အကြောင်းမလှလို့ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာတွေကို ဆက်ရေးချင်စိတ်မရှိတော့တာနဲ့ အောင်မြင်အောင်ကျော်လွှားနိုင်သူတစ်ယောက်အကြောင်းကို နမူနာယူနိုင်အောင် ပြောပြချင်ပါတယ်။

သူကတော့ ကျွန်မရဲ့ မိတ်ဆွေအမျိုးသမီးတစ်ယောက်ပေါ့ … သူငယ်ချင်းလို့မသုံးလိုက်တာက ကျောင်းနေဘက်မဟုတ်လို့ပါ။ သူငယ်ငယ်က သူအဖေရော အမေရော အစိုးရ၀န်ထမ်း သူတို့က မောင်နှမ သုံးယောက်မှာ သူကအကြီးဆုံး၊ ၈၈ မှာ သူ့အဖေက အလုပ်ပြုတ်သွားတယ်။ အဲဒီတုန်းက သူက ၈ တန်းပဲရှိသေးတယ်။ သူ့အမေလုပ်စာတစ်ခုထဲနဲ့ သူတို့ရပ်တည်ခဲ့ရတယ်။ သူ ၁၀ တန်းအောင်တော့ အခြေအနေကို ၀င်ထိန်းတဲ့အနေနဲ့ အစိုးရရုံးတစ်ရုံးကခေါ်တဲ့ စာရေးဝန်ထမ်းအလုပ်ကိုဝင်လျှောက်ပြီး စာရေးဝန်ထမ်းလုပ်လိုက်တယ်။ တက္ကသိုလ်ကိုတော့ အဝေးသင်ပဲ တက်လိုက်ပါတယ်။

အစိုးရအလုပ်ကိုဝင်လုပ်တာက အကြောင်းရှိတယ်။ သူတို့မှာ အိမ်ပိုင်မရှိဘူး။ သူ့အမေအလုပ်ကရတဲ့ ၀န်ထမ်းအိမ်ရာမှာနေရတာ။ ပင်စင်ယူရင် နေစရာမရှိတော့မှာစိုးလို့ ကြိုတင်ပြီးစီစဉ်ထားလိုက်ရတာ။ သူအလုပ်ဝင်တဲ့ရုံးက လုပ်သက် ၃ နှစ်ကျော်ရင် အိမ်ယာပေးတဲ့ ဌာနဖြစ်နေလို့ပါ။ သူ့အဖေကတော့ အဲဒီကထဲက ဘာမှအလုပ်မဖြစ်တော့တာ ဒီနေ့အထိပါပဲ။

အိမ်စရိတ်တွေကြီးလာ မောင်ညီမတွေလဲကြီးလာတော့ အဲဒီအခြေအနေနဲ့တောင် မလောက်ငချင်ဖြစ်ပါလာတယ်။ ညနေဘက် ရုံးဆင်းတာနဲ့ မူလတန်းကလေးတစ်ချို့ကို အိမ်အထိလိုက်ပြီး စာပြပေးတဲ့အလုပ်ကို လုပ်ရပါတယ်။ ည (၉) နာရီလောက်အထိ စာလိုက်သင်ပြီးမှ အိမ်ကိုပြန်ရတယ်။ အပိုရှာရတဲ့ပိုက်ဆံတွေက အိမ်စရိတ်နဲ့ အငယ်တွေကျောင်းစရိတ်အတွက် … ရုံးမှာလဲ ရိုးသားကြိုးစားပြီး စာရိတ္တကောင်းတော့ အရာရှိတွေရဲ့ မျက်နှာသာပေးခြင်းကို ခံရပါတယ်။

အဲဒီလိုနဲ့ တစ်ရက်မှမနားပဲ ရုန်းကန်လာရင်းနဲ့ သူ့အမေ ပင်စင်ယူရတဲ့အချိန်ကိုရောက်လာပါတယ်။ သူ့အတွက်ရတဲ့ ၀န်ထမ်းအိမ်ယာကို တစ်မိသားစုလုံးပြောင်းလာနေကြရတယ်။ သူလဲ ဘွဲ့ရပြီးနောက်ပိုင်း အချိန်တိုးပြီး စာသင်ပါတယ်။ သူရှာသမျှကို သူ့အမေက ကျစ်ကျစ်လစ်လစ်သုံးပြီး မိသားစုအားလုံး အဆင်ပြေပြေနေနိုင်ခဲ့ပါတယ်။

ဒါပေမယ့် မိဘတွေက အသက်ကြီးလာတော့ ကျန်းမာရေးပြသနာတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။ သူ့အဖေ အမေတွေရဲ့ ဆေးခန်းဖိုးတွေအတွက် သူတော်တော်ဦးနှောက်ခြောက်ရတယ်။ သူ့အဖေက လေဖြတ်ပြီး ဆေးရုံတက်လိုက်ရတဲ့နောက်ပိုင်း အကြွေးတင်တဲ့ဘ၀ကို ခဏခဏရောက်ပါတယ်။ သူ့မောင်နဲ့ ညီမဘွဲ့ရပြီးလို့ အလုပ်တွေဝင်လုပ်တော့ နဲနဲတော့ချောင်လာပေမယ့် ဆေးဖိုးကတော့ ဘယ်လိုမှ မစွမ်းနိုင်ဖြစ်နေရတုန်းပါပဲ။

သူကတော့ တစ်ခါမှ မငြီးညူဘူး။ သူ့မိဘတွေကို သူစွမ်းနိုင်သလောက် မရရအောင် ပြုစုကုသမယ်လို့ သန္ဒိဌာန်ချထားပါတယ်။ ဘုရားတရားကိုလဲ အမြဲတမ်းအာရုံပြုတဲ့ အလေ့အကျင့်သူ့မှာရှိပါတယ်။ ဘုရားမှာအမြဲဆုတောင်းတယ်တဲ့ သူ့မိဘတွေကို သူ့အစွမ်းအစနဲ့ အဆင်ပြေအောင် လုပ်ကျွေးနိုင်ရပါလို့၏ လို့ …

သူက ရုပ်ရည်ချောမောပေမယ့် အိမ်ထောင်ပြုဖို့ကို လုံးဝမစဉ်းစားပါဘူး … အခုထက်ပိုတဲ့ တာဝန်တွေကိုထမ်းချင်စိတ်လဲမရှိသလို အိမ်ထောင်ဆိုတဲ့ဒုက္ခတွေကို အပိုအနေနဲ့ ထပ်မယူချင်ဘူး။ သူစွမ်းနိုင်သလောက် အစွမ်းကုန် ရှာဖွေကျွေးမွေးပါတယ်။ နှစ်တွေကြာလာတော့ သူရတဲ့ ကျူရှင်ကြေးကလဲ တဖြည်းဖြည်းတက်လာပါတယ်။ သူ့ဆုတောင်းနဲ့စေတနာတွေကလဲ ခိုင်မာလာပါတယ်။

တစ်နေ့မှာတော့ ဘယ်လိုမှ မျှော်လင့်မထားတဲ့ အောင်ဘာလေ သိန်း (၅၀) ဆု ပေါက်ပါတော့တယ်။ လူတိုင်းလူတိုင်း သူနဲ့ထပ်တူဝမ်းသာကြရသလို သူ့ကိုလဲ ပိုပြီး အထင်ကြီးလာကြပါတယ်။ နောက်တစ်လ ဆက်ထိုးတာတောင် နောက်ထပ် (၅) သိန်းဆု ထပ်ပေါက်ပါသေးတယ်။ သူကအမြဲတမ်း ထီကို တစ်လ (၁) စောင်ထိုးတဲ့အကျင့်ရှိပါတယ်။ သူတို့မိသားစုက စနစ်တကျသုံးစွဲတတ်လို့ အဲဒီပိုက်ဆံတွေကိုလဲ မဖြုန်းပစ်ပဲ လိုအပ်တဲ့နေရာမှာ သုံးနိုင်အောင် စီစဉ်နိုင်ပါတယ်။

သူ့အဖြစ်အပျက်မှာကြည့်ရင် သူတို့က မချမ်းသာဘူး။ ဒါပေမယ့် မိဘတွေက သူ့အတွက် အမြဲဂုဏ်ယူနေပါတယ်။ အလုပ်ထဲက လူကြီးတွေကလဲ သူ့လုပ်ရပ်တွေကို အမြဲတမ်း ချီးကျူးနေပါတယ်။ အပေါင်းအသင်းတွေကလဲ သူ့အတွက်ကို ဘာမဆိုလုပ်ပေးချင်ပါတယ်။ သူ့စိတ်ကူးကလဲ မိဘ ၂ ပါးလုံး မရှိတော့ရင် ရိပ်သာတစ်ခုမှာ တစ်သက်လုံးသွားနေပြီး တရားအားထုတ်သွားတော့မယ်တဲ့ …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....