပြီဟု ထင်မြင်က သူဌေးဖြစ်ရေးဝါဒ ချမှတ်ပြီး ကုမ္ပဏီကိုကျောခိုင်းထွက်ခွာသွားကြသူတွေလည်း မရေတွက်နိုင်တော့။ တလောက ကျနော်တို့ ကုမ္ပဏီက ထွက်သွားကြသူတွေ အပြင်က ရေမဆေးလောကကို ကောင်းကောင်းမသိပဲ လူတတ်လုပ်၊ လူစွာလုပ်ပြီး နေကြသည်။ ခုတော့ ကုမ္ပဏီကို အကုန်လုံးပြန်ရောက်လာကြသည်။ ဘာကြောင့်လဲ?။

ကုမ္ပဏီတုန်းကလို့ ထမင်းနပ်မှန်အောင်မစားရခြင်း၊ ကျောက်မရှာလျှင် တစ်ရက်စရိတ် မည်မျှကုန်သည်ကို မျက်မြင်ဒိဌတွေ့မြင်ရခြင်း၊ ကျန်းမာရေးမကောင်းလျှင် ကုမ္ပဏီမှာလို အရံသင့်မရှိသည့်အပြင် ငွေကုန်ကြေးကျများခြင်း၊ အိမ်သို့ ငွေပုံမှန်မပို့နိုင်သည့်အပြင် ပြန်ရန်စရိတ် မသေချာခြင်းတို့ကြောင့် ဖြစ်သည်ဟု အကြမ်းဖျင်းဆိုရမည်။ ထိုသို့ဆိုလျှင် ကုမ္ပဏီတွေကို ကောင်းကြောင်းပြောနေသည်ဟု ထင်မြင်မိပြီး ဘက်လိုက်သည်ဟု ပြောကြဦးမည်။ ကုမ္ပဏီတိုင်းကောင်းသည်ဟု မဆိုလိုပါ။ စုန်းပြူးကုမ္ပဏီတွေအများကြီးရှိပါသည်။ တစ်ချို့က လစာကို မည်၍ မည်မျှပေးမည် လိုက်ခဲ့ပါဟု ဆိုပြီ တကယ့် လုပ်ငန်းခွင်ဝင်သည့်အခါ အပြောနှင့်အလုပ်မညီသည့် ကုမ္ပဏီတွေလည်းရှိသည်။ ဆိုလိုသည်ကတော့ အပြင်လောက အကြောင်းကောင်းကောင်းမသိပါပဲနှင့် အရဲစွန့်မထွက်သင့်တာကိုပြောလိုတာပါ။

ဝမ်းစာရေးအတွက် ငွေရှာကြတာချင်းတူပါလျှက်နှင့် ဘဝတွေခြားနားသည်ကို သိစေချင်သည်။ ဆောင်းဥတုလို မအေးချမ်းသော ဘဝတွေ များစွာရှိနေသည်။ လူမျိုးပေါင်းစုံ စုံလင်စွာတွေ့နေရသည့် သည်မှော်ဒေသမှာ ဘဝဇာတ်လမ်းပေါင်းများစွာရှင်သန် စီးမျောလျှက်ရှိနေသည်။ ဖားကန့်ကိုတက်လာကြသည့် လူပေါင်းများစွာ၏ အဓိက ရည်ရွယ်ချက်ကဘာလဲ?ဟု မေးကြမည်ဆိုလျှင်…ရည်ရွယ်ချက်ပေါင်းများစွာ၊ ပန်းတိုင်ပေါင်းများစွာကတော့ ကျနော်တို့ သိနိုင်လိမ့်မည်မဟုတ်။ သေချာသည်ကတော့ လူတန်းစေ့နေနိုင်အောင်လည်းပါမည်။ ကြီးပွားတိုးတက်စေချင်လို့လည်းပါမည်။ သူဌေးဖြစ်ရေး ရည်ရွယ်ချက်ကြီးလည်းပါမည်။ ဘဝပေါင်းများစွာ စီးမျောနေသည့် မှော်ဒေသမှာ ပျက်စီးသွားသော ဘဝများ၊ ကိုယ်ကျင့်တရားများ၊ အဖတ်ဆယ်၍မရနိုင်တော့သော စာရိတ္တများ မည်မျှပင်ရှိနေမည်နည်းဟု တွေးမိရပြန်သေးသည်။

ပညာတတ်တွေ၊ အခြေခံလူတန်းစားတွေ၊ ရောသမမွေထားသော မှော်ဒေသမှာ ဆောင်းဆောင်း၊ နွေနွေ၊ မိုးမိုး သုံးရာသီ မျှတသော အခွင့်အရေးတွေမရသေး။ အပေါ်စီးကနေကြည့်သူတွေက လူတန်းစားစုံစုံတို့၏ ပုန်းကွယ်နေသော ဘဝတွေကို မမြင်နိုင်။ စေ့စေ့ စပ်စပ် ကြည့်ပါမှ ရင့်နင့်စရာ  ဇာတ်လမ်းများကိုမြင်ရသည်။

တစ်ခါတုန်းက ကောက်ရိုးလောပန်တစ်ဦး၏ မိသားစုအကြောင်းကို ပြန်လည်၍ပြောပြချင်သည်။ အိမ်ထောင်ဦးစီးဖြစ်သူ ဖခင် ကောက်ရိုးလောပန်ကွယ်လွန်သွားသော အခါ ကျန်ရစ်သူ ဇနီးနှင့်သား,သမီးတို့၏  ဖြစ်ပျက်သွားသော  ဘဝ အကြောင်းတရားတွေက ရင်နင့်စရာ။ မကောင်းတာမှန်သမျှ အကုန်ရနိုင်သော မှော်ဒေသမှာ သားဖြစ်သူက အပေါင်းအသင်းကြောင့် နံပါတ်ဖိုးစွဲသွားသည်။ အလုပ်အကိုင်ကမရှိ။ နေ့နေ့ညည သောက်စားပျော်ပါးရာက နံပါတ်ဖိုးစွဲရသည်။ နေ့စဉ်နှင့် အမျှ အိမ်၌ သားဖြစ်သူ၏ မူမမှန်မှုတွေကိုထိန်းရင်း မိခင်ဖြစ်သူမှာ စိတ်အပန်းဖြေရာမှ နံပါတ်ဖိုးကို သားနှင့် အပြိုင် သုံးစွဲမိသွားသည်။ စီးပွားရေးက အဆင်မပြေ။ အိမ်ထောင်ဦးစီးဖြစ်သူက ကွယ်လွန်။ မလုပ်တတ်မကိုင်တတ်နှင့်မို့ စီးပွားရေးလျှော့ပါးနေချိန်မှာ အမေဖြစ်သူနှင့် အစ်ကိုဖြစ်သူတို့၏ နံပါတ်ဖိုးဖိုး ကို ညီမဖြစ်သူက ရှာဖွေပေးခဲ့ရလေသည်။ ကျောင်းသူအရွယ် ညီမဖြစ်သူက ရှာဖွေကျွေးမွေးနိုင်ရန်အတွက် ငွေကြေးလွယ်လွယ်ကူကူရနိုင်သည်က ခန္ဓာဖြင့် အသက်မွေးပါမှ အဆင်ပြေမည့်ဘဝ။ မည်မျှလောက် ရင်နာစရာကောင်းသည်လဲဆိုလျှင် မိမိနေအိမ်၌ပင် မိခင်နှင့် အစ်ကိုဖြစ်သူ၏ နေ့စဉ် နံပါတ်ဖိုး ကို ပြည့်တန်ဆာ အလုပ်ဖြင့် အစ်ကိုရှေ့ မိခင်ရှေ့တွင်ပင် ရှာဖွေကျွေးမွေးရသည် အထိ။ ဒါတွေက တကယ့်လက်တွေ့ဘဝတွေပါ။(တကယ်လက်တွေ့ဘဝလေးပါ)။

သည့်ထက် ရင်နင့်စရာကောင်းသော ဇာတ်လမ်းပေါင်းများစွာလည်း ရှိနေခဲ့ဦးမည်မှာ သေချာပါသည်။ မိန်းကလေးပေါင်းများစွာ၏ ဘဝ။နှင်းစက်တွေလို မလန်းဆန်းတော့ ၊ မအေးမျှတော့။ ခု ဆောင်းရာသီအစဆိုလျှင် မှော်ဒေသမှာ ရာသီချိန်ဟု သတ်မှတ်ရမည် ကာလ။ ဘဝတွေ စီးမျောဦးမည်။ ပင်ပန်းကြဦးမည်။ သည် ရာသီချိန်မှာ အားကုန်ကြိုးစားရှာဖွေပါမှ ပြည့်စုံသည်ဘဝကို ရဖို့မသေချာသေး။ ကံကောင်းလျှင် တစ်ချက်။ ကံဆိုးလျှင် အသက် ဟု ဆိုရမည် အတိုင်းပင်။ ဒုနှင့်ဒေး သေလိုက် ၊ ကျိုးလိုက်၊ ဒုက္ခိတဖြစ်လိုက်။ တလောကပင် အစုအလိုက် အပြုံလို်က် ဘဝတွေ စတေးလိုက်ရသည်။ လောဘကြောင့်ဟု အမည်တပ်ရမည်လော.။ ငွေမက်သည်ဟု ဆိုရမည်လော။ ဆိုရမည်ဆိုလျှင်တော့ ငွေမမက်သည့် မည်သူမျှမရှိဟုဆိုချင်သည် ( ထင်မြင်ချက်ပါ)။ အဘယ်ကြောင့်ဆိုသော် ရှင်သန်နေထိုင်ရာ ဘဝမှ ငွေသည် မရှိမဖြစ် ဟင်းလျှာသဖွယ်ဖြစ်နေသည်မဟုတ်လား။ ငွေရချင်လို့ အလုပ်လုပ်သည်။ ငွေရချင်လို့ ကျောက်ရှာသည်။ ရေမဆေးလုပ်သည်။ ငွေမရချင်မှာတော့ (ငွေမမက်မှတော့ ) အလုပ်လုပ်စရာကိုမလိုဟု ထင်မိသည်။ ငွေကြောင့် ဘဝတွေ ထွေခင်းလိုက်ရ။ ပျက်စီးလိုက်ရ။ ဘဝတွေ…ဘဝတွေ….။ ဆောင်းနှင်းစက်ကလေးလို့ အေးမျှလန်းဆန်းနေမည့် ဘဝများကို ရှာဖွေကြည့်မည်ဆိုလျှင် တွေ့ရောတွေ့နိုင်ပါမည်လားဟု တွေးမိပြန်ပါသည်။

အေးစက်စက် ဆောင်းလေနှင့်အတူ သူတို့ ကျောက်ရှာထွက်ကြပြီ။ အေးစက်စက်ဆောင်းလေနှင့်အတူ ရမ္မက်ခိုးတွေဝေကြပြီ။ လေပြေအဝှေ့မှာ စီးကရက် မီးခိုးငွေ့အနံ့တွေ၊ ယမကာအနံ့တွေ၊ မွှေးမျှရှတသော ရေမွှေးအနံ့တွေ ညတွေထဲ၌ စီးမျောလိုက်ပါနေကြဆဲ။ မီးရောင်စုံများကြား၌ မိန်းမငယ်များ ရယ်ရယ်မောမော ဖျော်ဖြေလို့ ဂီတသံတွေ ရောယှက် လှပစပြုနေပြီ။ သူတို့၏ အမြင်မှာတော့(အတွေးထဲမှာတော့) ငွေစက္ကူရွက်များ အစီအရီ။

ယမကာဝိုင်းက အသံတွေကတော့ အားသိပ်မရှိ။ တောက် ခေါက်သံပြင်းပြင်းကို ကျယ်ကျယ်လောင်လောင်ကြားလိုက်ရသည်။ ခံပြင်းမှုဒေါသ အရှိန်တွေလား။ ရီဝေမူးအီနေသော မျက်နှာပြင်ထက်၌ စိုးရိမ်ပူပန်မှုတွေ၊ အလိုမကျမှုတွေများစွာ။ တစ်ချို့ဝိုင်းက ဟေးခနဲအော်လိုက်သောအခါ ငြိမ်ကုပ်နေသော တစ်ချို့ဝိုင်းတွေက အလိုမကျသလို မျက်နှာပေးတွေနှင့်လှမ်းကြည့်လိုက်ကြသည်။ ဆိုင်အပြင်ဖက်မှာတော့ ဆောင်းလေက ခပ်သော့သော့လေး ယှက်တိုက်သွားလိုက်သေး၏။ သည်ည ကုန်ဆုံးလျှင်ဖြင် နေ့သစ်တစ်ရက်တိုးလာလိုက်တိုင်း ဘဝမဆုံးသေးမချင်း လှုပ်ရှားရုန်းကန်ရင်းဖြင့် ဆောင်းနေခြည်အသစ်နှင့်အတူ ကျနော်တို့,နောက် ရေမဆေးကျောက်ရှာသမားတို့, ညပျော်ငှက်ကလေးတို့နောက် ထိုုထို ဘဝတွေ များစွာတို့သည် ဆောင်းဒဏ်၊နွေဒဏ်၊မိုးဒဏ်များကို အံတုလျှက်  ဘဝတက်လမ်းသို့ လျှောက်လှမ်းနေကြရဦးတော့မည်မဟုတ်ပါလား..။

သော်ဇင်(လွိုင်ကော်)

4 comments

  • kai

    December 1, 2010 at 12:27 am

    ဖတ်ပြီး ကိုယ်ပါသူတို့ဘဝတွေနဲ့ ..ရောမွန်းလာသလိုပဲဗျာ..။
    Blood Diamond (2006) ဆိုတဲ့ရုပ်ရှင်ကြည့်ဖူးလားမသိဘူး..။အဲဒီမှာတော့ လက်နက်ကိုင်တွေကြားထဲပါ ..ပြားဝပ်နေကြရတဲ့ ..ဘဝတွေပေါ့..။
    အဲဒီ ဖားကန့်မှာတော့ သေနတ်ဆရာတွေ မရှိလောက်ပါဘူးနော..။

  • maungmoenyo

    December 1, 2010 at 1:58 am

    ကိုခိုင်ေ၇..သေနတ်သမားတော့သိပ်မရှိဘူး။ သေနတ်ပုံးတွေကတော့ဆောင်ထားရတယ်လို့ကြားဘူးတယ်။ ညနေဘက်နေဝင်ရီအချိန်ရောက်ရင်..တဖွဲဖွဲရောက်လာတဲ့စစ်တပ်နဲ့ဌာနဆိုင်ရာလူကြီးမင်းများကို၊ ဗြုံးလို့ခေါ်တဲ့ရွှေ(သို့)ကျောက်ကြမ်းတွေများများထွက်တဲ့ကျင်းကနေအိတ်တလုံးဆီဆက်သကြရပါတယ်။ “လက်ဆောင်”လို့ခေါ်ကြပါတယ်။ အဲ့ဒါနဲ့အတူအရက်ကော..ဘာကော…ပေါ့..။ ဘာလဲလို့မမေးပါနဲ့။ အကုန်လုံးပါဘဲ။
    အခုမြို့နယ်အဆင့်တောင်သတ်မှတ်ထားပြီဆိုဘဲ။

  • ဆူး

    December 1, 2010 at 2:13 am

    ဖားကန့် အကြောင်း ဖတ်ရတာ လူတွေလည်း သနားစရာ ကောင်းလှပါတယ်။
    သူငယ်ချင်း တယောက်လည်း အဲဒီကို သွားဘူးတယ်။ သူပြောတာတော့ မှော်တဲမှာ နွံတွေ ဒူးလောက်ရှိပြီး အပေါ်က မိုးအုပ်နေတာနဲ့.. ခြင်ကလည်း အရမ်းကိုက်.. ပင်ပန်းမှုတွေ ခံနိုင်အောင် ဘိန်းစားပေးရတယ် ဆိုလား.. ဘိန်းစားမှ ရောဂါဖြစ်လာရင် ခံနိုင်ရည် ရှိတယ် ဆိုလား.. ငှက်ဖျားဖြစ်လို့ သေတဲ့ လူတွေ သေကုန်တာတွေ အဲဒါတွေလည်း ပြောတယ်။ သိပ်တော့ နားမလည်ဘူး.. အဲဒီ အကြောင်းလေးသိရင် ဆက်ရေးပါအုန်း.. စောင့်ဖတ်နေမယ်နော်။

  • Thaw Zin Loikaw

    December 1, 2010 at 5:15 am

    ဟုတ်ပါတယ် အဲဒါက မိုးတွင်းလောက်မှာမှ နွံတွေရှိတာပါ ပွင့်လင်းရာသီဆိုရင်တော့ လမ်းတွေပေါက်တဲ့အတွက် သွားရေးလာရေး အဆင်ပြေနေပါပြီ အဲဒီအကြောင်းကိုရေးဖို့ရှိပါတယ် ဘိန်းစားတွေကို ကပ်ပြီး မေးမြန်းပေါင်းသင်းနေတုန်းပါ အကြောင်းစုံသိရရင်တော့ မကြာမီလာမည် မျှော် လို့ ပြောရမှာပါပဲဗျာ။

Leave a Reply