ဗုဒ္ဓ၏ အဆုံးအမဖြင့်သာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဖော်ဆောင်နိုင်မှာဖြစ်သည်။

no love,no peaceDecember 1, 20101min590

မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းလာပြီး ထေရဝါဒဗုဒ္ဓဘာသာကိုအကြွင်းမဲ့သက်ဝင်ယုံကြည်သော ကျွန်တော်သည် မြန်မာနိုင်ငံသားတစ်ဦးပီပီ မြန်မာ့နိုင်ငံရေးအကြောင်းကိုလည်း စိတ်ဝင်စားပါသည်။ နိုင်ငံအတွက်

အကျိုးရှိမည့်ကိစ္စများကို စာတိုတစ်ကြောင်းဖြင့် ဖြစ်မြောက်အောင် ရေးသားနိုင်ခြင်း မရှိခဲ့သည့်အတွက်လည်း

အလွန်ပင်အရှက်ရဝမ်းနည်းမိပါသည်။ မိမိတွေ့ကြုံခဲ့ရသော ဘဝသင်ခန်းစာများ၊ ရင်းနှီးခဲ့ရသောအချိန်များ၊ အမှန်တရားကိုမြတ်နိုးတတ်လာသောနှလုံးသား၊ မိမိ၏ တစ်ထွာတစ်မိုက် ဉာဏ်ဖြင့်သာ ခံစားရမှု့တို့ကို ရေးသားရခြင်းဖြစ်ပါ၏။ မြန်မာ့နိုင်ငံရေးအကြောင်း မင်းဘယ်လောက်နားလည်သလဲ  လို့မေးခဲ့သည်ရှိသော် နားလည်လို့ရေးတာမဟုတ် ခံစားမှုကိုသာ ရေးဖွဲ့ခြင်းဖြစ်ပါကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။ ပထမဆုံးရေးသားသော စာဖြစ်သောကြောင့် ဆန္ဒဖြင့်ကိုက်ညီမှုမရှိခဲ့ရင် ခွင့်လွှတ်ပေးပါရန်ကိုလည်း တောင်းပန်အပ်ပါသည်။ ကံကိုယုံကြည်သူပီပီ အကြောင်းကောင်းအောင် လုပ်ခဲ့ရင်အကျိုးကောင်းအောင် ရမှာကိုလည်း သက်ဆုံးတိုင်ယုံကြည်ပါ၏။

ကျွန်တော်သည် ၁၉၇၅ခုနှစ်တွင် မွေးဖွားသောကြောင့် ၁၉၉ဝပြည့် ရွေူးကောက်ပွဲတွင် အသက် ၁၈ နှစ်မပြည့်သေးပါ။ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီကို ထောက်ခံမဲမပေးခဲ့ရပါ။ လက်ခုပ်တီးပြီး NLD ပါတီသီချင်းခွေ ဖွင့်ရင်းဖြင့်သာ အားပေးထောက်ခံခဲ့ရပါသည်။ စက်တင်ဘာ ( ၂၆ ) သံဃာတော်များ၏ ရွှေဝါရောင်တော်လှန်ရေး အခန်းကဏ္ဍကြမှသာလျှင် လှိုက်လှိုက်လှဲလှဲ ပါဝင်ချီတက်ခွင့်ရခဲ့ပါသည်။ ၁၉၈၈ အရေးအခင်းကို မှီသော်ငြားလည်း အလွန်ပင်အသက်ငယ်ရွယ်သောကြောင့် ပါဝင်ခွင့်မရခဲ့ပါ။ လက်ခုပ်တီး၍သာ ကြိုဆိုထောက်ခံခဲ့ရသည်။ယခုအချိန်မှာဖြင့် ကျွန်တော့်အသက် ၃၅ နှစ်ရှိပြီ ကျွန်တော်ကြိုက်သောပါတီကို မိမိ၏လွတ်လပ်သော ဆန္ဒဖြင့် မဲပေးပိုင်ခွင့်ရှိခဲ့ပြီ။  သို့သော် ပြီးခဲ့သော နိုဝင်ဘာ ( ရ )ရက်နေ့ ရွေးကောက်ပွဲမှာ မိမိနှစ်သက်ထောက်ခံအားပေးသော NLD ပါတီ ပါဝင်ခြင်းမရှိ၊ ရွေးကောက်ပွဲရလာဒ်ကိုလည်း မိမိ၏တစ်ထွာတစ်မိုက် ဉာဏ်ဖြင့် ဘယ်ပါတီအနိုင်ကျင့်၍ အနိုင်ယူမလဲဆိုတာ ကြိုတင်ခံစား သိရှိမှုကြောင့် ပါဝင်၍ဆန္ဒမဲမပေးခဲ့ပါ။

လူဆိုသည်မှာ အသက်အရွယ်ပိုပြီး ကြီးမြင့်လာသည်နှင့်အမျှ အမှန်တရား၏ ဦးဆောင်မှုကိုပို၍ ခံစားသိရှိ

နားလည်တတ်ရမည်။ ဓမ္မနှင့်အဓမ္မမှုတို့ကို ကောင်းစွာဝေဖန်ပိုင်ခြားတတ်ရမည်။ တရားသောနည်းဖြင့် မတရားသော

အမှုတို့ကို ကျော်ဖြတ်နိုင်သော စိတ်ဓါတ်စွမ်းအားရှိရမည်။ ဘယ်လို ဘယ်ပုံ ဘယ်နည်းဖြင့် အဓမ္မတရားများကို ကျော်ဖြတ်မလဲလို့ ကျွန်တော့်ကိုမေးလာခဲ့သည်ရှိသော် အဖြေသည်တစ်မျိုးထဲရှိကြောင်းကို လက်တွေ့ဘဝဖြင့် ခံစားနားလည်သိရှိခဲ့ပြီး ဗုဒ္ဓ၏အဆုံးအမ တရားများဖြင့်သာလျှင် အဓမ္မတရားများကို ကောင်းစွာတွန်းလှန်

ကျော်ဖြတ်နိုင်သည်။ ဤသည်မှာ တစ်ခုတည်းသော အမှန်တရားပင်ဖြစ်ပေသည်။

ဗုဒ္ဓ၏ အဆုံးအမများသည် လူသားအားလုံးအတွက် ဖြစ်ပေသည်။ ဗုဒ္ဓဘာသာကိုးကွယ်သူများ အတွက်သာလျှင် မဟုတ်ပါ။  အမှန်တရားကို အသက်ထက်ဆုံး ယုံကြည်မြတ်နိုးသော လူသားတိုင်း လိုက်နာကျင့်သုံးပါက ကောင်းကျိုးကို ဖြစ်ပေါ်စေပေသည်။ အမှန်တရားကိုမြတ်နိုးသော ကျွန်တော်တို့လူသားတိုင်း သည် အဓမ္မဝါဒီများအပေါ် အဘယ်ကဲ့သို့ရှိသော စိတ်ဓါတ်စွမ်းအင်များဖြင့် တွန်းလှန်ကျော်ဖြတ်နိုင်မလဲ။ ဗုဒ္ဓဟောကြားခဲ့သော သည်းခံခြင်းစိတ်ကို အတိုင်းအဆမရှိမွေးမြူခြင်း၊ ခွင့်လွှတ်ခြင်းစိတ်ဓါတ် အနန္တထားရှိခြင်း၊ လူသားတိုင်းအပေါ် မေတ္တာစိတ်ပွားများနိုင်အောင်ထားရှိခြင်းဖြင့် အလွန်ပင်ခက်ခဲသောအရာများကို အောင်နိုင်ခဲ့ကြောင်း သက်သေ၊ သာဓကများစွာရှိခဲ့လေပြီ။

လူသားများ၏နှလုံးအိမ်တွင် မိမိတို့၏ချစ်ခင်နှစ်သက်သော သူ၏စကားအတိုင်း လိုက်နာစောင့်စည်းလိုသော

စိတ်ဓါတ်များစွာရှိကြသည်။ ဒါသဘာဝ၏ အမှန်တရားဖြစ်သည်။

ချစ်ခင်နှစ်သက်သော စိတ်သည်မေတ္တာစိတ် ထိုတရားနှင့်ဆန့်ကျင်ဘက်သည် အာဃာတတရား ၊ အမုန်းတရား၊ အငြိုးအတေးနှင့် လက်စားချေလိုသောစိတ်၊ မကောင်းသည့်စိတ်ထား မေတ္တာတရားမရှိသော သူ၏

နှလုံးသားသည် သည်းခံခြင်း၊ ခွင့်လွှတ်တတ်ခြင်းကင်း၏။

ဗုဒ္ဓသည် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာထားခြင်း၊ ထိုတရားတို့ဖြင့် အတိုင်းအဆမရှိပြည့်ဝလှစွာ အလွန်ပင်ခက်ခဲလှသော အကြောင်းတရားအမျိုးမျိုးတို့ကို အောင်နိုင်ခဲ့သော မဟာလူသားတစ်ဦးဖြစ်သည်။ ထိုဓမ္မတရားများကို အထူးခြားဆုံး ယုံကြည်ကိုးကွယ်သောနိုင်ငံအဖြစ် ကျွန်တော်တို့ မြန်မာနိုင်ငံသည် ကမာ္ဘအလယ်တွင် ယနေ့တိုင်အောင် ထင်ရှားခဲ့သည်။

ကျွန်တော်သည်လည်း  မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သောကြောင့်  ထိုတရားများသည် ကျွန်တော့်

နှလုံးအိမ်တွင် ကိန်းအောင်းမွေ့လျော်ခဲ့လေပြီ။ အပြည့်အဝမဟုတ်သော်ငြားလည်း အခြေခံအဖြစ်တည်ရှိခဲ့သည်။

မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာကို ကိုးကွယ်သောလူဦးရေ အများဆုံးရှိသော နိုင်ငံဖြစ်သောကြောင့် အခြားနိုင်ငံများနှင့်

ယှဉ်လျှင် ထိုတရားများသည် မြန်မာနိုင်ငံသားများ၏ နှလုံးအိမ်တွင်ကောင်းစွာတည်ရှိ၏။

ဗုဒ္ဓဟောကြားသော ထိုတရားများကို ရင်ဝယ်ပိုက်၍ လိုချင်သောပန်းတိုင်ဆီသို့ အရောက်လှမ်းနေသောသူမှာ

ကျွန်တော်တို့ချစ်ခင်လေးစားရသော အမေစု( ဒေါ်အောင်ဆန်းစုကြည် )ပင်ဖြစ်သည်။ အမေစုသည် ကျွန်တော်တို့ကို

အာဃာတာမထားရေး၊ ငြိမ်းချမ်းစွာဖြင့် လိုချင်သော  ဒီမိုကရေစီကို ပန်းတိုင်လျှောက်လှမ်းရေး  တရားတို့ကို အစဉ်ပြောကြား၏။ ကျွန်တော်အကြွင်းမဲ့ယုံကြည်ပါသည်။ အမေစု၏ ရင်ထဲနှလုံးသားထဲဝယ် အာဃာတတရားမရှိ ၊

ဒီမိုကရေစီရရှိရေး၊ မြန်မာနိုင်ငံကောင်းစားရေး  တိုးတက်ရေးကိုသာ လုပ်ဆောင်နေခြင်းဖြစ်ပြီး မိမိကိုယ်ကျိူးရရှိရေး

အတွက် လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း ပြည့်ဝစွာယုံကြည်၏။ ဖအေတူသမီးပီသလွန်းသော ခေါင်းဆောင်ကောင်း

တစ်ယောက်ပါ။ ကျွန်တော်အပါအဝင် အမှန်တရားကို မြတ်နိုးသော မြန်မာနိုင်ငံသားတိုင်းသည် အမေစုကိုချစ်ခင်၏ ၊

လေးစား၏၊ ယုံကြည်၏ ။ ထိုကြောင့် ကျွန်တော်တို့သည် အမေစု၏စကားကို လေးစားလိုက်နာ၍ ကောင်းစွာကျင့်သုံး

မှသာလျှင် တရားမျှတသော ဒီမိုကရေစီနိုင်ငံတော်ကို ရရှိမှာဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ဦးဆောင်နိုင်

မှာဖြစ်ပါသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်အစိုးရ၏ရင်ထဲနှလုံးအိမ်တွင်အမြဲတည်ရှိသော အာဃာတအမုန်း

တရားများကို ပြန်လည်မုန်းတီးလက်စားချေခြင်းဖြင့် ဖော်ဆောင်၍မရပါ။ ရန်ကိုရန်ဖြင့် တုန့်ပြန်ခြင်း ဘယ်သောအခါမှ

မငြိမ်းအေးပါ။ သည်းခံ၊ ခွင့်လွှတ်၊ မေတ္တာထားသော ထိုတရားများဖြင့်သာလျှင် စစ်အစိုးရ၏ ရန်သူလိုထားသော သဘောထားများကို ငြိမ်းအေးစေပြီး ဗုဒ္ဓ၏အဆုံးအမဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေးကို ငြိမ်းချမ်းစွာ

ဖေါ်ဆောင်နိုင်မှာ ဖြစ်ပါကြောင်း၊ ကမာ္ဘ့အလယ်တွင် မေတ္တာတရားဖြင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီရရှိခဲ့သော မြန်မာနိုင်ငံ

တော်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ဦးဆောင်နိုင်မည်ဖြစ်ပါကြောင်း ရိုးသားစွာ ခံစားရေးဖွဲ့မိပါသည်။

သည်းခံခြင်းတရားဖြင့် အောင်နိုင်ရာ၏၊

ခွင့်လွှတ်ခြင်းတရားဖြင့် အောင်နိုင်ရာ၏။

မေတ္တာတရားဖြင့် အောင်နိုင်ရာ၏။

အက္ခရာ