လင်္ကာဝီကျွန်း (၂)

ashinindakaDecember 6, 20101min1004

ပီနန်းကျောင်းမှာ တစ်ညအိပ်ပြီး နောက်နေ့မနက် ၈နာရီ ၁၅ မိနစ်မှာ
လင်္ကာဝီကျွန်းကို ဘုတ်သင်္ဘောနဲ့ ခရီးဆက်ဖြစ်တယ်။
မနက် ၈ နာရီ ၁၅ မိနစ် ပီနန်ကျွန်းက စထွက်တာ၊
သင်္ဘောခရီး။ မလေးရှားငွေ ၆ဝ ကျတယ်။ မလေးရှားငွေ ၆ဝ ပေးရတာနဲ့စာရင်
သင်္ဘောက အကောင်းကြီးတော့ မဟုတ်ဘူး။
ဒါပေမဲ့ မြန်မာပြည်က ငယ်ငယ်တုန်းက ရန်ကုန်က သန်လျင်ကို သွားတဲ့
သင်္ဘောတွေနဲ့တော့ တခြားစီပဲ လို့ပြောစရာလိုမယ်မထင်ဘူး။
၁၁ နာရီ ဆွမ်းစားမီ လင်္ကာဝီကျွန်းကို ရောက်တယ်။
မြန်မာပြည် ရန်ကုန်၊ ကြည့်မြင်တိုင်ကလာပြီး
လင်္ကာဝီကျွန်း၊ စားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၃ဝ ဝန်းကျင်ရှိတဲ့
မောင်ဇေယျာကျော်ဝင်း ဆိုတဲ့ဒကာလေး ကားနဲ့လာကြိုတယ်။
ဆွမ်းစားချိန်ဆိုတော့ ထမင်းဆိုင် အရင်ပို့တယ်။
မွတ်စလင်ကုလားဆိုင်၊ ဘူဖေး (buffet) ဆိုင်၊
မွတ်စလင်ကုလားဆိုင်မှာ ပထမဦးဆုံးစားဘူးတာပဲ။
ဟင်းတွေကတော့ စုံပါတယ်။
ဒါပေမဲ့ လတ်ဆပ်မှု၊ သန့်ရှင်းမှုတော့ သိပ်မရှိလှဘူး။
စားသောက်ပြီး ဟိုတယ်မသွားခင် အရင်ဆုံး လင်္ကာဝီကျွန်းရောက်ရင် မဖြစ်မနေသွားရမဲ့
မာစုရီ (Mahsuri) နေရာကို သွားတယ်။
မာစုရီဆိုတာက အမျိုးသမီးတစ်ယောက်နာမည်။ သူက ရွာသူကြီး (ရှင်ဘုရင်) ရဲ့ ဇနီး။
ပုံထဲ ဗွီဒီယိုထဲကြည့်ခဲ့ရတာတော့ အတော်ချောမောလှပတယ်။
သူ့ခင်ပွန်းဖြစ်တဲ့ရှင်ဘုရင် ရှေ့တန်းစစ်သွားတိုက်တော့
စစ်သူကြီးတစ်ယောက်ကို မာစုရီကို စောင့်ရှောက်ဖို့ ထားခဲ့တယ်။

မနာလိုတဲ့ ရွာသူလုံမေတို့က
မာစုရီကို စစ်သူကြီးနဲ့ ဖောက်ပြန်တယ် ဆိုပြီး ရှင်ဘုရင်ပြန်လာတော့ ပြောကြတယ်။
ဂုံးတိုက်ကြတယ်ပေါ့။
ဆင်ခြင်ဉာဏ် တွေးခေါ်ဉာဏ်ဘာမှ မရှိတဲ့ ရှင်ဘုရင်က
မစူးစမ်း မဆင်ခြင် မစုံစမ်းပဲ မာစုရီကို သေဒဏ်ပေးတယ်။

မာစုရီကို မကွပ်မျက်မီ မာစုရီက ကြိမ်စာဆိုခဲ့တယ်။
မဖောက်ပြန်ဘဲ ဖောက်ပြန်တယ်လို့ စွပ်စွဲတဲ့လူတွေနေတဲ့ ဒီလင်္ကာဝီကျွန်းမှာ
နောင် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် ဘာပင်မှစိုက်လို့ မရပါစေသား၊
ဘာစီးပွါးရေးမှ လုပ်လို့ မရပါစေသား လို့ ကြိမ်စာတိုက်ခဲ့တယ်။
သူကြိမ်စာတိုက်ခဲ့သလို လင်္ကာဝီကျွန်းမှာ ဘာမှ စိုက်လို့မရခဲ့ဘူးတဲ့။
ဘာစီးပွါးရေးမှ မဖြစ်ထွန်းခဲ့ဘူးတဲ့။

မလေးရှားဝန်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီ လက်ထက်ရောက်မှ
ကြိမ်စာတိုက်ထားတဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ပြည့်တဲ့အချိန်ရောက်လာလို့
ပြန်လည်စီကားလာတာလို့ ဆိုပါတယ်။
အခုတော့ အတော်လေး စီကားနေပါဘီ။ လင်္ကာဝီကျွန်းကို ကမ္ဘာက သိနေပါဘီ။

မာစုရီဇာတ်လမ်းနဲ့စပ်လို့ပြောရအုံးမယ်။
မွတ်စလင်ဘာသာမှာ အိမ်ထောင်ကျပြီးသား မိန်းမတွေဖောက်ပြန်တာကို
ပြင်းပြင်းထန်ထန် နှိပ်ကွပ်လေ့ရှိပါတယ်။
ဟိုတလောက အီရန်နိုင်ငံမှာ မိန်းမတစ်ယောက်ဖောက်ပြန်လို့
ပြစ်ဒဏ်အနေနဲ့ Stoning to Death လို့ခေါ်တဲ့
မသေမချင်း ဖောက်ပြန်တဲ့အမျိုးသမီးကို ကျောက်ခဲနဲ့ ဝိုင်းပေါက်တဲ့ပြစ်ဒဏ်ချမှတ်ပါတယ်။

မြန်မာပြည်မှာလဲ ဒီလိုပြစ်ဒဏ်မျိုး မရှိပါစေနဲ့လို့ ဆုတောင်းမိတယ်။
ကျောက်ခဲနဲ့ဝိုင်းပေါက်နေရတာနဲ့ အလုပ်လုပ်ချိန်ကို ရှိမှာ မဟုတ်တော့ဘူး။

မာစုရီနေရာကနေ ပင်လယ်ထဲက လည်ပတ်စရာနေရာတွေကို သွားဘို့ လှေဆိပ်ကို သွားရတယ်။
လှေဆိပ်မှာ လှေတစ်စီး စင်းလုံးငှားရင် မလေးရှားငွေ ၂၅ဝ ပေးရတယ်။
အများနဲ့ ရောလိုက်ချင်ရင်တော့ တစ်ယောက် ၃ဝ ပေးရတယ်။

လှေစင်းလုံးငှားပြီး ပထမဆုံး Palau Dayang Bunting ဆိုတဲ့နေရာကို သွားတယ်။
အဲ့နေရာက ကျွန်းလေးတွေ ဝိုင်းရံနေပြီး
အလယ်တည့်တည့်မှာ ရေအိုင်သဘောမျိုးဖြစ်နေတာ။
ထူးခြားတာက
အဲ့ရေအိုင်ထဲက ရေက ရေငံမဟုတ်ပဲ ရေချိုဖြစ်နေတာ။
ဒီရေအိုင်မှာ ဒီထက် ထူးဆန်းတဲ့အဖြစ်အပျက် ရှိခဲ့ဘူးတယ်။
ရှေးရှေးတုန်းက လက်ထပ်ပြီး နှစ်ပေါင်း ၁၉ နှစ်ကြာသည်အထိ ခလေးမရတဲ့
လင်မယားအတွဲတစ်တွဲ ဒီရေအိုင်ကိုလာလည်ကြတယ်တဲ့။
လာလည်ပြီး ဒီရေအိုင်ထဲက ရေကို လင်ရော မယားပါ သောက်ဖြစ်ကြတယ်။
ဒီအိုင်ထဲက ရေကို သောက်ပြီးမှ သူတို့လင်မယား ခလေးရတယ်တဲ့။

ဒါ့ကြောင့် ခလေးမရတဲ့ အိမ်ထောင်သည်တွေ
ဒီအိုင်ကိုလာပြီး ရေသောက်လေ့ရှိကြတယ်လို့ ဆိုတယ်။
ကဲ၊ အိမ်ထောင်ကျပြီး ခလေးမရတဲ့သူတွေ ဒီအိုင်ကို အရောက်သွားပြီး
အိုင်ထဲကရေ သွားသောက်ပေတော့။

အဲဒီအိုင်ကနေပြီး လှေသမားက ဟိုဟိုဒီဒီလိုက်ပို့ရှာပါတယ်။
သိန်းငှက်တွေ ပေါတဲ့နေရာ၊ သဲဖြူကျွန်း စသည်ဖြင့်။
သဲဖြူကျွန်းက ပင်လယ်ရေချိုးလို့ ကောင်းတဲ့နေရာပေါ့။
သဲဖြူကျွန်းမှာ နိုင်ငံခြားသား (အထူးသဖြင့်) အနောက်နိုင်ငံသားတွေ အတော်တွေ့ရတယ်။
သူတို့တတွေကို ကြည့်ပြီး အခု ဘာမင်ဂန်မှာ သီတင်းသုံးသာသနာပြုနေတဲ့
ဆရာတော် ဒေါက်တာဥတ္တရဉာဏကို သတိရမိတယ်။
သူအိန္ဒိယမှာ ပညာသွားသင်တုန်း မြန်မာပြည်ကို အလည်ပြန်လာတော့
အိန္ဒိယနိုင်ငံအကြောင်းပြောပြရင်း
ကိုယ့်လူတို့၊ အိန္ဒိယနိုင်ငံကို လာရင်
Neither, Nor
Either, Or
ဗိုက်သားပေါ်လေးတွေ တွေ့ရလိမ့်မယ် လို့ ထည့်သွင်းပြောသွားတာ သတိရမိတယ်။
လင်္ကာဝီကျွန်းမှာတော့ အနောက်တိုင်းသူ လှပျိုဖြူတွေ
ဗိုက်သားပေါ်ရုံတင် မကတော့ပါလား။

(ဒါဖတ်ပြီး ဒီဆိုက်ကိုလဲ လာလည်စေချင်တယ်။ www.dhammagarden.com )

4 comments

  • ashinindaka

    December 7, 2010 at 12:42 am

    တင်ထားတဲ့ပုံလေးက ရေချိုအိုင်နေရာလေး။ ခရီးသွားအများစု မဖြစ်မနေသွားကြတဲ့နေရာလေးတစ်ခုပါဘဲ။

  • char too lan

    December 7, 2010 at 9:49 am

    အဲဒီဘောင်ခတ်ထားတဲ့ နေရာလေးပဲလား ဝန်းကျင်တစ်ခုလုံးလား အရှင်ဘုရား
    ရေချိုအိုင်လေးဆိုတာကလေ ~~
    ကျိန်စာခံရဖူးတယ်လို့တောင်သိပ်မထင်ရဘူး စိမ်းစိမ်းစိုစိုပဲနော်

  • ashinindaka

    December 7, 2010 at 11:38 am

    ဘောင်ခတ်ထားတဲ့နေရာလေးတင်တော့ မဟုတ်ဘူး။ နည်းနည်းကျယ်တယ်။ အခုပုံက လင်္ကာဝီကျွန်းနဲ့နည်းနည်းဝေးတဲ့နေရာမှာ။ လင်္ကာဝီကျွန်းဆိုတာက အတော့ကို ကျယ်ကတယ်။ ပီနန်းကျွန်းထက်ကျယ်တယ်ပြောပါတော့။ ကျိန်စာသင့်တဲ့နှစ်အပိုင်းအခြားက ပီးသွားဘီ။ အခုတော့ အရင်ဝန်ကြီးချုပ်ဟောင်း မဟာသီယာရဲ့ ကြိုးပမ်းမှုကြောင့် အတော်စည်ကားနေဘီ။

Leave a Reply