ဒီနေ့ ကျနော့်ဆီကို အောက်မှာဖော်ပြထားတဲံ ခြိမ်းခြောက်စာလိုလို၊ ဗေဒင်ဟောသလိုလို စာမျိုးရောက်လာတယ်။

“မနက်ဖန်က အချစ်အတွက် နေ့ရက်လေးပါ အကယ်၍များဒီ စာကို လက်ခံရရှိတယ်ဆိုရင် သင့်မှာ သင့်ကို ချစ်တဲ့သူတယောက် ရှိနေလို့ဘဲ။ ၁၅ မိနစ် အတွင်းမှာ အယောက်၂ဝ ကို ကူးယူပြီး ပို့လိုက်ပါ။ သင့်ဘဝရဲ့ အကောင်းဆုံးနေ့ရက်က မနက်ဖန်ဖြစ်လာမှာပါ။ သင့်ကို ချစ်တဲ့သူရဲ့ ချစ်ခြင်းကိုလည်း ဆထက် တပိုးခံစားရမှာ ဖြစ်ပါတယ်။ သူဟာသင့်ကို ဘယ်သူနဲ့မှ မတူတဲ့ချစ်ခြင်း၊ မေတ္တာတွေကို ပေးဝေပါလိမ့်မယ်။ အကယ်၍များ မဝေဌဘူး၊ ဆက်လက် မပို့ဘူးဆိုရင်တော့ အမုန်းတွေ အများကြီး ရောက်လာလိမ့်မယ်။ ဒါကြောင့် ကူးယူပြီး ဝေဌလိုက်ပါ”

ရောက်လာတာ ၁ ခါလည်း မဟုတ်။ ၂ ခါလည်း မဟုတ်။ ၄ ခါလောက်ဖြစ်လာတော့ ကျနော် အမြင်ကပ်လာတယ်။ စိတ်ရှုပ်လာတယ်။ ပထမဆုံး စရောက်လာတာက ပြည်တွင်းက အစ်မလိုခင်နေတဲ့ သူတယောက်က ပို့ပေးတာပါ။ ဂျီတော့ခ်ထဲမှာပါပဲ။

ကျနော်ဖတ်ကြည့်လိုက်တယ်။

ဒီစာကို လက်ခံရရှိရင်ပဲ ချစ်သူတယောက် ရှိနေလို့ဆိုပဲ။ အဲဒီကတည်းက ကျနော် ဘဝင်မကျတော့ဘူး။
တကယ်လို့များ ဦးဇင်းတပါးဆီ ကျနော်ဆက်ဖြန့်လိုက်ရင် သူ့မှာရော ချစ်သူရှိသွားသတဲ့လား။ သူက မဖြန့်ဘဲနေရင် သူ့ချစ်သူက မုန်းသွားမတဲ့လား။ လုံးဝကို အဓိပ္ပါယ်မရှိတာပါ။

ကျနော့်မှာကတော့ ချစ်သူတင်မဟုတ်ဘူး ချစ်လို့ယူထားတဲ့ မိန်းမရှိတယ်။ စာဖတ်ကြည့်ပြီး ကျနော် ဆက်မဖြန့်ဘူး။ Delete လုပ်ပစ်လိုက်တယ်။ စာကတော့ ချစ်သူမုန်းမယ်ဆိုပဲ။ နောက်ထပ် ၁ နာရီလောက်ကြာလို့ နေ့လည် အိမ်ကို ထမင်းစားပြန်တော့ ကျနော့်ချစ်သူ မိန်းမက မမုန်းတဲ့အပြင် အာဘွားတောင် ပေးလိုက်သေးတယ်။ ကဲ မှတ်ကရော။

ကျနော်ပြောချင်တာက ဘယ်သူက၊ ဘာရည်ရွယ်ချက်နဲ့ ရေးပြီး လွှတ်လိုက်မှန်းမသိတဲ့ စာလေးတစောင်က ပြောတာကို အလွယ်တကူ ယုံကြည်ပြီး လိုက်လုပ်နေကြတာကို စဉ်းစားကြဖို့ ပြောချင်တာပါ။ ခြိမ်းခြောက်တိုင်းလည်း မကြောက်သင့်ပါဘူး။

လွယ်လွယ် မယုံပါနဲ့။ စဉ်းစားချင့်ချိန်ပြီးမှ ယုံပါ။ မဟုတ်တာ မမှန်တာ မလုပ်ရင် မကြောက်ပါနဲ့။ မဟုတ်တာ၊ မမှန်တာ လုပ်ရမှာကိုပဲ ကြောက်ပါ။ အဓိကက ဒါပါပဲ။

ကိုယ်နဲ့ ကိုယ့်ချစ်သူ အပြန်အလှန် သစ္စာရှိ၊ ကြင်နာ ယုယ၊ နားလည်မှု ရှိရင် အဆင်ပြေနေမှာပါ။ ချစ်သူကို ချစ်အောင်လုပ်ရင် ချစ်မှာပါပဲ။ မုန်းအောင်လုပ်ရင် မုန်းမှာပါပဲ။ ကိုယ့်လုပ်ရပ် အပေါ် မူတည်ပါတယ်။
(ချစ်အောင်နေသော်လည်း နောက်တယောက်ရှာသွားတဲ့ အသည်းကွဲဇာတ်လမ်းများကတော့ ချွင်းချက်ပေါ့)

ကျနော်သာ ဒီစာကိုရေးလွှတ်လိုက်တဲ့လူဆိုရင်

တော့ လူတွေဟိုပို့ ဒီပို့နဲ့ အင်တာနက်ပေါ်ပျံ့နေတာကိုကြည့်ပြီး ငါအတည်ပေါက်နဲ့ နောက်လိုက်တာကို တကယ်ယုံကြတယ်ဟေ့ဆိုပြီး ထိုင်ရယ်နေမှာပါ။

အဲတော့ နောက်များမှာ ဒီလိုမျိုး စာမျိုးရောက်လာခဲ့ရင် တနည်းအားဖြင့် ကိုယ့်ရဲ့ အသိဉာဏ်၊ ဆင်ခြင်တုံတရား အပေါ် အကဲစမ်းလာရင် Delete သာ လုပ်ပစ်လိုက်ပါဗျာ။ ကျနော်ခုလို ပြောရတာဟာလည်း သူငယ်ချင်း မိတ်ဆွေတွေကို သတိတရားလေး ထားစေချင်လို့ပါ။ နားလည်မယ် ထင်ပါတယ်နော်…။

အားလုံးကို လေးစားလျှက်…

Good Idea

About Good Idea

Good Idea has written 144 post in this Website..

လူ့ဘ၀ဟာ ခဏလေးပါ။ အသုံးချတတ်ပါစေ။