အနုပညာရှင် ၁၁ ဦး FM တွင် တားမြစ်ခံရ

နွယ်ပင်December 3, 20101min631

အနည်းဆုံး အနုပညာရှင် ၁၁ ဦး၏ ဖျော်ဖြေတင်ဆက်မှုနှင့် အင်တာဗျူးများ မပြုလုပ်ရန် နိုင်ငံတဝှန်းရှိ FM အသံလွှင့်လုပ်ငန်း ၈ ခုကို ပြန်ကြားရေး ဝန်ကြီးဌာနက နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ညွှန်ကြားခဲ့ကြောင်း FM အသံလွှင့်ဌာနတခု အပြောအရ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံတဝှန်းရှိ FM အသံလွှင့်လုပ်ငန်း အားလုံးသို့ အကြောင်းကြားစာ ပေးပို့ရာတွင် အဆိုတော် ဆောင်းဦးလှိုင်၊ အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက်နှင့် မဇ္ဈိမလှိုင်း ဂီတဝိုင်းမှ Bass တီးခတ်သူ ကိုရဲလွင်၊ ရုပ်ရှင်ဒါရိုက်တာများဖြစ်သည့် မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ မင်းထင်ကိုကိုကြီးနှင့် ချိုတူးဇော်၊ သရုပ်ဆောင် ဦးကျော်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်တို့၏ သီချင်းများ အသုံးမပြုရန်နှင့် အင်တာဗျူး မလုပ်ရန် ညွှန်ကြားထားသည်ဟု ဆိုသည်။

“ဒီလူ၊ ဒီလူတွေရဲ့ အင်တာဗျူးတွေ၊ သီချင်းတွေကို FMRadio_Posterထုတ်လွှင့်တာ ရပ်ဆိုင်းဖို့ ညွှန်ကြားစာရောက်တယ်” အမည်မဖော်လိုသော FM တခု၏ ဝန်ထမ်းတဦးက ပြောသည်။

ရပ်ဆိုင်းရမည့် အချိန်ကာလကို တိကျစွာ သတ်မှတ် ဖော်ပြထားခြင်း မရှိသလို မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းသည်ကိုလည်း ဖော်ပြ ထားခြင်း မရှိဟု သူက ပြောသည်။

အပိတ်ပင်ခံရသူများကို မဇ္ဈိမက ဆက်သွယ်သော်လည်း တဦးသာလျှင် ဆက်သွယ်၍ ရခဲ့ပြီး၊ အမည်မဖော်ပြရန် မေတ္တာရပ်ခံသည်။

“အခုက နယ်ပယ်စုံက အနုပညာရှင်တွေကို ပိတ်လိုက်တာလေ။ ရွေးကောက်ပွဲလည်း ပြီးပြီဆိုတော့ အနုပညာရှင်တွေအနေနဲ့ သူတို့ စိတ်ဝင်စားတာတွေ လုပ်ကြည့်တယ်၊ ပြောကြည့်တယ်။ ဒါတွေ အရှိန်တက်မလာအောင်လို့ သင်ခန်းစာ ပေးလိုက်တဲ့ သဘောပါပဲ” ဟု သူက ပြောသည်။

ပိတ်ပင်မှုကို အနုပညာသည်များကိုလည်း အကြောင်းကြားခြင်း မရှိပေ။ ရန်ကုန်ရှိ အနုပညာလောကနှင့် စာပေနယ်တွင်ပါ ထင်ကြေးပေးပြောဆိုမှုများတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ထောက်ခံမှုနှင့် ဆက်စပ်နေသလို အာဏာပိုင်များကို အပြစ်တင်သလိုဖြစ်စေသော သရော်မှုများကြောင့် စစ်အစိုးရက တုံ့ပြန်မှုဟု ပါရှိသည်။

အနဂ္ဂ၊ သံသာဝင်း၊ ကျားပေါက် အပါအဝင် အဆိုတော်အချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထူထောင်ထားသော HIV/AIDS ကုသစောင့်ရှောက်မှုပေး တောင်ဒဂုံရှိ ၃၇၆ ဂေဟာတွင် သွားရောက် လှူတန်းခဲ့သည်။

နာရေးကူညီမှုအသင်း ဦးစီးသူ ဝါရင့်သရုပ်ဆောင် ဦးကျော်သူကို အတို်က်အခံ နိုင်ငံရေးလှုပ်ရှားမှုနှင့် နီးစပ်သဖြင့် ရုပ်ရှင်ရိုက်ခွင့် ပိတ်ပင်ထားသည်မှာ ၂ နှစ်ရှိပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အချုပ်မှ လွတ်မြောက်ပြီး နောက်တရက်တွင် နေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

ထို့ပြင် ယခုလ ၂၁ ရက်နေ့တွင် သုဝဏ္ဏအားကစားကွင်း၌ ဖျော်ဖြေခဲ့သော ထာဝရနှင်းဆီ အငြိမ့်တွင် မြန်မာပြည်၏ လက်ရှိအခြေအနေကို သရော်သော ပြက်လုံးများ ထုတ်ခဲ့သဖြင့် ရုပ်ရှင် သရုပ်ဆောင်များဖြစ်သည့် နေတိုး၊ ရဲလေး၊ ထွန်းထွန်း၊ ကျော်ကျော်ဗိုနှင့် မိုးမိုးတို့လည်း ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်ထားသည်ဟု သိရသည်။

နေတိုးက “မှန်ရာကို သစ္စာဆိုပါမည်၊ လမ်းတွေကို အလွယ်ခင်းပါသည်၊ ဒါပေမဲ့လည်း တခုတော့ ပြောချင်သည် တခြမ်းပဲ ခင်းတော့ သွားရအလွန်ခက်သည်” ဟူ၍ ပြက်လုံးပြက်ခဲ့ရာ လူကြိုက်များခဲ့သည်။

“မူကြမ်းသွားတင်တော့ ထာဝရနှင်းဆီထဲက လူရွှင်တော်တယောက်ရဲ့ အင်တာဗျူး ပါသွားတယ်။ အဲဒါကို ဖြုတ်ခိုင်းရင်းနဲ့ သူတို့ ၅ ယောက်နဲ့ မောင်မျိုးမင်း အကြောင်းပါ မထည့်ဖို့ စာစစ်မှူးက ပြောလိုက်တာ” ဟု ဂျာနယ်သတင်းထောက် တဦးက မဇ္ဈိမကို ပြောသည်။

နိုင်ငံတဝှန်းတွင် ရန်ကုန် စီးတီး၊ မန္တလေး စီးတီး၊ ပိတောက်မြေ၊ ရွှေ၊ ပတ္တမြား၊ ပဉ္စဝတီ၊ ချယ်ရီနှင့် ပုဂံ FM ဟူ၍ FM အသံလွှင့်လိုင်းများ ရှိသည်။

source by : http://www.mizzimaburmese.com

One comment

  • PaukPhaw

    December 3, 2010 at 2:02 pm

    အင်း..
    သူတို ့လဲ တစ်နေ ့ဒီလိုဖြစ်မယ်ဆိုတာကြိုတွေးပြီးလောက်ပါတယ်လေ

Leave a Reply