မားကက်တင်းအကြောင်း သိကောင်းစရာ အပိုင်း ၁

manawphyulayDecember 2, 20101min771

အရင် ပြောချင်တာကတော့ မားကက်တင်းဆိုတာ ဘာလဲ။ Marketing ရဲ့အဓိပ္ပာယ်ကတော့ ဈေးကွက်ဖွင့်ခြင်းဆိုတာကို ဖော်ဆောင်တာပဲ ဖြစ်ပါတယ်။ အဲ ဈေးကွက်ဖွင့်တယ်ဆိုတာရဲ့ ရည်ရွယ်ချက်က တကယ်လိုတာထက် ပိုပြီး ရောင်းချနိုင်ရေးနှင့် လူသိများရေးကို ပြောခြင်း ဖြစ်ပါတယ်။ ဈေးကွက်ဖွင့်ခြင်းဆိုတာ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ကြော်ငြာခြင်းနဲ့ ရောင်းအားတိုးတက်အောင် လုပ်ခြင်းဆိုတဲ့ ဆောင်ရွက်မှုတွေ ဖြစ်တယ်။  ကုန်ထုတ်လုပ်ဖို့ စီမံလျာထားခြင်းနဲ့ ဈေးကွက်ကို စူးစမ်းလေ့လာ သုတေသနလုပ်တာတွေလည်း ပါပါတယ်။ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ အဲဒီဆောင်ရွက်မှုတွေမှာ စားသုံးသူနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရတာတွေ ပါဝင်တယ်။ သူတို့ရဲ့ လိုအင်ဆန္ဒတွေကို အကဲဖြတ်တာပါတယ်။ အဲဒီဆောင်ရွက်မှုက ရရှိတဲ့ သတင်းစကားတွေကို ရောင်းချဖို့အတွက် ထုတ်လုပ်တဲ့ ကုန်စည်နဲ့ (ဝန်ဆောင်မှု)တွေအဖြစ် ဘာသာပြန် အသွင်ပြောင်းပေးခြင်း ဖြစ်တယ်။ ဒီလိုအသွင်းပြောင်းရာမှာတော့ မိမိတို့ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးလုပ်ငန်းရဲ့ ဦးတည်ချက်တွေနဲ့ အညီအညွတ်ဖြစ်အောင် လုပ်ရမှာ ဖြစ်တယ်။
ဒီလိုပါပဲ။ ဈေးကွက်ဖွင့်တဲ့ လူတွေက သူတို့လုပ်နေတဲ့ ထုတ်ကုန်တွေအကြောင်း၊ အမှတ်တံဆိပ်တွေအကြောင်း ဒါမှမဟုတ်ရင်လည်း ဆောင်ရွက်ပေးမှုတွေအကြောင်း ပြောလေ့ရှိကြတယ်။ ဘာတွေလဲဆိုတော့
၁။ ထုတ်ကုန် (Product) ဆိုတာ ထုတ်လုပ်တဲ့အမျိုးအစားတစ်ခုခုပါပဲ။ ထုတ်လုပ်ရောင်းချတဲ့ ပစ္စည်းဆိုလည်း မမှားပါဘူး။
၂။ အမှတ်တံဆိပ် (Brand) ဆိုတာ ထုတ်ကုန်တစ်မျိုး သို့မဟုတ်ရင်လည်း ထုတ်ကုန်အမျိုးအစားတစ်စုကို အမှတ်အသားပြုထားတာဖြစ်တယ်။ နောက်တစ်ချက်ကတော့
၃။ ဆောင်ရွက်မှု (Service) ဆိုတာ အစဉ်အလာဖြစ်နေတာက လူကို အရင်းပြုပြီး လုပ်ကိုင်ပေးတဲ့ ဆောင်ရွက်မှု (ဝန်ဆောင်မှု) တွေပဲ ဖြစ်ပါတယ်။
မားကက်တင်းကို အပိုင်း ၄ ပိုင်းနဲ့ လေ့လာသုံးသပ်သွားမယ်ဆိုရင် သင်ရဲ့ လုပ်ငန်းဟာ တစ်ရှိန်ထိုး အောင်မြင်ကျော်ကြား ထွန်းပေါက်လာနိုင်မယ်လို့ ကျွန်မ ရဲရဲကြီး ပြောလိုက်ပါရစေ။ ဒါတွေက ဘာတွေလဲ။ သင် သိချင်သလား။ ကဲ ဆက်လက် လေ့လာကြည့်ရအောင်။
၁။ သုတေသန (ရှာဖွေဖော်ထုတ်ခြင်း)
၂။ ဗျူဟာ သို့မဟုတ် အခင်းအကျင်း (ဦးတည်ချက်နဲ့ ပန်းတိုင်သတ်မှတ်ခြင်း)
၃။ အစီအစဉ်လုပ်ခြင်း (ပန်းတိုင်ရောက်အောင်သွားရမယ့်လမ်းအဆင့်ဆင့်)
၄။ ကျင့်သုံးဆောင်ရွက်ခြင်း (လက်တွေ့လုပ်ဆောင်ခြင်း) ဆိုပြီး အပိုင်း ၄ ပိုင်းနဲ့သာ လုပ်ဆောင်ခဲ့မယ်ဆိုရင်………….. အကျိုးဆက်က ဘာတွေဖြစ်ပေါ်လာမလဲ။ ကျွန်မ ပြောနေရုံနဲ့ သင်တို့ အောင်မြင်မယ်လို့ ထင်နေပါသလား။ တကယ် လက်တွေ့ လုပ်ဆောင်မှသာ လိုချင်တဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိမှာပေါ့ ဟုတ်ဖူးလား။ ဒီအပိုင်း တစ်ပိုင်းချင်း ဆောင်ရွက်ပုံနည်းလမ်းကို သီးခြားစီ စဉ်းစားဆုံးဖြတ်တာတော့ ဖြစ်နိုင်ပါတယ်။ အဲ တစ်ချက်တည်းကိုသာ ကျင့်သုံးရုံနဲ့တော့ ဘာမှ အရာရောက်မှာ မဟုတ်ပါဘူး။

၁။ သုတေသန (Research)
ကိုယ့်လုပ်ငန်းအခြေအနေနဲ့ ဝယ်မယ့်သူတွေ(စားသုံးသူတွေ) ရဲ့ အခြေအနေကို စူးစမ်းဖော်ထုတ်တာ ဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်း အနေအထားကို တိတိကျကျပေါ်လွင်အောင် အတွင်းပိုင်း ပြန်ကြည့်တာကနေ စတင်သင့်ပါတယ်။ တစ်နည်းပြောရရင် စာရင်းစစ်တယ်လို့လည်း ပြောလို့ရပါတယ်။
– ကိုယ့်ကုမ္ပဏီ ကိုယ့်စီးပွားရေးလုပ်ငန်းက ဘာကိစ္စမှာ ကောင်းတာလဲ?
– ကိုယ့်အားသာချက် (s) နဲ့ အားနည်းချက် (w) တွေက ဘာလဲ?
– ဈေးကွက်အခွင့်အလမ်းတွေ (o) ဘယ်လိုအခြေအနေရှိသလဲ?
– ကိုယ့်အတွက် စိုးရိမ်စရာဖြစ်အောင် ခြိမ်းခြောက်နေတာတွေ (T) က ဘာတွေလဲ?
S က Strength လို့ အဓိပ္ပာယ်ရပြီး ကျန်တဲ့ W က Weakness။ O က Market Opportunities။ T က Threats။ အဲဒီလို အတိုကောက်မှတ်သားပြီး တစ်စုတစ်စည်းတည်း SWOT လေ့လာဆန်းစစ်မှုလို့ ခေါ်ဆိုသုံးနှုန်းလေ့ရှိကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ သိကြမယ်လို့လည်း ကျွန်မ မြင်မိပါတယ်။
SWOT ဆိုတဲ့ ဝေါဟာရ ကိုယ်တိုင်က သေရေးရှင်ရေးလို အလွန်အရေးကြီးတဲ့ ကိစ္စရပ်တွေ ပညာရပ်၊ ဘာသာရပ်တွေကို အပြင်းအထန် လေ့လာသည်၊ လေ့လာခြင်း၊ လေ့လာသူလို့ ကြိယာအနေနဲ့ရော နာမ်အနေနဲ့ပါ အဓိပ္ပာယ်ရှိနေတယ်။ ဒါကြောင့် SWOT လို့ မှတ်ထားရင် ပိုပြီး မှတ်မိလွယ်သွားပါတယ်။ နောက်တစ်နည်းက SWOT Analysis လို့ တွဲပြောရပါတယ်။ ဒီနယ်ပယ်မှ မဟုတ်ပါဘူး။ ခုလက်ရှိ Develop ဖြစ်ဖို့ ကြိုးစားနေတဲ့ သူတိုင်း ICT Develop မှာပါ SWOT Analysis ဟာ မပါမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေလို့ပါပဲ။ ခု ကျွန်မ အိုင်စီတီနဲ့ပတ်သက်ပြီး ပရောဂျက်တွေ ဆော့ဝဲတွေ ကျောင်းမှာ လုပ်ရတော့ SWOT Analysis ကို ပိုမို သိရှိလာမိပါတယ်။
နောက်တစ်ဆင့်ကတော့ ဈေးကွက်သုတေသန လုပ်ရပါမယ်။ ဝယ်သူတွေရဲ့ လိုအင်ဆန္ဒကို ရှာဖွေကြည့်တာပါပဲ။ သူတို့ ဘာအလိုရှိနေကြသလဲပေါ့။ အဲဒါလုပ်ပြီးရင် ကိုယ့်လုပ်ငန်းအခြေအနေနဲ့ သူတို့ရဲ့ လိုအင်ဆန္ဒကို ယှဉ်တွဲ သုံးသပ်ကြည့်နိုင်ပါပြီ။ အဲဒီလို တိုက်ကြည့်လိုက်တော့ ကွာဟမှု လေ့လာဆန်းစစ်ချက် (Gap Analysis) ကို ရရှိပါတယ်။ ဒီလိုပြောတာက ပညာရပ်အသုံးအနှုန်းနဲ့ပြောတာပါ။ ရိုးရိုးနဲ့ ရှင်းအောင် ဆိုရင်တော့ ကိုယ်က ထုတ်လုပ်ရောင်းချပေးနေတာနဲ့ ဝယ်သူတွေ အလိုရှိနေတာအကြား ခြားနားကွာဟချက်ကို သိနိုင်လာတယ်ပေါ့။ ဟုတ်တယ်နော်။ အဲဒီကွာဟမှုကို သိရရင် အဲဒီကွာဟနေတာ စေ့သွားအောင် ကိုယ်က ကြိုးစားရတော့မယ်။ ဝယ်သူက အမြဲမှန်နေတာလို့ ခံယူရမှာကိုး။ ဒီတော့ ကွာဟကွဲလွဲနေရင် ကိုယ်က ပြင်ရမှာပေါ့။ ကိုယ်က မပြင်ရင် သူနဲ့ကိုက်တဲ့လူဆီ ရောက်သွားမှာပဲပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ ဈေးကွက်ဖွင့်ကြတဲ့အခါမှာ စနစ်တကျ အချက်အလက်တွေနဲ့ တွက်ချက်ရေးဆွဲ ဆောင်ရွက်သူမျိုး တော်တော်ရှားတတ်ပါတယ်။ ကိုယ့်မှာ ကုန်ပစ္စည်းထုတ်လုပ်တဲ့ လုပ်ငန်းရှိတယ်။ ကိုယ့်မှာ ခန့်ထားတဲ့ ဝန်ထမ်း၊ အလုပ်သမားတွေရှိတယ်။ ကိုယ့်မှာ အရင်းအနှီးလုပ်ဖို့ ငွေကြေးလည်းရှိနေတယ်။ ဒါတွေသာ ပြည့်စုံနေပြီဆိုရင် ကိုယ်သွားမယ့်ပန်းတိုင်တစ်ခုကို ချိန်ရွယ် ရည်မှန်းရပါလိမ့်မယ်။ ဒီလိုလုပ်တာဟာလည်း အစစအရာရာ အံဝင်ခွင်ကျဖြစ်အောင် လုပ်တာမဟုတ်ပါဘူး။ တကယ်လည်း မလုပ်နိုင်သေးပါဘူး။ ကိုယ့်မှာရှိပြီးဖြစ်တဲ့ စွမ်းအား အရင်းအမြစ်တွေနဲ့ လက်တွေ့ကျကျ ကိုယ်တစ်နိုင်တစ်ပိုင် အံဝင်မှု အဖြစ်နိုင်ဆုံးပန်းတိုင်ကို ရွေးချယ်ရတာ ဖြစ်ပါတယ်။
မားကက်တင်းဆိုတာကလည်း ကိုယ့်ထုတ်ကုန်ပစ္စည်း သို့မဟုတ် ကိုယ့်ဝန်ဆောင်ပေးမှုတွေကို ဖြစ်နိုင်သမျှ အများဆုံး ရောင်းရအောင် နေရာချထားပေးခြင်းနဲ့ ထုပ်ပိုးပေးထားခြင်းသာ ဖြစ်တယ်။ ဒါကိုပဲ နည်းလမ်းပေါင်းစုံနဲ့ လုပ်နေကြတာ ဖြစ်ပါတယ်။ တကယ်တမ်း အရေးကြီးဆုံးအချက်ကတော့ ကိုယ်ထုတ်လုပ်ရောင်းချ ဆောင်ရွက်ပေးတဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူအားပေးနေကြတဲ့ စားသုံးသူတွေရဲ့ အကြောင်းကို သိရှိနားလည်တာဟာ မားကက်တင်း ခေါ် ဈေးကွက်ဖွင့်ခြင်းပဲ ဖြစ်ပါတော့တယ်။ အဲ အမှန်ပြောရရင် စားသုံးသူတွေကို နားလည်ခြင်းဆိုရင် ပိုမှန်မယ် ထင်ပါတယ်။ နားလည်ရာမှာ သူတို့ ဘာတွေလိုအပ်နေသလဲနဲ့ သူတို့ဘာတွေလုပ်ချင်နေကြသလဲဆိုတာကို ခွဲခြားနားလည်ရမှာလို့ ကျွန်မတော့ မြင်မိပါတယ်။ ဗျူဟာအခင်းအကျင်းကို အပိုင်း ၂ မှာ ဆက်လက် ရေးသားသွားပါမယ်ရှင်။