၅၂၈ သွယ် မေတ္တာ ဆိုရာဝယ်

who whoDecember 5, 20101min4376

“စတုရာရက္ခ” ဟူ၍ အမည်တွင်သော “ကိုယ်စောင့်တရား လေးပါး” ကိုတော့ ကျွန်တော်အနေနဲ့ ကြားဖူးနာဝ ရှိထားတာပေါ့။ ဒါ ပေမယ့် ဒီကိုယ်စောင့်တရားတွေကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ကျင့် ကြံနိုင်မှုကျတော့ အားနည်းနေပါသေးတယ်။ ဒါကြောင့်ပဲ စိတ်ထဲက တေးထားခဲ့ပါတယ်။ ဒါလေးတွေကို သေချာ သိအောင် လေ့လာ ကျင့်ကြံဦးမယ်ဆိုပြီးလေ။

အရင်ဆုံး ဒီတရားလေးတွေနဲ့ မိတ်ဆက်ချင်ပါတယ်။

၁။ ဗုဒ္ဓ၏ ဂုဏ်တော်ပွားများခြင်း (ဗုဒ္ဓါနုဿတိ ဘာဝနာ)

၂။ မေတ္တာပွားများခြင်း (မေတ္တာဘာဝနာ)

၃။ သေခြင်းတရားကို နှလုံးသွင်း ဆင်ခြင်ခြင်း (မရဏဿတိ ဘာဝနာ)

၄။ မတင့်တယ်သော ရုပ်သဘောကို နှလုံးသွင်း ဆင်ခြင်ခြင်း (အသုဘ

ဘာဝနာ)

တို့ပဲဖြစ်ပါတယ်။ ဒီတရားလေးပါး ဟာ သမထဘာဝနာ လေးမျိုးပင်ဖြစ် သော်လည်း ဝိပဿနာလုပ်ငန်းကို ကောင်းစွာ ကျေးဇူးပြုနိုင်တာ ကြောင့် မသိမဖြစ် မပွားမဖြစ် ပွားသင့်သော အခြေခံတရားတွေလို့ လည်း ဆိုနိုင်ပါတယ်။

ကံသုံးပါးဖြစ်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံ တို့တွင် ကာယကံ နှင့် ဝစီကံကိုတော့ သီလနဲ့ထိန်းခြင်းဖြင့် ကိုယ်နဲ့ နုတ်ကို စောင့်ရှောက် ရပါတယ်။ အဲ စိတ်ထဲမှာ ပေါ်လာတဲ့ မကောင်းတဲ့ အကုသိုလ်စိတ်တွေ ကိုကျတော့ ဒီကိုယ်စောင့်တရား (၄) ပါးနဲ့ စောင့်ရှောက်မှ ရပါမယ် နော်။ ဒီလိုမှမစောင့်ရှောက်ရင်တော့ ဆိုးရွားရိုင်းစိုင်းသောစိတ်ကို ထိန်း ဖို့ခက်ခဲပါလိမ့်မယ်။ ဒါကြောင့်ပဲ ဒီတရားတွေကို ဓမ္မကိုယ်ရံတော်တွေ လို့တောင် တင်စားထားကြတယ်မလား။

တကယ်တော့ သံသရာဒုက္ခက လွတ်မြောက်ဖို့ကျတော့ ဝိပဿနာတရားကို ကျင့်ကြံမှသာ ရောက်နိုင်မှာဖြစ်ပါတယ်။ အဲလို ကျင့်ကြံဖို့ကျတော့ အားထုတ်မယ့်သူရဲ့စိတ်ကလေးသည် လန်းဆန်း ကြည်လင် နေရပါမယ်။ ဒါကြောင့် စိတ်ကို အရင်ဆုံး ဒီတရားလေးပါး တစ်ပါးပါးနဲ့ ပွားလို့ ဆေးကြောပေးရပါမယ်နော်။ ဒါမှသာ စိတ်ရွှင်လန်း တက်ကြွစွာ ဝိပဿနာအလုပ်ကို အားထုတ်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော့အနေနဲ့ကတော့ အသုဘ ဘာဝနာကိုသာ ကိုယ် တိုင် လက်တွေ့ ကျင့်ဖူးသေးတာကြောင့် နောက်ထပ် အနေနဲ့ မေတ္တာ ဘာဝနာကို ကျင့်ကြံဖို့ စိတ်အားသန်နေခဲ့ပါတယ်။ ခုတော့ အကောင် အထည်ဖော်ဖြစ်သွားပါပြီ။ ဒါကြောင့် ယခုစတင် ကျင့်နေပြီဖြစ်သော  “၅၂၈သွယ် မေတ္တာဘာဝနာပွားနည်း”လေးကို ဝေမျှပါရစေ။

ချစ်ခြင်းသုံးမျိုးရှိပါတယ်။ တဏှာပေမ၊ ဂေဟသိတပေမ နှင့် မေတ္တာပေမ ဆိုပြီးလေ။ ပေမဆိုတာကလည်းချစ်ခြင်းကို ဆိုလိုပါတယ်။ အဲဒီထဲမှာ တဏှာပေမ ဆိုတာကတော့ ချစ်သူချင်း ၊ ကျားနှင့်မတို့ရဲ့ ချစ်ခြင်း တဏှာရာဂ သဘောနှင့် ချစ်ကြိုက်ကြတာဖြစ်ပါတယ်။ အဲဒီ အချစ်ကတော့ တစ်ဦးတစ်ယောက်ထဲနဲ့သာ သက်ဆိုင်တာဖြစ်ပြီး ချစ်သူတည်းဟူသော အကြောင်းကြောင့် အများနှင့်ဆန့်ကျင်ဘက် ပဋိပက္ခ ပြဿနာမျိုးတွေ ဖြစ်ပေါ်တတ်တာကြောင့် ဒီအချစ်ဟာ ငြိမ်းချမ်းမှုကို မပေးနိုင်ပါဘူး။

နောက်တစ်ခုက မိဘနှင့် သားသမီး၊ ညီအစ်ကို မောင်နှမ၊ မိသားစု ကြားမှာထားတဲ့ မေတ္တာပါပဲ။ သူ့ကိုတော့ ဂေဟသိတပေမ လို့ ဆိုကြပါတယ်။ သူကလည်း ကိုယ့်မိသားစု အပေါ်သာထားနိုင်တဲ့ ကန့် သတ်ချက်ရှိသောမေတ္တာ ဖြစ်တာကြောင့် လောဘအသွင်ဆောင်ပြီး ငြိမ်းချမ်းမှုကို မပေးနိုင်ပါဘူး။ အင်း..အမှန်ကတော့ ကန့်သတ်ချက်ရှိ နေသမျှ ပဋိပက္ခဆိုတာတွေ ရှိလာမှာမို့ မည်သည့်အခါမျှ ငြိမ်းချမ်းမှုကို ပေးနိုင်မှာမဟုတ်ပါဘူးနော်။ ဒါကိုပဲ ၅၂၈ မေတ္တာလို့ ထင်နေကြ ပါတယ်။ တကယ်တော့ ၅၂၈ မေတ္တာဆိုတာ တဏှာပေမနှင့် မဆက်စပ် သလို ဂေဟသိတပေမနှင့်လည်း မပတ်သက်ပါဘူးနော်။ ဘာလို့လည်းဆိုတော့ သူက ကန့်သတ်မဲ့ မေတ္တာစစ် ဖြစ်နေလို့ပါပဲ။

၅၂၈ သည် ချစ်သူ၊ မုန်းသူ မခွဲခြားပဲ လောကသားအားလုံး အပေါ် မိမိနှင့်မခြား တစ်တန်းတည်းထားနိုင်သော လောကချစ်ကို ဆိုလိုပါတယ်။ ဒါကြောင့်ပဲ ဒီလို ငြိမ်းချမ်းမှုပေးနိုင်သော ၅၂၈ မေတ္တာ ပို့နည်းလေးကို ကိုယ်တိုင်ခုမှ စတင် ကျင့်ရသလောက်လေး တင်ပြ လိုက်ပါတယ်။

၅၂၈သွယ် မေတ္တာဘာဝနာပွားနည်း

မေတ္တာပွားချက်ကတော့

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ။

သောကခပ်သိမ်း ငြိမ်းကြပါစေ။

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။

နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။

(က) ရှေးဦးစွာ မိမိခန္ဓာကို မေတ္တာပွားပေးရပါမယ်။

(ခ) မရည်ညွှန်းသောပုဂ္ဂိုလ်(၁) အားလုံးသတ္တဝါတွေ..

(၂) အားလုံးအသက်ရှိသူတွေ…

(၃) အားလုံး ထင်ရှားရှိသူတွေ…

(၄) အားလုံး ပုဂ္ဂိုလ်တွေ…

(၅) အားလုံး ခန္ဓာရှိသူတွေ…

(ဂ) ရည်ညွှန်းပုဂ္ဂိုလ် (၆) အားလုံး အမျိုးသမီးတွေ…

(၇) အားလုံး အမျိုးသားတွေ…

(ဂ) အားလုံး အရိယာတွေ…

(၉) အားလုံး ပုထုဇဉ်တွေ…

(၁၀) အားလုံး နတ်တွေ…

(၁၁) အားလုံး လူတွေ…

(၁၂) အားလုံး အပါယ်ဘုံသားတွေ…

၎င်းပုဂိ္ဂုလ် (၁၂) မျိုးအား တစ်မျိုးလျှင် မေတ္တာပွားချက် လေးချက်ဖြင့် စုစုပေါင်း ၁၂x၄=၄၈ ချက်ပွားပေးရမည်။

ထို့နောက် အရပ်(၁၀) မျက်နှာအားရည်မှန်း၍ အရပ် တစ်မျက်နှာလျှင် အထက်ပါ မေတ္တာအချက် (၄၈) ချက်ပွားပေးရပါမယ်။

အရပ်(၁၀) မျက်နှာ (၁) အရှေ့မြောက်အရပ်မှာနေ…

(၂) အရှေ့အရပ်မှာနေ…

(၃) အရှေ့တောင်အရပ်မှာနေ…

(၄) တောင်အရပ်မှာနေ…

(၅) အနောက်တောင်အရပ်မှာနေ…

(၆) အနောက်အရပ်မှာနေ…

(၇) အနောက်မြောက်အရပ်မှာနေ…

(၈) မြောက်အရပ်မှာနေ…

(*) အရှေ့မြောက်အရပ်မှာနေ…

(စဖွင့်သည့်အရပ်ကို ပြန်ပိတ်ရသည်။)

(၉) အထက်အရပ်မှာနေ…

(၁၀) အောက်အရပ်မှာနေ…

(ခ) နှင့် (ဂ) အတွက် မေတ္တာပွားချက်ပေါင်း  =  ၄၈ ချက်

အရပ်မျက်နှာလိုက် မေတ္တာပွားချက်ပေါင်း     = ၄၈ဝ ချက်

—————————————

စုစုပေါင်း မေတ္တာပွားချက်   =  ၅၂၈ ချက် ရှိရပါမည်။

ကဲ အခုတင်ပြလိုက်တဲ့ ၅၂၈ မေတ္တာပွားချက်လေးကို သိရှိနားလည်နိုင် လို့  ကိုယ်တိုင်ကျင့်ကြံ ပွားများနိုင်ကြပါစေ လို့ မေတ္တာပို့လိုက်ပါတယ် နော်။

6 comments

  • bigcat

    December 5, 2010 at 5:57 am

    whowho တင်ပေးသော ပို့စ်ကို ဖတ်ပြီး မသိသေးသည်များကို သိရ၍ ကျေးဇူးတင်ပါသည်။ သဲအင်းဂူ ဝိပဿနာတွင်တော့ အသုဘကမ္မဌာန်းကို ဝေဒနာနုပဿနာ အနေဖြင့် ရှုမှတ်ကြပါသည်။ သောတာပန်အဆင့်တွင် သင်္ခါရသဘောကို ပညတ်အထင်ဖြင် ့ရှုနေသော ဓါတ်လေးပါးလက္ခဏာသည် သကဒါဂမ်အဆင့်တွင် ကိုယ်တွင်းကိုယ်ပတွင် တကယ်ဖြစ်နေသလို ပညတ်အမြင်သို့ ပြောင်းလဲရှုမှတ်ခြင်း မည်ပါသည်။ ဥပမာ တေဇော ရုပ်ခန္ဓာမီးမြိုက်လောင်နေခြင်း၊ အာဘော ပုပ်ပွယိုစီးနေခြင်း၊ ဝါယော လောက်ကောင်များ တဖွားဖွားစားသောက်နေခြင်း၊ ပထဝီ အရိုးစုအသွင် စသဖြင့် ပြောင်းလဲဖောက်ပြန်ခြင်း သင်္ခါရသဘောကို ရှုမှတ်ကြပါသည်။ ထိုသို့မြင်မှသာလျင် ရုပ်လက္ခဏာ၏ မတင့်တယ်ရွံရှာဖွယ်ရှိပုံကို ပညတ်ဝိဇ္ဇာညဏ်ဖြစ်၍ ကာမကိလေသာခေါင်းပါးပါသည်။ သမထ အသုဘကဲ့သို့ အသုဘ အသုဘ… ဆိုပြီး ဈာန်သမာပတ် တည်ဆောက်နေခြင်းမျိုးတော့ မဟုတ်ပါ။ မြတ်စွာဘုရားလက်ထက်က သီရိမာပြည့်တန်ဆာ အလောင်းကို ရဟန်းများအား အသုဘရှုစေခြင်း မျိုးဖြစ်ပါသည်။

  • whowho

    December 5, 2010 at 11:17 am

    ဟုတ်ကဲ့ပါ။ အခုလို ရှင်းပြပေးလို့ ကျေးဇူးတင်ပါတယ်။

  • ဆူး

    December 5, 2010 at 2:38 pm

    ၅၂၈ မေတ္တာကို ဖတ်ရှုသွားပါတယ်။
    မေတ္တာဘာဝနာ ပွားများတယ် ဆိုတာ အလွန်ကောင်းတဲ့ အလုပ်ပါ။
    လက်တွေ အကျိုးထူးတွေ အများကြီး ကြုံဘူးပါတယ်။

  • weiwei

    December 5, 2010 at 4:21 pm

    ဗဟုသုတရပါတယ် .. ကျေးဇူးတင်ပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 5, 2010 at 5:55 pm

    ဘုရားရှင် ကိုယ်တော်မြတ်က ထမင်းအိုးကြီး အလုံးတစ်ရာ လှူတာထက် နွားနို ့တစ်ညှစ်စာ အချိန်ကလေးလောက် မေတ္တာ ဘာဝနာ စီးဖျန်းတာ က ပို၍ အကျိုးကြီးသည် ဟု ဟောကြားတော်မူခဲ့ပါကြောင်း

  • char too lan

    December 6, 2010 at 5:49 am

    အလုံးစုံသော ဗဟုသုတအတွက် ဟူးဟူးနှင့်တကွ မန်းသူများအား ကျေးဇူးတင်ပါတယ်

Leave a Reply