အိမ်မက်ဂဏန်း


ဟိုးတလောက ရွာထဲမှာ နှစ်လုံးတွေ သုံးလုံးတွေ ခေတ်ထနေလို့ ဘိုးတော်ကြောင်ကြီးလည်း ဝင်ပြီးဖောရှော ပါရစေ။ ဘိုးတော်လို့ အစကထဲက ပြောထားတော့ နလပိန်းတုန်း သာမန်လူတွေလို ချဲထိုးချဲပေါက် ဒိုင်လျော်ဒိုင်ပြေးတွေ အကြောင်းပြောမှာ မဟုတ်ပါဘူး။ ဘိုးတော်ကြောင်ကြီးရဲ့ သမထ တန်ခိုးနဲ့ မက်တဲ့အိမ်မက်လေးကို သမုဒ္ဒရာ ဝမ်းတထွာအတွက် မမောနိုင်မပန်းနိုင် လှုပ်ရှားရုန်းကန် နေရတဲ့ သားတော်သမီးတော်များ အတွက် ပေးမှာပါ။ အိမ်မက်လေးက ဒီလိုပါ……
တနေ့ အိပ်မောကျစဉ် နတ်ပြည်ကို စိတ်ဇောကျ သွားမိပါတယ်။ နတ်မင်းကြီးက ကျနော်တို့ ချစ်စနိုးနဲ့ ခေါ်နေကြတဲ့ သဂျီးမင်း ဆိုသူပါ၊ အပါးတော်မြဲ အရာရှိချုပ်က လက်သံပြောင် ငပွကြီး ဆူးနတ်သမီး၊ စားတော်ကဲနတ်သမီးကတော့ ဟင်းချက်စာအုပ်ကိုဖတ်ပြီး ဆရာကြီးတဆူ လုပ်လေ့ရှိတဲ့ အန်တီဝေ ဖြစ်ပါတယ်။ နတ်မင်းဆီ အဝင်အထွက် လုပ်ချင်ရင် သူတို့က တဆင့်ဝင် ရပါသတဲ့။ ကိုပု ကတော့ လူကြီးကို သဂျီးလို့ ပမာမခန့် လှောင်ပြောင်မိလို့ ဂျီးထူနတ်မင်းကို ရေချိုးတော် ဆက်ရတဲ့ ပုနတ်သမီးဖြစ်လို့ နေပါတယ်။
သားတော်သမီးတော် သုံးပါးကတော့ လန်၊ ကွီးနဲ့ တုံး နတ်တွေပါ။ ဘာမှမလုပ် ညာတုတ် တွေပေါ့။ တုံးနတ်သမီးကတော့ ဟိုတလောက ခမည်းတော်ဆီက ငွေတသိန်း ဘတ်သွားလို့ နတ်မင်း အမျက်တော်ရှ ခံနေရလေရဲ့။ ပုံပြောလိုက် ရွှေဒင်္ဂါးပြားတွေ စုလိုက်နဲ့ အိတ်ကြီးဖောင်းကား နေတဲ့ ပေါက်နတ်ကြီးလည်း ရှိပါတယ်။ နတ်မင်းအမိန့်တွေကို ထုတ်ပြန်ပေးရသူက စာရေးတော် ဖက်နတ်ပါ၊ လူဖြစ်တုန်းက MRTV မှာ မိုးလေဝသလပတ် ကဏ္ဍနဲ့ ဒို့တာဝန် အရေးသုံးပါး ကြွေးကြော်သံတွေ တာဝန်ယူခဲ့သူ ပရိုဂျူဆာပေါ့။
လူ့ဘဝတုန်းက ချဲဒိုင်ဖြစ်ပြီး၊ ရည်းစားက အချီကြီးပေါက်သွားတဲ့ ထိုးသားနဲ့ လိုက်သွားလို့ နှစ်လုံးသုံးလုံးကို စိတ်နာနေတဲ့ အနီနတ်ဆိုတာလည်း ရှိပါတယ်။ မှော်အတတ်နဲ့ နတ်မင်းကို ပြန်အာခံ ရဲတဲ့ အောက်လမ်းနတ် ဆိုတာလည်း တွေ့ပါတယ်။ အခြားသူတွေလည်း အများကြီး တွေ့ခဲ့ရပါတယ်၊ စာရှည်သွားမှာ စိုးလို့ ဒီလောက်နဲ့ပဲ ရပ်ပါရစေ။ ကျနော်ကတော့ သဂျီးလုပ်သူကို ငှက္ကဌလို့ ခေါ်မိလို့ အိမ်မက်ထဲမှာ ငှက်လို နတ်ယာဉ်ပျံကြီးမောင်းတဲ့ နတ်ပိုင်းလော့ ဖြစ်နေပါတယ်။
အိမ်မက်ကို အတိုချုပ်ပြောရရင် နတ်မင်းက လူ့ပြည်ကို ပိုင်းလော့နတ်သား ကိုကြောင်ကြီးရဲ့ နတ်ယာဉ်ပျံကြီးနဲ့ အလည်သွားပါတယ်။ ကောင်းကင်ခရီးသွားရင်း လူသဂျီးမင်း ဖြစ်စဉ်က ထားခဲ့တဲ့ နောက်ဆုံးနံပတ် စမောလ်လေး အိမ်နားရောက်တော့ သံယောဇဉ် မပျက်သေးတာမို့ ခရီးတထောက် ဝင်နားပါတယ်။ ကောင်မလေးက နတ်မင်းကို မလှုပ်နိုင်အောင် ချုပ်ထားလိုက်ပြီး ညုတုတုအသံနဲ့ တိုတိုကိုင် မပြန်ခင်မှာ မီးကိုအရင်လို စောင်မပြီး ကြည့်ရှုသလိုမျိုး နှစ်လုံး သုံးလုံး နံပတ်လေး ပေးပါလို့ ချွဲလိုက်တော့ နတ်မင်းကြီးလည်း ရွှေဘောတော်ကျပြီး သူ့နှမတော်ဟောင်းကို နံပတ်တွေ ပေးသတဲ့။ ပေးခဲ့ပုံကလည်း နတ်နဲ့လူဖြစ်တာ တကြောင်း၊ လူ့ပြည်မှာလည်း ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုပြီး တိုင်လို့ရသမျှ ဗြဟ္မာမင်းကြီး အထိ တက်တိုင်မယ်လို့ ကြုံးဝါးသံတွေ ထွက်နေတော့ ဝိနည်းလွတ် စကားထာလေးပဲ ပေးခဲ့ရတယ်။
ပေးခဲ့တဲ့ စကားထာလေးက နင်နဲ့ငါနဲ့ နှစ်ကိုယ်ကြားပဲ သိတဲ့အရာကို ချစ်လေး ညဏ်ရှိသလို နှစ်လုံးရော သုံးလုံးရော အတွက်ပါ သုံးပေတော့လို့ ဆိုသတဲ့။ စမောလ်လေးလည်း ဘယ်လိုစဉ်းစား စဉ်းစား ညဏ်မမှီတာကြောင့် ဆရာမကြီးများထံကို မေးမြန်းဆည်းကပ်တော့မှ အဖြေရသွားပါတယ်။ အဲဒီ နံပါတ်နှစ်ခုက (တခုက နှစ်လုံးဂဏန်း၊ နောက်တခုက သုံးလုံးဂဏန်း) ဒီတပတ်မှာ သေချာပေါက် အောရမဲ့ဂဏန်းတွေလို့ ထင်ထင်ရှားရှား အိမ်မက်ထဲမှာ ပေါ်ပေမဲ့ ဘယ်ဂဏန်းတွေဆိုတာ ဖေါ်မရလို့ ညဏ်ရှိသလိုသာ သုံးကြပါတော့လို့ ရွာသူရွာသားများကို လက်တို့လိုက်ပါရစေ။

တိုက်ဆိုင်မှုရှိလျင် ခွင့်လွှတ်စေလိုပါသည်၊ ဘာကို၊ မည်သူ့ကိုမှ မရည်ရွယ်ပါ။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး