တာချီလိတ် တွင် ဧည့်စာရင်းစစ်ဆေးမှုကြမ်း

BayoteApril 8, 20101min812

တာချီလိတ်မြို့တွင်း ရပ်ကွက်များ၌ နအဖ အာဏာပိုင်တို့ ညပိုင်းအချိန်မတော် ရှောင်တခင်ဧည့်စာရင်းစစ်ဆေးရာဒေသခံ များအား တရားခံစစ်သကဲ့သို့ စစ်ဆေးခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“အချိန်မတော် ဝင်စစ်တယ်၊ ည ၁ဝ နာရီနောက်ပိုင်းချည်းဘဲ။ တရားခံ စစ်သလို တံခါးကို ဝုန်းဒိုင်းကျဲ ထုထောင်း ပြီးနိုး တယ်၊ ကြိုတင်အကြောင်းကြားတာမရှိဘူး၊ ကျမတို့အိမ်ဆို နှစ်ညဆက်တိုက်လာစစ်တယ်”– ဟု အမည်မဖေါ်လိုသည့် တာချီလိတ်မြို့ခံတဦးက ပြောပါသည်။

ဧပြီလဆန်းပိုင်း၌ တာချီလိတ်အခြေစိုက် နအဖ အာဏာပိုင်များနှင့် အဖွဲ့အစည်းပေါင်းစုံပါဝင်သည့် လူအင်အား ၁ဝ ဂဏန်း က ဧည့်စာရင်းများညတိုင်း ဆက်တိုက်စစ်ဆေးခဲ့သည်ဟု ဒေသခံများကပြောပါသည်။

“ဧည့်စာရင်းလာစစ်တာက စစ်တပ်၊ ရဲ၊ လဝက၊ မူးယစ်ရဲ၊ ပြည်သူ့စစ်၊ မီးသတ်၊ စွမ်းအားရှင်၊ ကြံ့ဖွတ် အစုံဘဲ။ လူအင် အား ၃ဝ – ၄ဝ လောက်ပါတယ်။ ခြံနဲ့ ဝင်းနဲ့ဆိုရင် အိပ်ခန်းထဲအထိမဝင်ပေမယ့်၊ အခန်းငှားနေတဲ့သူတွေ စစ်ရင်တော့ အိပ်ခန်းထဲအထိဝင် ခြင်ထောင်ကို သေနတ်နဲ့ထိုး မကြည့်တယ်။ အဲလောက် အစစ်အဆေးကြမ်း တာ နေရထိုင်ရတာ မအေးချမ်းဘူးဗျာ”– ဟု ဆန်ဆိုင်းရပ်ကွက်နေ ရပ်မိရပ်ဖတဦးက ရှမ်းသံတော်ဆင့်သို့ပြောသည်။

၎င်းင်းတို့ ကိုယ်တို်င်ထုတ်ပေးသည့် နိုင်ငံစိစစ်ရေးကဒ်ပြားကိုလည်း လျှပ်စစ်ဓါတ်မီးဖြင့် အသေးစိတ်ကြည့်ရှုစစ်ဆေး ကြောင်း၊ အိမ်ထောင်စုစာရင်းနှင့်တိုက်ကြည့်ကြောင်း တာချီလိတ်၌ ဧည့်စာရင်းဖြင့် နေထိုင်သူတဦးက ဤကဲ့သို့ ပြော၏။

“သူတို့က ဧည့်စာရင်းဘဲစစ်တာမဟုတ်ဘူး။ ဘာအလုပ်လုပ်လဲ၊ တာချီလိတ်ကိုလာတာ ကုန်းကြောင်းနဲ့လား လေကြောင်း နဲ့လား ဘာညာလျှောက်မေးတယ်။ မှတ်ပုံတင်/ အိမ်ထောင်စုစာရင်းကိုင်ပြီး တယောက်ချင်းစီကို လိုက်တိုက်ကြည့်တာ။ လူတိုင်းထရတာပေါ့၊ အိပ်နေရင် ခြင်ထောင်လှန်ကြည့်တယ်၊ လူ့ကျင့်ဝတ်သိက္ခာ/တန်ဖိုး ဘာတခုမှသူတို့အလေးမထား ဘူး၊ တကယ့်လူရိုင်းတွေဘဲ”

ရပ်ကွက်ရုံးသို့ ဧည့်စာရင်းတကြိမ်သွားတိုင်လျှင် ဧည့်သည်တယောက်အတွက် ၁ဝ ဘတ်၊ နေခွင့် ရ ရက် ပေးကြောင်း၊ ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်ပါကွက် ရယက ရုံးသို့ခေါ်သွားပြီး ဘတ်ငွေထောင်ချီ ဒဏ် ရိုက်တတ်ကြောင်း၊ ဗမာ စကား မကျွမ်းကျင် ထစ်ထစ်ငေါ့ငေါ့ဖြစ်ခဲ့လျှင် ရိုက်နှက်ကန်ကျောက်ခြင်းခံရပြီး ဒေသခံ အသိ/လူကြီးများ အာမခံပေးမှ ပြန်လွှတ်ပေးကြောင်း အဆိုပါ ဒေသခံကပြောပါသည်။

မည်သည့်အကြောင်းကိစ္စကြောင့် ဧည့်စာရင်းပြင်းပြင်းထန်ထန်စစ်ဆေးနေသည်ကို ဒေသခံလူထုတို့ မသိကြ သော်လည်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူများက ဝ တပ်ဖွဲ့အသွင်ပြောင်းဖို့ဖိအားပေးနေခြင်းနှင့်ဆိုင်ကြောင်း ယခုလ ၂၂ ရက်နောက် ဆုံးထား ဝ တပ်ဖွဲ့တို့စာရင်းမပေးပို့ပါက မတရားအသင်းကြေငြာခံရဖွယ်ရှိကြောင်း၊ ဝ တပ်ဖွဲ့ဝင်များလှုပ်ရှားသွား လာ တိုင်ပင်ဆွေးနွေးချိန်နှင့် တိုက်ဆိုင်နေကြောင်း သုံးသပ်ကြပါသည်။

မျတ်ချက် Source : http://www.mongloi.org

2 comments

  • susunosuki

    April 15, 2010 at 2:28 pm

    ကျွန်တော်သိသလောက် ဧည့်စာရင်းဆိုတာည ဆယ်နှစ်နာရီ မှ
    စစ်ဆေးခွင့်ရှိတာမို့လား
    သူတို့လည်းပြည်သူတွေ ရဲ့အသက်စည်းစမ်အိုးအိမ်ကို ထိပါးစော်ကားခံရမှာ
    စိုးရိမ်တယ်နဲ့တူပါတယ်

  • htethtet

    June 7, 2010 at 1:32 pm

    လုပ်ပိုင်ခွင့်လေ—- ဒီအတိုင်သင်ထားကြတာကိုး

Leave a Reply