“ အဓမ္မဝါဒီတို့အား ဓမ္မဝါဒီဖြင့်..” (အမျိုးသားနေ့အမှတ်တရ)

no love,no peaceDecember 1, 20102min590

အဓမ္မဝါဒီတို့အား ဓမ္မဝါဒီဖြင့်..” (အမျိုးသားနေ့အမှတ်တရ)

ကျွန်တော်၏ဒုတိယဆောင်းပါးကို မိမိ၏တစ်ထွာတစ်မိုက်ဉာဏ်နှင့် ဖတ်ရှု့လေ့လာဆည်းပူးခဲ့ရသော စာပေတို့၏ ကျေးဇူးများဖြင့်သာ ခံစားရေးဖွဲ့ရခြင်းကြောင့် ဆန္ဒသဘောထားများနှင့်ကိုက်ညီမှုမရှိခဲ့ပါက ခွင့်လွှတ်ပေးစေလိုပါသည်။ဓမ္မနှင့် အဓမ္မ – လောက၌ အယောင်ဆောင်ခြင်းသည် အဓမ္မ ဖြစ်သည်။ အစစ်အမှန်ဖြစ်ခြင်းသည် ဓမ္မ ဖြစ်သည်။ အဓမ္မသည် သစ္စာနှင့်မယှဉ်၊ ဓမ္မသည် သစ္စာနှင့်ယှဉ်၏။ ထိုကြောင့် အယောင်ဆောင်ခြင်း “ အဓမ္မ ” သည် “ ဓမ္မ ” အပေါ်သစ္စာဖောက်ရာရောက်၏။ သစ္စာဖောက်ခြင်းသည်“ ဓမ္မ ” ကိုတိုက်ခိုက်ခြင်းဖြစ်၏။ ထိုအခါ တုန့်ပြန်မှု၏ နိယာမအရ “ ဓမ္မ ” သည်မိမိအပေါ် တိုက်ခိုက်လာသော “ အဓမ္မ ”ကို“ ဓမ္မ ” နည်းဖြင့် ပြန်လည်တိုက်ခိုက်၏။ “ ဓမ္မ ”၏ပြန်လည်တိုက်ခိုက်ခြင်းကို ခံရသောအခါ “ အဓမ္မ ” သည် များစွာအထိနာ၏။ယင်းကို သစ္စာစူးခြင်း ဟုဆို၏။ထိုကြောင့် “ အတု ” ဟူသမျှသည်လည်းကောင်း၊ အယောင်ဆောင်ဟူသမျှသည်လည်းကောင်း၊ အစစ်၏တန်ပြန်တိုက်ခိုက်မှုကြောင့် တခုသောနေ့တွင် အကျနာရမည်ဖြစ်သည်။ အကျနာရမည်ကတော့ သေချာ၏။ အချိန်သာမသေချာခြင်းဖြစ်၏။ သို့ရာတွင် အဓမ္မ၏ ဘက်တော်သားများဖြစ်ကြသော “ အတု ”သည်လည်းကောင်း၊ အယောင်ဆောင်ခြင်းသည်လည်းကောင်း၊ မိမိတို့ကျဆုံးချိန်မရောက်မီ လောကအပေါ်များစွာ ဒုက္ခပေး၏။ ထိုဒုက္ခ၏ ဒဏ်ချက်ကလည်းများစွာပြင်းထန်၏။ လောကသည်ပြင်းထန်သောလှသော ဒဏ်ချက်ကို အလူးအလိမ့်ခံရ၏။ ထိုဒုက္ခဘေးများမှာ နှယ်နှယ်ရရမဟုတ်ပဲ လောကအပေါ်များစွာအန္တရာယ်ပြု၏။ သူယုတ်မာတို့၏ဘေး၊ လူရိုင်း လူရမ်းကားတို့၏ဘေး ၊ယုတ်မာအကျင့်ပျက်တို့၏ဘေး၊ ယုတ်မာသောအယူဝါဒရှိသူတို့၏ဘေး စသည်ဖြင့်ဘေးအန္တရာယ်ပေါင်း မြောက်များစွာဖြင့် လူသားတို့အပေါ် များစွာအန္တရာယ်ပြုလေသည်။လောက၌ “ အဓမ္မ ” ဝါဒီတို့သည် မိမိတို့အုပ်စုနှင့် အသိုင်းအဝန်းကောင်းစွာအင်အားရှိကြသည်။ ထို့အတူ “ ဓမ္မ ” ဝါဒီအုပ်စုတို့သည်လည်း မိမိတို့၏အုပ်စုနှင့် အသိုင်းအဝန်းကောင်းစွာ အင်အားရှိကြ၏။ လောကဓမ္မတာအရ “ အဓမ္မ ” ဝါဒီဖြင့် “ ဓမ္မ ” ဝါဒီတို့ကို အောင်နိုင်ခြင်း ဘယ်အခါမျှခဲ့၊ရှေးအခါကလည်း မရှိခဲ့၊ အခုလည်းမရှိ နောင်အခါလည်းရှိမည်မဟုတ် ။ ဤအရာသည် လောက၏ သစ္စာတရား ။ဤကမာ္ဘမြေပြင်၌ လူတို့သည် ပျော်မွေ့ဖွယ်ကောင်းသော၊ ချမ်းမြေ့သော ၊ ငြိမ်းချမ်းသောဘဝကို  ထူထောင်လိုကြပါလျှင် မိမိ၏ပတ်ဝန်းကျင်ရှိ လူများကို လူလိုမြင်တတ်အောင် ကြည့်တတ်ရန်လိုသည်။ မိမိပတ်ဝန်းကျင်တွင် ရှိကြသည်မှာ သက်ရှိလည်းရှိ၏ သက်မဲ့လည်းရှိ၏ ။ ထို့တွင် လူသည်ပဓါနအကျဆုံးဖြစ်သည်။ ထို့ကြောင့်  လူကိုလူလိုမြင်တတ်ရန်အရေးကြီး၏ ။ လူကိုလူလိုမြင်တတ်အောင် ကြည့်ရာ၌ ကိုယ်ချင်းစာနာတတ်သော မျက်စိရှိမှဖြစ်၏ ။ဗုဒ္ဓဒေသနာတော်အရ လူ့ဘဝ၏ အဓိကတာဝန်မှာ “ သိက္ခာ ” ကို စောင့်ထိန်းခြင်းဖြစ်၏ ။ သိက္ခာကို စောင့်ထိန်းခြင်းဟူသည်မှာ လောက၌ “ အဓမ္မ ”က “ ဓမ္မ ” အပေါ်မလွှမ်းမိုးနိုင်အောင် အားထုတ်ခြင်းဖြစ်၏။ ထိုသို့အားထုတ်ခြင်းဖြင့် မိမိ၏စည်းစိမ်ဥစ္စာ ဆုံးရှုံးချင်လည်း ဆုံးရှုံးသွားနိုင်၏ ။ မိမိ၏ခန္ဓာကိုယ်အစိပ်အပိုင်းများ ဆုံးရှုံးသွားချင်လည်း ဆုံးရှုံးသွားနိုင်၏ ။ မိမိ၏အသက်ပင် ဆုံးရှုံးသွားချင်လည်း ဆုံးရှုံးသွားနိုင်၏ ။ သို့ရာတွင် မည်သို့ပင်ဆုံးရှုံးသွားစေကာမူမိမိ၏တာဝန်ကို စွန့်လွှတ်ခြင်းမပြုအပ်။ ဤသည်ကိုပင် “ သတ္တိရှိခြင်း ”ဟူ၍လည်း ဆိုရ၏။ တာဝန်ကျေခြင်းဟုလည်း ဆိုရ၏ ။“ အဓမ္မ ” က “ ဓမ္မ ” အပေါ် မလွှမ်းမိုးနိုင်အောင် အားထုတ်ခြင်းဆိုသည်မှာ ဤလောက၌ ဒုစရိုက်တရားများကင်းဝေးပြီး သုစရိုက်တရားများ ထွန်းကားလာအောင် အားထုတ်ခြင်းဖြစ်၏။ ဤသို့အားထုတ်ရန် လူတိုင်း၌ တာဝန်ရှိ၏ ။ ထိုတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်  လူ့လောက၌ လူလာဖြစ်ရခြင်းဖြစ်၏ ။ လူ့လောက၌ လူဖြစ်လာရလျှင် လူ့တာဝန်ကိုဆောင်ရွက်ရမည်မှာ ဓမ္မတာဖြစ်၏။ ဓမ္မတာအရ လူ့တာဝန်ကို ဆောင်ရွက်ရာတွင် မလုပ်သင့်သည်ကို မလုပ်ဘဲ နေရဲခြင်း ” နှင့် လုပ်သင့်သည်ကို လုပ်ရဲခြင်း ” နှင့် လုပ်သင့်သည်ကို လုပ်ရဲခြင်း ” မှ စတင်ဆောင်ရွက်ရ၏။ မည်သည့်လုပ်ငန်းများသည် လုပ်သင့်သော လုပ်ငန်းများဖြစ်၍ မည်သည့်လုပ်ငန်းများသည် မလုပ်သင့်သောလုပ်ငန်းများဖြစ်သည်ကို ဆုံးဖြတ်ရာ၌ အတ္တပါးမှု နှင့် အတ္တကြီးထွားမှုအပေါ် အခြေတည်၍ ဆုံးဖြတ်ရ၏။ အတ္တပါးလေးသောအခါ မိမိအတွက် ပစ္စည်းဥစ္စာရရှိမှုကိုလည်း မငဲ့ကွက်၊ မိမိအတွက်အများ၏အသိအမှတ်ပြုခံရခြင်းကိုလည်းမငဲ့ကွက် ၊မိမိအတွက်ထင်ပေါ်ကျော်ကြားမှုကိုလည်းမငဲ့ကွက် စသည်ဖြင့် အနစ်နာခံပြီး မိမိ၏ကိုယ်ကျိုးကိုစွန့်လွှတ်ပါက လူတစ်ယောက်အနေဖြင့် လူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်သည်မည်၏ ။ထိုသို့မဟုတ်ပဲလူတိုင်းလူတိုင်းသည် လောကအကျိုးထက် မိမိ၏အကျိုးကိုသာ ရှေးရှု၍ ဆောင်ရွက်မည်ဆိုပါက ဤလူ့လောကသည် ငရဲဘုံနှင့်မခြား အမြဲတစေဆူပွက်နေပေလိမ့်မည်။ရုပ်ပိုင်းဆိုင်ရာပြည့်စုံမှုသက်သက်ဖြင့် လောကသည်မငြိမ်းချမ်းနိုင်သလို စိတ်ပိုင်းဆိုင်ရာ ပြည့်စုံမှုသက်သက်ဖြင့်လည်း လောကသည် မငြိမ်းချမ်းနိုင်ပါ။ထိုကြောင့် ထိုအစွန်းနှစ်ဖက်မှလွတ်မြောက်အောင် ကျင့်ကြံဆောင်ရွက်ပေးနိုင်မှသာလျှင် လောကသည်ငြိမ်းချမ်းသာယာပေလိမ့်မည်။ အစွန်းနှစ်ဖက်မှ လွတ်မြောက်အောင် ကျင့်ကြံဆောင်ရွက်ပေးခြင်းဟူသည်မှာ – မဇိ္ဈမ ပဋိပဒါ ” အလယ်အလတ်လမ်းစဉ်ကျအောင်  ဆောင်ရွက်ပေးမည်ဆိုပါလျှင် ကိုယ်ကျင့်သိက္ခာမြင့်မားအောင်ကျင့်ကြံဆောင်ရွက်ပေးခြင်းသာဖြစ်၏။ ကိုယ်ကျင့်သိက္ခာပြည့်စုံမှုဟူသည် ပိုသည် ဟူ၍မရှိ၊ လိုသည် ” ဟူ၍သာရှိသည်။ထိုကြောင့် ကိုယ်ကျင့်သိက္ခာပြည့်စုံအောင် ကျင့်ဖို့လိုသည်။ အားထုတ်ဖို့ လိုသည်။ လေ့ကျင့်ဖို့လိုသည်။သွန်သင်ဖို့လိုသည်။လူဟူသည် ဓမ္မတာအရ မိမိ၏ဘဝကိုတိုးတက်သည်ထက်တိုးတက်အောင် အားထုတ်နေသည်ချည်းဖြစ်၏။ ရှိပြီးသားအခြေနေနှင့် ကျေနပ်နေသည်မဟုတ်။ သို့ရာတွင် တိုးတက်လာသောဘဝကို အသုံးချရာ၌မူ မိမိအတွက်အသုံးအချခြင်းနှင့်လောကအတွက်အသုံးချခြင်းဟူ၍ နှစ်မျိုးကွဲပြား၏။ လောက၌ အတ္တဟိတ ကိုယ်ကျိုးချည်းသက်သက်ဖြစ်လျှင်လည်း အစွန်းတစ်ဖက်သို့ရောက်၏။ ပရဟိတ ချည်းသက်သက်ဖြစ်လျှင်လည်း အစွန်းတဖက်သို့ရောက်၏။ မိမိတို့၏လုပ်ငန်း၌ အတ္တဟိတလည်းပါအောင်ဆောင်ရွက်ရ၏။ ပရဟိတလည်းပါအောင်ဆောင်ရွက်ရ၏။

အတ္တဟိတအရ မိမိတို့၏ဘဝကို တိုးတက်သည်ထက်တိုးတက်အောင် ပူသည် အေးသည်ကိုမငဲ့ပဲ နဖူးမှချွေးခြေမသို့ကျသည့်တိုင်အောင် ကြိုးပမ်းရ၏ ။ ပရဟိတအရ တိုးတက်လာသော မိမိတို့၏ဘဝကိုနိုင်ငံ၊ လူမျိုးနှင့် လူ့လောကအတွက် အသုံးချရ၏။ ထိုသို့လုပ်ဆောင်ကြရာ၌ သူတို့သည်သူတို့၏မိသားစုကို ချစ်ကြ၏ ။ သို့ရာတွင် မိသားစုအချစ်ကို လွန်လွန်ကဲကဲမဖြစ်ရအောင် လူသားအချင်းချင်းအပေါ် ချစ်သောစိတ်ဖြင့်ထိန်း၏။ ထိုကဲ့သို့ချစ်တတ်လာသည်နှင့်အမျှ တစ်ကိုယ်ကောင်းကြံတတ်သော စိတ်ကိုထိန်းသိမ်းရာရောက်၏။ လောက၌ ကိုယ်ကျိုးစီးပွားကို လုပ်သူဟူသမျှသည် မိမိတို့အတွက် တစ်ကိုယ်ကောင်းစိတ်ထားဖြင့်လုပ်နေသမျှ ကာလပတ်လုံး မိမိတို့၏အကျိုးစီးပွားကို ထူထောင်၍မရ။ အကယ်၍ထူထောင်၍ရသည်ဆိုပါလျှင် “ အထင် ”အားဖြင့်သာထူထောင်၍ရခြင်းဖြစ်သည်။“ အမှန်” အားဖြင့်ထူထောင်၍ရခြင်းမဟုတ်။ ။နိုင်ငံနှင့်လူမျိုးအတွက် လောကလူသားများစွာအတွက် အကျိုးပြုနိုင်သည်ထက်ပြုရန် ရည်စူးပြီး မိမိတို့၏ဘဝကို ကိုးကွယ်ခြင်းမဟုတ်ပဲ အသုံးချခြင်းသဘောဖြင့် ဆောင်ရွက်မှသာ ကိုယ်ကျိုးစီးပွားကို ထူထောင်၍ရသည်။ ဤအမြင်နှင့်အကျင့်သည် ဗုဒ္ဓစာပေမှလာသော အမြင်နှင့် အကျင့်ဖြစ်၏။ လူသတ္တဝါတစ်ဦးမှာ (၁)ကိုယ့်အကျိုးသက်သက်သာကြည့်သူ (၂) သူတစ်ပါးအကျိုးသက်သက်သာကြည့်သူ (၃)သူ့အကျိုး ကိုယ့်အကျိုး မကြည့်သူ (၄) သူ့အကျိုးကိုယ့်အကျိုးနှစ်ပါးစုံကြည့်သူ လို့ရှိတဲ့အနက်နှစ်ပါးစုံကြည့်သူဟာအကောင်းဆုံးပါပဲ။လူဆိုသည်မှာ သူ့အကျိုး ၊ ကိုယ့်အကျိုးလုပ်ငန်းလုပ်ရင်းဖြင့် မှားတတ်ကြ၏။ ထိုအမှားများစွာကိုတချို့သောလူတို့သည် အမှားကို အမှားမှန်းသိ၍ ဝန်ခံပြီးချက်ချင်းပြင်၏။ ထိုအခါအမှားပေါ်အမှားမဆင့်ကြ။ တချို့သောလူတို့သည် အမှားကို အမှားမှန်းသိလျှင် ဝန်ခံခြင်း၊ပြုပြင်ခြင်း မလုပ်ကြပဲ အမှားပေါ်အမှားထပ်ဆင့်ခံခြင်းဖြင့် မိုက်တွင်းနက်ကြ၏။ ထိုသူတို့၏ စိတ်၌ကြောက်ရွံ့သောစိတ်သည် များသထက်များလာ၏။ ထိုအခါ ထိုသူတို့၏ အသက်ရှင်ရပ်တည်ရာနေရာသည် ကျဉ်းသထက်ကျဉ်းလာ၏။ ထိုအမှားများကိုပြုလုပ်လျက်ရှိကြသော လူတို့သည် အင်အားများလာသောအခါ စုဖွဲ့ပြီးလျှင် မိုက်တွင်းနက်အောင် မှားကြသော အဓမ္မ ဝါဒီဟူ၍ စုဖွဲ့မိကြ၏။ လူ့လောကသည် သာယာငြိမ်းချမ်းမှုအပေါင်းမှ ဆိတ်သုဉ်းလေတော့သည်။ထိုအခါလူ့လောက၏ သာယာငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း ၊ အနစ်နာခံနိုင်လိုစိတ်ရှိသူ လူသားတို့ပေါင်းဖွဲ့မိပြီးလျှင် ဓမ္မ ဝါဒီ အင်အားစုသည်ပေါ်ပေါက်လာကြ၏။ လူသားတို့သည် လူ့လောကအေးချမ်းသာယာငြိမ်းချမ်းရေးကို အမြဲလိုလားတောင့်တကြ၏။ ထိုသာယာငြိမ်းချမ်းသောဘဝကို တည်ဆောက်ပေးနိုင်စွမ်းရှိသော လူသားခေါင်းဆောင်ကိုလိုလားတပ်မက်၏။ အားကိုး၏။ ယုံကြည်၏။ ခေါင်းဆောင်အဖြစ်တင်မြှောက်လိုကြ၏။ဤသည်မှာ လူ့သဘာဝ ဓမ္မတာပင်ဖြစ်သည်။ ထို “ အဓမ္မ ”ဝါဒီများကို ရှင်းလင်းဖယ်ရှားနိုင်သော “ ဓမ္မဝါဒီ ”ခေါင်းဆောင်ကောင်းကို ကျွန်တော်တို့ မြန်မာပြည်သူများရယူပိုင်ဆိုင်ထား၏။ထိုသူမှာ အမေစု( ဒေါ်အောင်ဆန်းစုကြည် ) ဖြစ်၏။ အမေစုသည် “ ဓမ္မဝါဒီ ” ခေါင်းဆောင်ကောင်းတို့၏ အရည်အချင်းနှင့်လည်း ပြည့်စုံ၏။ အနစ်နာခံ၏ ။ တရားမျှတသောစိတ်ရှိ၏ ။သဘောထားသေးသိမ်ခြင်းမရှိ။ အေးချမ်းသာယာတိုးတက်သော မန်မာနိုင်ငံအဖြစ်ကိုလိုလား၏။ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူတစ်ဦးပီပီ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာတရားတို့ဖြင့်လည်း ပြည့်စုံ၏။ “ အဓမ္မဝါဒီ ” တို့ကို ဖယ်ရှားခြင်း၌ ထိုတရားများသည်အဓိကပဓါနကျသောတရားများဖြစ်၏။အဘယ်ကြောင့်ဆိုသော် “ အဓမ္မဝါဒီ ”အုပ်စု၌ ထိုတရားများမရှိ၍အချင်းချင်း သူ့ထက်ငါ သာလွန်လိုခြင်းစိတ်တို့ဖြင့် နိုင်ထက်စီးနင်းပြုလုပ်ကြ၏ ။ မိမိတို့ကိုယ်တိုင်ဖျက်ဆီးကြ၏။ သူတပါးကိုလည်း ဖျက်ဆီး၏။တိုင်းပြည်နှင့်လူမျိုး သာသနာနှင့်သံဃာ အပေါ်လည်း ဖျက်ဆီးကြ၏။ လူ့လောကသာယာငြိမ်းချမ်းရေးကိုဆုတ်ယုတ်စေ၏။ ထို “ အဓမ္မဝါဒီ “အုပ်စုတို့၏ မကောင်းမှုလုပ်ရပ်များသည် ထိုသူများသာလျှင် တနင့်တပိုးခံစားရမည်မှာမလွဲပေ။ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာတရားမရှိကြသော ထို“ အဓမ္မဝါဒီ ”တို့၏လုပ်ရပ်များကို “ ဓမ္မဝါဒီ ”တို့က သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာတရား ထိုတရားများပြည့်ဝစွာဖြင့် ဖယ်ရှားဖြစ်နိုင်မည်မှာ မလွဲဧကန်မုချပင်ဖြစ်သည်။“ ဓမ္မဝါဒီ ” ခေါင်းဆောင် အမေစုသည် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာတရားတို့ဖြင့် ငြိမ်းချမ်းစွာ မြန်မာနိုင်ငံကို တည်ဆောက်နေသောကြောင့် ငြိမ်းချမ်းရေး နိုဗယ်ဆုကို ထိုက်တန်စွာကမာ္ဘ့ခေါင်းဆောင်များကပေးအပ်ပြီးဖြစ်သည်။ ကမာ္ဘ့အင်အားအကြီးဆုံးနိုင်ငံခေါင်းဆောင် အမေရိကန်သမ္မတအိုဘားမားက လေးစားအားကျရသောသူ၏ဆရာ ဟုပင် ထုတ်ဖော်မိန့်ကြားခဲ့၏။ “ ဓမ္မဝါဒီ ”အုပ်စုများအနေဖြင့်ဂုဏ်ယူမဆုံးပေ။ ဤသည်မှာ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာတရား ထိုအရာများကို အမေစုနှလုံးသွင်းလက်ကိုင်ထားနိုင်သောကြောင့်ဖြစ်၏။ ကျွန်တော်တို့၏ “ ဓမ္မဝါဒီ ”ခေါင်းဆောင် အမေစု၊ အမေစုကို ယုံကြည်လျှင် အားကိုးလျှင် ချစ်လျှင် ကျွန်တော်တို့ “ ဓမ္မဝါဒီ” အုပ်စုများ အမေစု၏ ပြောသောစကား၊ အမေစု၏ နှလုံးသွင်းလက်ကိုင်ထားသောတရားများအတိုင်းလိုက်နာကျင့်သုံးရမည်၊ နာခံရမည်၊ ဦးညွတ်ရမည်မဟုတ်ပါလော ……အဓမ္မဝါဒီ တို့အား ဓမ္မဝါဒီတို့၏ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာတရားစိတ်ဓါတ်ဖြင့် ဖယ်ရှားရှင်းလင်းရအောင် သည်းခံခြင်းဖြင့်အောင်နိုင်ရာ၏ခွင့်လွှတ်ခြင်းဖြင့်အောင်နိုင်ရာ၏မေတ္တာတရားဖြင့်အောင်နိုင်ရာ၏ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် ကိုယ်ကျင့်ဗုဒ္ဓဝင်ကျမ်းကိုရေးသားပြုစုသောဆရာကြီး ဦးရွှေအောင် ကျွန်တော့်ဘဝ၏ ဘာသာရေးအကြောင်း တိုးတက်ကောင်းမွန်အောင် စာပေဖြင့် မီးမောင်းထိုးပြခဲ့ပေးသော ဆရာမ မလေးငြိမ်း တို့အား ဤဆောင်းပါးဖြင့် ပူဇော်ကန်တော့၍ ကျေးဇူးဆပ်ပါ၏။

အက္ခရာ

3subjects3@gmail.com