၂၀၁၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(ခ)ရဲ့ ပွဲစဉ်တွေကို ဒီဇင်ဘာလ(၂)ရက်နေ့ညနေပိုင်းက ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာစတင်ကျင်းပခဲ့ရာမှာ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဗီယက်နမ်အသင်းကို (၇-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး၊ စင်ကာပူနဲ့ ဖိလစ်ပိုင်အသင်းတို့ရဲ့ ပွဲစဉ်ကတော့ (၁-၁)ဂိုးသရေရလဒ်နဲ့ ပြီးဆုံးခဲ့ပါတယ်။ မကြာခင်ကကျင်းပပြီးစီးသွားတဲ့ ၂၀၁၀အာရှအားကစားပြိုင်ပွဲမှာ မြန်မာအားကစားအဖွဲ့ဟာ ရွှေတံဆိပ်(၂)ခုအပါအ၀င် ဆုတံဆိပ်ပေါင်း (၁၀)ခု ဆွတ်ခူးနိုင်ခဲ့ပြီး၊ အာဆီယံ အားကစားအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ရဲ့ အထက်မှာရပ်တည်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အာရှအားကစားပြိုင်ပွဲမှာ တခြားအားကစားနည်းတွေကြောင့် မြန်မာအားကစားလောကရဲ့ အနေအထားဟာ ပြန်လည်ဦးမော့လာခဲ့ပေမယ့် တစ်ချိန်က အာရှအဆင့်မှာ ထိပ်တန်းအသင်းတစ်သင်းအဖြစ် ရပ်တည်ခဲ့တဲ့ မြန်မာဘောလုံးအသင်းကတော့ လက်ရှိအချိန်မှာ အရှေ့တောင်အာရှမှာတောင် ခြေစွမ်းအဆင့်အတန်းမမီတဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်ပါတယ်။

မြန်မာဘောလုံးလောကကို အပျော်တမ်းကနေ ပရိုစနစ်ကိုကူးပြောင်းခဲ့တဲ့ MNL ပြိုင်ပွဲကြောင့် မြန် မာ့လက်ရွေးစင်အသင်းအပေါ် မျှော်လင့်ချက် မြင့်မြင့်မားမားထားရှိခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ မျော်လင့်ချက်တွေဟာ ၂၀၁၀အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ၊ အုပ်စု (ခ)ရဲ့ အဖွင့်ပွဲစဉ်မှာ ဗီယက်နမ်အသင်းကို ပြိုင်ပွဲသမိုင်းတစ်လျောက် အဆိုးရွားဆုံးရလဒ်နဲ့ရှုံးနိမ့်ခဲ့ရတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ရလဒ်ကြောင့်  ရေစုန်မျောခဲ့ရပါတယ်။

မြန်မာအသင်းဟာ အိမ်ရှင်ဗီယက်နမ်ကို ပွဲအစ မိနစ်အနည်းငယ်မှာ သူတင်ကိုယ်တင်ကစားနိုင်ခဲ့တာကလွဲလို့ ကျန်ပွဲချိန်တစ်လျောက်လုံး မယှဉ်နိုင်အောင်ဖြစ်ခဲ့ပြီး ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာပါ။ ဗီယက်နမ်အသင်းဟာ မြန်မာအသင်းကို တစ်ဦးချင်းရော အသင်းလိုက်မှာပါ အသာရခဲ့တဲ့အပြင် နည်းစနစ်၊ နည်းဗျူဟာပိုင်းနဲ့ စိတ်ဓာတ်ပိုင်းမှာလည်း လွှမ်းမိုးကစားနိုင်ခဲ့ပါတယ်။ မြန်မာအသင်းကတော့ ဒီပွဲစဉ်မှာ အပေးအယူအချိတ်အဆက် လုံးဝမမိခဲ့ဘဲ ဗီယက်နမ်အသင်းရဲ့တိုက်စစ်ကို ကြုံ သလို ဖျက်ထုတ်ကစားခဲ့ရပါတယ်။ မြန်မာအသင်းကွင်းလယ်ဟာ တိုက်စစ်ကိုမပံ့ပိုးနိုင်ရုံသာမက ခံစစ်အတွက်လည်း အကူအညီမပေးနိုင်ခဲ့ပါဘူး။ မြန်မာအသင်းရဲ့ တောင်ပံခံစစ်တွေကနေ ဗီယက်နမ်အသင်းက စိတ်ကြိုက် တိုက်စစ်ဆင်ထိုးဖောက်ခဲ့ပြီး ဒုတိယပိုင်းမှာ ဂိုးတွေဆက်တိုက် သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးတစ်ဦးတည်းသာထားကစားတဲ့ မြန်မာအသင်းရဲ့တိုက်စစ်ကိုလည်း ဗီယက်နမ်နောက်ခံလူတွေ က အလွယ်တကူ ထိန်းချုပ်ကစားနိုင်ခဲ့ပါတယ်။

ပထမပိုင်းပွဲချိန် (၁၃)မိနစ်မှာ ဗီယက်နမ်အသင်းက ပထမဂိုးစတင်သွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ ဗီယက်နမ်အသင်းရဲ့ တိုက်စစ်ကို မြန်မာနောက်ခံလူတွေ မထိန်းနိုင်ခဲ့တာကြောင့် တိုက်စစ်မှူးငုယင်အန်ဒက်က အနီးကပ် ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန် (၁၅)မိနစ်မှာ အောင်မျိုးသန့်ရဲ့ ပေးပို့မှုကနေ ဗီယက်နမ်နောက် ခံလူ (၂)ယောက် လိုက်ဖျက်နေတဲ့ကြားက အောင်ကျော်မိုးဟာ မြန်မာအသင်းအတွက် ချေပဂိုးပြန်သွင်း နိုင်ခဲ့ပါတယ်။ ဒါပေမယ့်ဗီယက်နမ်အသင်းကသာ ခြေစွမ်းအသာနဲ့ ဆက်လက်ဖိကစားခဲ့ပြီး မြန်မာအသင်းကတော့ အပေးအယူအချိတ်အဆက်တွေ လွဲချော်နေပါတယ်။ ပွဲချိန်(၃၀)မိနစ်မှာ ဗီယက်နမ်အသင်း ခေါင်းဆောင် ငုယင်မင်ဖောင်က မြန်မာပယ်နယ်တီ ဧရိယာအစပ်မှာရရှိတဲ့ ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်း နိုင်ခဲ့တာကြောင့် ဗီယက်နမ်တို့ဒုတိယဂိုးထပ်မံရရှိကာ ပထမပိုင်းအပြီး(၂-၁)ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မြန်မာအသင်းအနေနဲ့ မျိုးမင်းထွန်းအစား ကျော်ကိုကိုကို လူစားထည့်သွင်းကစားခဲ့ပေမယ့် ကစားပုံတက်မလာခဲ့ဘဲပွဲချိန်(၅၁)မိနစ်မှာ တတိယဂိုး ထပ်မံပေးခဲ့ရပါတယ်။ ပွဲချိန်မိနစ်(၆၀)မှာ တော့ မြန်မာအသင်းနည်းပြဦးတင်မြင့်အောင်က ထွန်း ထွန်းဝင်းနဲ့ အောင်မျိုးသန့်တို့ကိုထုတ်ပြီး မိုင်းအိုက် နိုင်၊ ကျော်ခိုင်ဝင်းတို့ကို လူစားလဲခဲ့ပြန်တယ်။ ဒါပေမယ့် ဗီယက်နမ်အသင်းကသာ ဂိုးတွေထပ်မံသွင်းယူ ခဲ့ပါတယ်။ ဗီယက်နမ်အတွက် စတုတ္ထဂိုးကို ပွဲချိန်(၆၆) မိနစ်မှာ ငုယင်အန်းဒက်က သွင်းယူခဲ့ပြီး ပွဲချိန်(၇၄) နဲ့(၈၃)တို့မှာ ငုယင်ထရောင်ဟောင်၊ နာကျင်အချိန်ပို မှာ ငုယင်ဘူဖောင်တို့က ဂိုးတွေထပ်မံသွင်းယူခဲ့တာ ကြောင့် မြန်မာအသင်းဟာ ဗီယက်နမ်အသင်းကို (၇-၁)ဂိုးနဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ မြန်မာအသင်းအနေနဲ့ ၂၀၁၀ အာဆီယံဆူဇူကီးဖလားအတွက် ကြိုတင်ပြင်ဆင်မှု အလွန်အားနည်းခဲ့တဲ့အပြင် ပြိုင်ပွဲအကြိုလုံလောက်တဲ့ခြေစမ်းပွဲတွေ စီစဉ်နိုင်ခြင်းမရှိခဲ့တဲ့ အခြေအနေတွေဟာ အခုလိုမျိုးဆိုးရွားတဲ့ ရလဒ်နဲ့ကြုံတွေ့ဖို့ ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။

ပွဲပြီးပြောစကား

“ပြိုင်ပွဲမှာ ကလပ်အသင်းတွေက ကျပ်ငွေသိန်းပေါင်းသောင်းချီပြီး အသုံးပြုနေချိန်မှာ မြန်မာ့လက်ရွေးစင်အသင်းအတွက်တော့ လုံလောက်တဲ့ ငွေကြေးသုံးစွဲမှုမျိုးမရှိဘူး ဖြစ်နေတယ်။ မြန်မာ့လက်ရွေးစင်အသင်းအတွက် နိုင်ငံခြားသားနည်းပြ၊ ဒါမှမဟုတ်နည်းစနစ်ဒါရိုက်တာ ကြိုတင်ငှားရမ်းမှု၊ နိုင်ငံတကာခြေစမ်းပွဲတွေ လုံလုံလောက်လောက်ကစားခွင့်ရအောင် စီစဉ်မှုစတာတွေအတွက် လိုအပ်တဲ့ငွေကြေးသုံးစွဲမှုမရှိခဲ့ဘူး။ အစစအရာရာ ပြင်ဆင်မှုအားနည်းခဲ့တာကြောင့် ဒီရလဒ်ထွက်လာတာ မဆန်းပါဘူး’ ကိုကျော်ဇောလင်း(အမှုဆောင်အယ်ဒီတာ) First Eleven Sport Journal

“ဗီယက်နမ်အသင်းက Performance တော်တော် ကောင်းပါတယ်။ သူတို့ပရိသတ်တွေရဲ့ ကွင်းလုံးပြည့်အားပေးတဲ့ Pressure တွေကြောင့်လည်း ကျွန်တော့်ကစားသမားတွေ ထင်သလောက် မကစားနိုင်ခဲ့ကြပါဘူး။ ဘောလုံးအသင်း တစ်သင်းမှာနှစ်ဦး၊ သုံးဦးလောက်က အာရုံစူးစိုက်မှုနည်းနေရင် ဒီလို မျိုးဖြစ်တတ်ပါတယ်။ (၂)ပွဲကစားဖို့ ကျန်သေးတဲ့အတွက် အုပ်စု တက်ဖို့ အခွင့်အရေးတွေ ရှိနေပါသေးတယ်။” ဦးတင်မြင့်အောင် (နည်းပြချုပ်-မြန်မာအသင်း)

“ကျွန်တော့်အမြင်တော့ မျိုးဆက်သစ်တွေနဲ့ လက်ရွေးစင် အသင်းကို ပြောင်းလဲဖို့လိုအပ်လာပါပြီ။ တစ်ခါလာလည်း ဒီလူ တွေနဲ့ရလဒ်မကောင်းရင် ပြောင်းလဲမှုတွေလုပ်ရတော့မှာပါ။ ကျွန် တော်ဒီလောက်ပဲ ပြောချင်ပါတယ်။” ဦးခင်မောင်ကြိုင်(အုပ်ချုပ်သူ-မြန်မာအသင်း)

“ကျွန်တော့်ကစားသမားတွေ အခုပွဲကစားပုံကောင်းမွန်ပြီး အသင်းကစားကွက်နဲ့ အံဝင်အောင်ကစားနိုင်လို့ ဂိုးတွေအများ ကြီးရလိုက်တာပါ။ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် မြန်မာအသင်းဟာ အသင်းကောင်းတစ်သင်းပါ။ မြန်မာအသင်းရဲ့ အားနည်းချက်က တော့ လူကပ်ကစားရာမှာ အားနည်းပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့တောင်ပံတွေကနေ ကောင်းကောင်းလှုပ်ရှားပြီး ကစားနိုင်ခဲ့တာပါ။ ကွင်းလယ်မှာလည်း စုစည်းမှုမရှိလို့ Space တွေအများကြီးပေါ်ပြီး ကျွန်တော်တို့ထိန်းချုပ်နိုင်ခဲ့တာပါ။ ဂိုးပြတ်နိုင်ခဲ့ပေမယ့် မြန်မာအသင်းဟာ အဆင့်ရှိတဲ့ အသင်းတစ်သင်းပါ။” မစ္စတာကယ်လစ္စတို (နည်းပြချုပ်-ဗီယက်နမ်အသင်း)

Source : Eleven News မှ ရင်နာနာ နှင့် အများသိရန် ကူးယူ တင်ပြလိုက်ရခြင်းပါဘဲ

About Bayote

Bayote has written 395 post in this Website..