အဆိုတော် ဟန်ထူးလွင် နဲ့ ဧရာဝတီ အင်တာဗျူး

ၾကယ္ေလးDecember 5, 20101min783

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့မှ မဖြူဖြူသင်း ဦးဆောင် စောင့်ရှောက်ထားသည့် တောင်ဒဂုံမြို့နယ်ရှိ HIV/ AIDS ဝေဒနာရှင်များ နေထိုင်သော နေအိမ်ကို စာပေ၊ အနုပညာ အသိုင်းအဝန်းမှ အနုပညာရှင်များ နိုဝင်ဘာ ၂၂ ရက်နေ့က သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။

Kyar-Pauk(ဓာတ်ပုံ – ကျော်သူ)

နာရေးကူညီမှု အသင်းထူထောင်ခဲ့သူ ရုပ်ရှင်သရုပ်ဆောင် ကျော်သူနှင့် ဇနီး၊ စာရေးဆရာမ သန်းမြင့်အောင်၊ စာရေးဆရာမ စုထား၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ချိုတူးဇော်၊ တေးရေးဆရာ ကိုရဲလွင်၊ အနဂ္ဂ၊ သံသာဝင်း၊ ဆောင်းဦးလှိုင်နှင့် ဟန်ထူးလွင် (ကျားပေါက်) တို့ သွားရောက်ခဲ့သည်။

ယင်းကဲ့သို့  ဝေဒနာရှင်များအား သွားရောက်အားပေးခြင်းနှင့် ပတ်သက်၍ အဆိုတော် ဆရာဝန်တဦးဖြစ်သူ ကျားပေါက်ကို ဧရာဝတီ သတင်းထောက် နရီလင်းလက်က ဆက်သွယ်မေးမြန်းထားပါသည်။

ကျားပေါက်သည် အဆိုတော် ရင်ဂို၏ သားဖြစ်ပြီး ပန့်ခ် ဂီတဖြင့် ၂၀၀၄ ခုနှစ်တွင် ဂီတလောကထဲသို့ ဝင်ရောက်ခဲ့သူ ဖြစ်သည်။ ၎င်း၏ ပထမဆုံး ဂီတမှတ်တိုင်ဖြစ်သည့် “အားလုံးအတွက် ပန့်ခ်” စီးရီးပြီးနောက် တေးစီးရီး ၈ ခွေကို ထွက်ခဲ့ပြီး  ဂီတသက်တမ်း ၆ နှစ်အကြာတွင် တကိုယ်တော် ဖျော်ဖြေပွဲ ကျင်းပခဲ့သည်။

မေး ။     ။ HIV/ AIDS ဝေဒနာရှင်တွေကို သွားအားပေးဖြစ်ခဲ့ပုံကို ပြောပြပါဦး။

ဖြေ ။     ။ တနေ့က ကျနော့်ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဖုန်းဆက်တယ်။ မြောက်ဒဂုံဘက်က HIV ဝေဒနာသည်တွေကို ဒံပေါက်သွားကျွေးမလို့၊ ကိုကျော်သူတို့လည်း ပါတယ်ဆိုတာနဲ့ ကျနော်သွားနေကျ မြောက်ဒဂုံက အန်တီဂျူး (စာရေးဆရာမ ဂျူး) ရဲ့ သုခ ရိပ်မြုံ HIV/ AIDS ဝေဒနာသည် ကလေးတွေကိုထားတဲ့ နေရာထင်တာနဲ့ လိုက်သွားဖြစ်တာ။ အဲဒီကိုတော့  ၃၊ ၄ ခေါက်လောက် ရောက်ဖူးပေမယ့် အခုက နေရာသစ်ပေါ့။ ဟိုရောက်တော့ ဝေဒနာရှင် လူကြီးတွေ ၈၀၊ ၁၀ဝ လောက်ရှိမယ်။  ကျနော်လည်း အဲဒီလောက် မထင်ထားတော့ ဗြုန်းစားကြီး ဖြစ်ပြီး  ပိုက်ဆံပဲ လှူခဲ့ရတယ်။ နောက်တော့ Oral Care (ခံတွင်းကျန်းမာရေး စောင့်ရှောက်မှု) လောက်ပဲ တချက်ကြည့်ခဲ့နိုင်တယ်။ ကျနော် ဆေးတွေ ဘာတွေ လိုတာအတွက် နောက်တခေါက်လာ လှူမယ်ဆိုပြီး ပြောခဲ့ပါတယ်။

မေး ။     ။ ဒီလိုမျိုး မရည်ရွယ်ဘဲ ရောက်သွားဖြစ်ခဲ့တဲ့အတွက် ဟိုမှာ ကိုယ်မမျှော်လင့်ထားတဲ့ ဝေဒနာရှင်တွေ အများကြီးကို တွေ့လိုက်ရတော့ ဘယ်လိုခံစားရလဲ။

ဖြေ ။     ။ ကျနော့်ကို ခေါ်သွားပေးတဲ့ ကိုကျော်သူတို့၊ ကိုမင်းထင်ကိုကိုကြီး တို့ကို ကျေးဇူးတင်တယ်။ ဝမ်းသာပါတယ်။ ကျနော့်အတွက် လှူစရာ တနေရာ တိုးသွားတာပေါ့။ နို့မို့ဆို အဲဒီနေရာကို ရှိတယ်ဆိုတာတောင် ကျနော် သိမှာ မဟုတ်ဘူးလေ။

မေး ။     ။ ဒီလိုမျိုးနေရာတွေ ရှိတယ်ဆိုတာ များများသိဖို့ လူငယ်တယောက်အနေနဲ့၊ ဆရာဝန်တယောက်အနေနဲ့ ဘယ်လို လုပ်သင့်တယ်လို့ ထင်လဲ။

ဖြေ ။     ။ မီဒီယာကတော့ လိုတာပေါ့။ ဝေဒနာရှင်တွေ နေနေတဲ့ ဒီလိုနေရာတွေ ရှိနေတယ်ဆိုတာ ကျနော်တို့ မသိရဘူး။ ဒီလိုပဲ တခြားသူတွေ များများသိဖို့လိုတယ်။ ဒိလိုကိစ္စတွေအတွက် ရဲရဲဝံ့ဝံ့နဲ့ မဂ္ဂဇင်း၊ ဂျာနယ်တွေ၊ သတင်းစာတွေကနေ တဆင့် အလှူခံခွင့် ရှိရမယ်။ ကျနော့်အနေနဲ့ ပြောချင်တာတခုရှိတာက နိုင်ငံရေးဆိုတာကို မကြည့်စေချင်ဘူး။ တခုခုဆို ဒီလူနာတွေ အရင်ထိမှာပဲ။

ကျနော်ကိုယ်တိုင်လည်း နိုင်ငံရေးအနေနဲ့ သွားတာ မဟုတ်သလို အနုပညာရှင် တယောက်အနေနဲ့ သွားတာလည်း မဟုတ်ဘူး။ ဆရာဝန်တယောက်အနေနဲ့ သူတို့ ဘာတွေ လိုအပ်လဲဆိုတာ ကျနော် အရမ်းသိချင်တယ်။ ကိုယ်တိုင် သွားကြည့်မှ သိရမယ့် အခြေအနေ ဖြစ်နေတယ်။ ကျန်တဲ့ အပိုင်းတွေကို ထည့်မတွက်ရင် အကောင်းဆုံးပဲ။

မေး ။     ။ ကိုဟန်ထူးလွင် အနေနဲ့ ဆိုရင်ရော ဝေဒနာရှင်တွေနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိအောင် ဘယ်လို လုပ်ချင်လဲ။

ဖြေ ။     ။ အခု စဉ်းစားနေတယ်။ တချို့ကြတော့ အင်တာနက်ကနေ Donation Group လေးတွေ ထောင်ပြီး အလှူခံကြတယ်။ အဲဒီလို သွားလို့ရမယ်။ ဘယ်အဖွဲ့က ထောင်ပြီး လုပ်တဲ့ ဟာမို့လို့ ဆိုပြီး ဆင်ဆာဘာတွေ ငြိမှာလည်း ကြည့်စရာ မလိုဘူး။ နောက်တခု လှူနိုင်တဲ့လူတွေ အများစုက အင်တာနက် သုံးစွဲသူတွေများတော့ အင်တာနက်ကနေ ကျယ်ပြန့်အောင် လုပ်လို့ရတယ်။ အင်တာနက်ကနေ ပိုက်ဆံကောက် သွားလှူတာမျိုး လုပ်လို့ရတယ်။ အခု လောလောဆယ်တော့ အဲဒီတနည်းက ကောင်းတယ်။

မေး ။     ။ ဆရာဝန် တယောက်အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ ဒီ လူနာတွေအပေါ်မှာ ကူညီပေးနိုင်မယ်ထင်လဲ။

ဖြေ ။     ။ ပုံသေတော့ တွက်လို့မရဘူး။ ကိုယ် ဘယ်လောက် လုပ်လို့ရမလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ ကျနော် ဒီဇင်ဘာ လကုန်လောက်ကစပြီး  နာရေးကူညီမှုက ဖွင့်တဲ့ သုခ ကုသိုလ်ဖြစ် ဆေးခန်းမှာ တပတ် ၂ ရက်လောက် ထိုင်မယ်။ ဒီလိုထိုင်ဖို့ ပြောထားတာတော့ ကြာပြီ။ ဒီဂေဟာမှာ ရှိနေတဲ့၊ ပါးစပ်ထဲမှာ အနာပေါက်နေတဲ့ ဝေဒနာသည်တွေကိုလည်း အဲဒီ ဆေးခန်းကို လာခဲ့ဖို့ ညွှန်ထားတယ်။ သူတို့အနေနဲ့ ဒီပါးစပ်က အနာတွေပျောက်မှ အစား ကောင်းကောင်း စားလို့ရမယ်။ နောက်ဆက်တွဲ ရောဂါအတွက် ကိုယ်ခံအား ကောင်းလာမယ်။

မေး ။     ။ အနုပညာရှင် တယောက်ဖြစ်နေတဲ့အတွက် လူမှုရေး လုပ်ငန်းတွေမှာ လုပ်ကိုင်ရတဲ့အခါ ပိုလွယ်ကူတယ် ထင်လား။

ဖြေ ။     ။ အဆိုတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့လည်း ဆိုင်မယ်ထင်တယ်။ နို့မို့ဆို ကျနော် ကုပါမယ်ဆိုပြီး ထွက်လာရင် မင်း ဘယ်သူလဲမေးမယ်။ အခုကျတော့ လွယ်လွယ်ကူကူပဲ။ ကိုယ့်ကို ဆရာဝန်ဆိုတာလည်း သိထားတယ်။ အဲဒါတွေကြောင့်လည်း ကိုယ် လုပ်နိုင်တာလေးတွေ ပို ရှိသွားတယ်။ ကျနော် ဘယ်သူပါ၊ ဘွဲ့ ဘယ်တုန်းက ရတယ်ဆိုပြီး ပြောနေရရင် အချိန်လည်း ကုန်တယ်။ နာဂစ်တုန်းကလည်း အဲဒီလိုပဲ။ ရောက်တာနဲ့ ဆေးအိတ်တွေချပြီး ခွဲကြ စိတ်ကြ။ ပိုမြန်ဆန်တဲ့ ထိရောက်မှုရှိတယ်။ အကျိုးရှိတာပေါ့။

မေး ။     ။ အခုခေတ် လူငယ်တွေ လှုမှုရေးလုပ်ငန်းတွေမှာ အားနည်းလာတယ်ထင်လား။ ဘယ်လိုမြင်မိလဲ။

ဖြေ ။     ။ ကျနော်က နဂိုကတည်းက သူများတွေ ဘာတွေလုပ်နေလဲဆိုတာကို သိပ် ဂရုမထားဘူး။ ကိုယ့်ဘာသာ ကိုယ် နိုင်သလောက် Team လေးနဲ့ လုပ်ဖြစ်တာ များတယ်။ နာဂစ်တုန်းက ဆိုလည်း ကျနော်ရယ်၊ ကိုနေမျိုးဆေး၊ ကိုမောင်မောင်ဇော်လတ်တို့နဲ့ ဆေးဘက်က လူတွေရယ် လှေတွေဘာတွေ ငှားပြီးသွားတာပဲ။ ကျနော် လုပ်တာကိုပဲ အာရုံစိုက်ဖြစ်တယ်။ ဒီတော့ တခြားသူတွေ ဘာလုပ်နေလဲ ဆိုတာ မေးလာရင် ဒီဘက်မှာ ကျနော်အားနည်းတော့ မသိတာ များတယ်။

မေး ။     ။ လူငယ်တွေများများ ပါဝင်လာအောင် ဘယ်လို တိုက်တွန်းချင်လဲ။

Kyar-Pauk_albidအဆိုတော် ဟန်ထူးလွင် (ကျားပေါက်)

ဖြေ ။     ။ ကျနော် အားနည်းတာက သိပ်မတိုက်တွန်းဖြစ်ဘူး။ အလှူကိစ္စ ဆိုတာကလည်း လှူပါဆိုပြီး တိုက်တွန်းလို့ ကောင်း တာမဟုတ်ဘူး။ တချို့ကြတော့ သက်ကြီးဂေဟာ၊ ဘုရားတွေ ဘာတွေမှာလည်း လှူနေကြတာပဲ။ ကျနော် တယောက်တည်း ဆန္ဒပြောရရင် လှူတာ နည်းတဲ့နေရာ၊ ဘယ်သူမှ မရောက်နိုင်တဲ့နေရာ မျိုးကို သွားလှူတာ ပိုထိရောက်တယ်လို့ ထင်တယ်။ ဘုရားတရားတောင် သိပ်မလုပ်ဖြစ်ဘူး။ ဒီလိုနေရာမျိုးက ကိုယ်တွေသွားတော့ ပိုထိရောက်တယ်၊ ကိုယ့်အသိစိတ်နဲ့ ကိုယ် လုပ်စရာရှိတယ်ဟေ့ဆိုပြီး ဝိုင်းလုပ်တာမျိုးကို ပိုလိုချင်တယ်။

ကျနော် ဒီနေ့တောင် သွားမလို့ အိမ်ရှေ့မှာ လမ်းခင်းနေတာနဲ့ ထွက်လို့မရလို့ မသွားဖြစ်ဘူး။ ဆေးတွေယူသွားပြီး နောက် တခေါက် သွားလှူမယ်။ အနုပညာ အသိုင်းအဝန်းက မဟုတ်တဲ့ သူငယ်ချင်းတွေရယ်၊ ကျနော့် ဆရာဝန် သူငယ်ချင်းတွေရယ်ကို တတ်နိုင်သလောက် ငွေကြေး ထည့်ချင်ထည့်၊ ဒါမှမဟုတ် စေတနာနဲ့ လိုက် ကုချင်တဲ့သူ ကု ဆိုပြီး ပြောထားတာတော့ ရှိတယ်။

မေး ။     ။ အဲဒီမှာ အဓိက ဘာလိုအပ်ချက်တွေ ရှိတယ်လို့ မြင်မိလဲ။

ဖြေ ။     ။ General အကုန်ကောင်းတယ်။ Oral Care ပိုင်းနဲ့ ပတ်သက်ပြီး ဂရုစိုက်တာ အားနည်းတယ်။ စိတ်ပိုင်းဆိုင်ရာအရ သူတို့ အဲဒီမှာ နေရတာ ပျော်နေကြတယ်။ လူနာ ၂ ယောက် လောက်ကတော့ အခြေအနေ နည်းနည်းဆိုးမယ် ထင်တယ်။ HIV အဆင့် မကတော့ဘူးလို့ ထင်တယ်။  ကျနော်က သွေးတွေ ဘာတွေ သေချာ မစစ်ရတော့ အပြင်ကနေ ကြည့် ပြောရတာပေါ့။     ။

PS : အများပြည်သူ သိသင့်သိထိုက် တယ် ဟု ယူစသဖြင့် စည်းကမ်းဖောက်ဖျက်ပြီးကူးယူမျှဝေပါသည် 😛

http://www.irrawaddy.org/bur/index.php/interview/4-interview/5070-2010-11-27-08-18-00

3 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 5, 2010 at 6:25 am

    အိုက်ဒီလို စည်းကမ်းဖောက်ဖျက်တာတော့ အရေးယူရပါမယ်
    ဗိုလ်ချုပ်ကြီးတွေက အိုက်ဒီလူတွေကို လုံးဝ ကူညီခွင့်မပေးခိုင်းဘူးခင်ဗျ
    (မေရိုးတွေ တရုတ် လား ကို ရှိခိုးတဲ့ကောင်တွေ လူစိတ်ကို လုံးဝမရှိတဲ့ကောင်တွေ)
    ဘယ်လိုမှ ကျေနပ်ပေးလို ့မရနိုင်တော့ဘူး
    ပြောလိုက်ပါဗျာ ကိုဆင်ပေါက်ကို လေးစားဂုဏ်ယူပါတယ် ဒါပေမယ့်
    ဒါပေမယ့် တရုတ်ခွေးတွေ အကိုက်ခံရမှာကိုလည်း အထူးဆင်ခြင်ပါလို ့
    ( ကျုပ်ကတော့ ငပွဘဲ ခင်ဗျားတို ့ဘဲ ဆင်းစားကြည့်ကြလေဗျာ သူ ့စေတနာနဲ ့သူ ကူညီတာ
    သူ ့ ချွေးနည်းစာနဲ ့သူလှူတာကို အရေးယူသတဲ့ ယုံခြင်ယုံ မယုံခြင်နေ မအေ…!~@#$%^&* တွေ)

  • piti

    December 5, 2010 at 10:13 am

    သိပ်ကောင်းတဲ့အင်တာဗျူးလေးတစ်ခုပါ
    HIV, AIDS ဝေဒနာရှင်တွေအတွက် အခုလိုမျိုးဆိုတော့ လှူဒါန်းလိုသူတွေ ပိုများလာမယ်လို့ ထင်ပါတယ်

  • kai

    December 5, 2010 at 10:19 am

    ယူအက်စ်က..ယူကေက..ဩစီက..စင်္ကာပူက..ထိုင်းက..ဂျပန်က..ထိုင်ဝမ်က … ပွဲသွင်းရုံးသွင်း..စပွန်ဆာပေး.. ခေါ်နေသူတွေကိ ု… အဲဒီလို လူထုချစ်တဲ့အနုပညာရှင်တွေကိုသာခေါ်ကြ၊ အားပေးကြ၊ အခွေဝယ်ကြ…ငွေလှူကြစေလိုကြောင်း.. မန္တလေးဂေဇက်မီဒီယာမှ ..အထူးတိုက်တွန်းလိုက်ရပါသည်..။
    ကိုယ်တိုင်လည်း.. ကြိုးစားပါဦးမည်..။ မျှော်…

Leave a Reply