နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ဘယ်လိုများ မှည့်ခေါ်ချင်ပါသလဲ

manawphyulayDecember 4, 20101min392

မနော ပုံပြင်လေးတစ်ပုဒ်ပြောပါရစေ……….
ဒီပုံပြင်မှာ ရည်ရွယ်ချက် ရှိပါသည်။

လူဆိုတာ တစ်ယောက်ထည်း နေလို့ မရဘူး။ အသိုင်းအဝိုင်း၊ အပေါင်းအသင်းနဲ့ နေရတယ်။ အနည်းဆုံး ကိုယ့်မိသားစုနဲ့ ပေါင်းရတယ်။ သင်းရတယ်။ အမြဲတမ်း ထိတွေ့ဆက်ဆံနေရတော့ စိတ်ထဲမှာ အဆင်မပြေမှုတွေ၊ ပြဿနာတွေ၊ အားမလိုအားမရဖြစ်မှုတွေ ရှိနိုင်ပါတယ်။ ဒီပုံပြင်လေးဟာ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြား၊ မိဘနဲ့ သားသမီးအကြား၊ ဆရာနဲ့ တပည့်အကြား၊ လင်မယား နှစ်ယောက်အကြား၊ သူငယ်ချင်း နှစ်ယောက်အကြားမှာ ထားသင့်ထားအပ်တဲ့ အတွေးတစ်ခုကို ပေးပါလိမ့်မယ်။

*********

တစ်ခါတုန်းက……….

အလင်းမရှိဘဲ မှောင်နေတဲ့ အခန်းတစ်ခန်းထဲမှာ ဖယောင်းတိုင်ကလေး (၅)တိုင် ရှိတယ်။ အဲဒီ ဖယောင်းတိုင်တွေမှာ အလင်းကိုယ်စီနဲ့ပေါ့။ ဖယောင်းတိုင် (၅)တိုင်ရဲ့ အလင်းအားကြောင့် မှောင်မည်းနေတဲ့အခန်းဟာ လင်းထိန်နေတော့တယ်။ ဒီအခန်းထဲကို လေပြေပျော့လေး တိုက်ခတ်နေသတဲ့။ တစ်ခါတစ်ခါမှာ လေဟာ ပြင်းသွားလိုက်၊ တစ်ခါတစ်ခါမှာ လေဟာ ငြိမ်သွားလိုက်နဲ့ပေ့ါ။

လေတစ်ချက်အဝေ့မှာ ဖယောင်းတိုင်လေး တစ်တိုင် မီးငြိမ်းသွားတယ်။ အခန်းဟာ အလင်းအား နည်းနည်း လျော့သွားတယ်။ အဲ့ဒီဖယောင်းတိုင်လေးကို “အချစ်“ လို့ နာမည်ပေးကြည့်ရအောင်။ “အချစ်ဆိုတဲ့ အလင်းအားလေး“ လျော့သွားတော့ အခန်းဟာ နည်းနည်းလေး မှောင်သွားတယ်။

နောက်ထပ် လေအဝှေ့မှာ ဒုတိယ ဖယောင်းတိုင်လေး မီးငြိမ်းသွားပြန်တယ်။ အဲဒီ ဖယောင်းတိုင်လေးကို “သံယောဇဉ်“ လို့ နာမည်ပေးကြည့်ရအောင်။ ဒီအခန်းထဲမှာ “အချစ်“ ဆိုတဲ့ အလင်းရောင်ရယ်၊ “သံယောဇဉ်“ ဆိုတဲ့ အလင်းရောင်ရယ် မရှိတော့ဘူး။ အခန်းဟာ အမှောင်ထု ကြီးစိုးလာတော့တယ်။

ဒီလိုနဲ့ နောက်ထပ် “`လေတစ်ချက်“ အဝေ့မှာ တတိယ ဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။ အဲဒီဖယောင်းတိုင်လေးကို “မေတ္တာတရား“ လို့ နာမည်ပေးကြည့်ရအောင်။

ဒီလိုပဲ… နောက်ထပ် လေအဝေ့တစ်ချက်မှာ စတုတ္ထဖယောင်းတိုင်လေး ငြိမ်းသွားပြန်တယ်။ ဒီဖယောင်းတိုင်လေးကိုတော့ “ကရုဏာ တရား“ လို့ နာမည်ပေးကြည့်ရအောင်။

ဖယောင်းတိုင် (၅) တိုင် အလင်းအားရှိတဲ့ ဒီအခန်းဟာ ဖယောင်းတိုင် (၁)တိုင်မျှသာ အလင်းအားရှိတော့တယ်။ ဒီနောက်ဆုံး ဖယောင်းတိုင်လေးသာ လေအဝေ့မှာ မီးညွန့်ကလေးငြိမ်းသွားခဲ့ရင် ဒီတစ်ခန်းလုံး မှောင်မည်းသွားတော့ မှာပါပဲ။

ဖြစ်ချင်တော့ ဒီအခန်းထဲကို လူတစ်ယောက် ရောက်လာတယ်။

“အခန်းကြီးက မှောင်းမည်းနေတာပဲ။ တော်သေးတာပေါ့။ ဖယောင်းတိုင်လေးတစ်တိုင် လင်းနေသေးလို့“

ပြောပြောဆိုဆို ဖယောင်းတိုင်ရဲ့ မီးညွန့်ကို လက်ဝါးလေးနဲ့ ကာလိုက်တယ်။ အလင်းရောင် မှိန်ပျပျအောက်မှာ မီးငြိမ်းနေတဲ့ ဖယောင်းတိုင် (၄)တိုင်ကို တွေ့သွားတယ်။ ချက်ချင်းဆိုသလိုပဲ နောက်ဆုံးကျန်နေတဲ့ ဖယောင်းတိုင်ရဲ့ မီးညွန့်ကိုကူးပြီး မီးငြိမ်းသွားခဲ့တဲ့ ဖယောင်းတိုင်လေးတွေကို မီးကူးပေးလိုက်တယ်။ ဒီအခန်းက အရင်အတိုင်းပဲ ပြန်ပြီး လင်းထိန်သွားပါတော့တယ်။

**********

စာဖတ်သူကို မေးပါရစေ……

ဒီနောက်ဆုံးကျန်တဲ့ ဖယောင်းတိုင်လေးကို ကျွန်တော်တို့ နာမည်ပေးကြည့်ကြရအောင်။ စာဖတ်သူလည်း ကြိုက်သလို နာမည်ပေးပါ။ နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို “နားလည်ပေးမှု၊ စာနာပေးမှု ဖယောင်းတိုင်“ လို့ နာမည်ပေးထားတယ်။

တွေးကြည့်ရအောင်။

လူတစ်ယောက်နဲ့ တစ်ယောက်အကြားမှာ “နားလည်ပေးမှု၊ စာနာပေးမှု“ ဆိုတဲ့ အလင်းအား ရှိတဲ့ ဖယောင်းတိုင်လေးသာ ရှိနေသေးရင် “အချစ်“ဆိုတာ ပြန်ဖြစ်နိုင်တယ်။ “သံယောဇဉ်“ ဆိုတာ ပြန်ဖြစ်နိုင်တယ်။ “မေတ္တတရား၊ ကရုဏာတရား“တွေ ပြန်ဖြစ်နိုင်တယ်။ “နားလည်ပေးမှု၊ စာနာပေးမှု“ ဆိုတဲ့ ဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… အခန်းကြီး မှောင်မည်းသွားသလို အချစ်တွေ၊ မေတ္တာတရားတွေ၊ သံယောဇဉ်တွေ၊ ကရုဏာတရားတွေ ပြန်ဖြစ်ဖို့ မလွယ်တော့ပါဘူး။ လူ့ဘဝရဲ့ အနှစ်သာရလည်း ပျက်စီးသွားတော့မှာပါပဲ။

မိသားစု အချင်းချင်းအကြားမှာ၊ သူငယ်ချင်းနှစ်ယောက်အကြားမှာ၊ မောင်နှမနှစ်ယောက်အကြားမှာ၊ လင်မယားနှစ်ယောက်အကြားမှာ၊ အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုအကြားမှာ “နားလည်ပေးမှု၊ စာနာပေးမှု“ဆိုတဲ့ ဖယောင်းတိုင်လေး လင်းနေဖို့ လိုမယ်ထင်ပါတယ်။ ဒီဖယောင်းတိုင်လေးသာ မီးငြိမ်းသွားခဲ့ရင်… လူမှုဆက်ဆံရေးရဲ့ ပျော်စရာကောင်းတဲ့ သဘာဝကို ခံစားနားလည်နိုင်တော့မှာ မဟုတ်ပါဘူး။

ချစ်သူနှစ်ယောက်အကြားမှာ “နားလည်ပေးမှုနဲ့ စာနာပေးမှု“ ရှိရင် ပျော်စရာ သိပ်ကောင်းမှာပဲ။
မိဘအပေါ်မှာ နားလည်ပေးတက်တဲ့ သားသမီးတွေကို ပိုင်ဆိုင်ခွင့်ရတဲ့ မိသားစုဟာ ပျော်စရာကြီးပါ။ ဒီလိုပါပဲ နားလည်ပေးတက်တဲ့၊ စာနာပေးတက်တဲ့ မိဘတွေရဲ့ သားသမီးဖြစ်ခွင့်ရရင်လည်း ပျော်စရာပါပဲနော်။
ကိုယ့်ကို နားလည်ပေးတဲ့၊ စာနာပေးတဲ့ ချစ်သူနဲ့သာ အတူနေခွင့်ရရင် အချစ်ဆိုတာ ပျော်စရာပဲလို့ ခံစားမိမှာပါ။

အပြန်အလှန် နားလည်ပေးတဲ့၊ စာနာပေးတဲ့ လူ့အဖွဲ့အစည်းတွေသာ ကျွန်တော်တို့ ဝန်းကျင်းမှာရှိခဲ့ရင် မနောတို့ လူ့ဘောင်လောကကြီးဟာ ဒီထက်ပိုပြီး သာယာလာပါမယ်။ ငြိမ်းချမ်းလာပါမယ်။ တိုးတက်လာပါမယ်။ ပျော်စရာလည်း ကောင်းလာပါမယ်။

ဒါကြောင့် ဘယ်နေရာမှာ မဆို “နားလည်ပေးမှုနဲ့ စာနာပေးမှု“ အပြန်အလှန်ရှိကြမယ်ဆိုရင် လောကကြီးဟာ ငြိမ်းချမ်းနေမှာပါ။

ဒါပေမယ့်….

“နားလည်ပေးမှုနဲ့ စာနာပေးမှု “ ကိုတော့ အလွဲသုံးစား မလုပ်သင့်ဘူးနော်။

“နားလည်ပေးမှုနဲ့ စာနာပေးမှု“ ကို အခွင့်ကောင်းမယူသင့်ဘူး။

“နားလည်ပေးမှုနဲ့ စာနာပေးမှု“ ကို တန်ဖိုးမဲ့အောင် မလုပ်သင့်ဘူးနော်။

စာဖတ်သူလည်း နောက်ဆုံး ဖယောင်းတိုင်လေးရဲ့ နာမည်ကို ဘယ်လိုများ မှည့်ခေါ်ချင်ပါသလဲ။

ဒီပုံပြင်လေးကို ဖတ်ပြီး….

“ချစ်သူတွေ၊ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လူသားတွေ၊ အဖွဲ့အစည်းတွေ“ ရဲ့ကြားမှာ “နားလည်ပေးမှုနဲ့ စာနာပေးမှု“ ဆိုတဲ့ အလင်းရောင်ကလေးနဲ့ “ အချစ်တွေ၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ ကရုဏာတရားတွေ“ ပြန်ပြီး ရှင်သန်ထွန်းလင်းကြပါစေလို့ ဆန္ဒပြုလိုုက်ပါတယ်။

တွေးဆကြည့်ကြဖို့ပါရှင်။

ဆရာ ဦးဘုန်း(ဓာတု) ၏ နီးနီးဝေးဝေး အတွေးလက်ဆောင် စာအုပ်မှ ဆရာ၏ ခွင့်ပြုချက်ဖြင့် အွန်လိုင်းပေါ်မှ စာဖတ်ပရိသတ်များအတွက် တွေးတော ကြံဆ နိုင်ဖို့ရန်အတွက် အားဆေး တစ်ခွက်အနေနဲ့ ပြန်လည် ရေးသား ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

2 comments

  • yaunglone

    December 4, 2010 at 12:31 pm

    အဲဒီနောက်ဆုံး ဖရောင်းတိုင်ဆိုတဲ့ ပို့စ်လေးကို ဟိုးအရင်ကလည်း ကျွန်တော့်ရဲ့ မိုးကောင်းကင် ဘလော့မှာ လည်း တင်ခဲ့ဘူးတယ်ဗျ။ အဲဒီပို့စ်လေးက လူကြိုက်တော်တော် များတဲ့ ပို့စ်လေး ဖြစ်သွားခဲ့တယ်။ အခုလို ပြန်လည် မျှဝေ ပေးတဲ့ အတွက် လည်း ဆရာကိုယ်စား အားလုံးကိုယ်စား ကျေးဇူး တင်ပါတယ်ခင်ဗျာ။

  • unclegyi1974

    December 4, 2010 at 2:21 pm

    မနောကပုံပြောမယ်ဆိုလို့
    ဖတ်ဖူးပါတယ်အောက်မေ့နေတာ
    ပြီးမှဦးဘုန်းဖြစ်နေတယ်
    အတော်နောက်တာဘဲ

Leave a Reply