မျှော်လင့်ချက်များနဲ့ မြန်မာပြည်

pitiDecember 6, 20101min492

ကျွန်တော်တို့မြန်မာနိုင်ငံမှာ ပြည်သူတွေလိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို အပြည့်အဝပေးမယ်ဆိုတဲ့ ပါတီစုံရွေးကောက်ပွဲကြီးကတော့ နိုင်ဝင်ဘာလ (၇) ရက်နေ့က ကျင်းပပြီးစီးသွားခဲ့ပါပြီ။ ရွေးကောက်ပွဲရဲ့ ရလာဒ်ကတော့ ကျွန်တော်တို့လူအများ ကြိုတင်သိရှိထားသလိုပါပဲ။ ကြံ့ဖွံ့လို့ ပြည်သူတွေအများစုခေါ်တဲ့ ခြင်္သေ့တွေကပဲ နိုင်သွားပါတယ်။ ဘာပဲပြောပြောပါ။ ကျွန်တော်တို့ဟာ ကျင်းပပြီးစီးသွားခဲ့တဲ့ ရွေးကောက်ပွဲရဲ့ ရလာဒ်ကို ပြောင်းလဲလို့မှမရတော့ လက်ခံရမှာပါ။

ရွေးကောက်ပွဲကြီးအပြီးမှာ အရင်ကထက်ပိုပြီး လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ကြလိမ့်မယ်.. ရေးသားနိုင်ကြလိမ့်မယ်..ပြောဆိုနိုင် ကြလိမ့်မယ်… လုပ်ကိုင်ခွင့်ရကြမယ်လို့ပဲမျှော်လင့်ရတော့မှာပေါ့နော်။ နိုဝင်ဘာရွေးကောက်ပွဲအပြီး ရက်အနည်းငယ်အတွင်း (နိုဝင်ဘာ ၁၃) ရက်နေ့က ပြည်သူ့အချစ်တော် တစ်ဦးဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွတ်ငြိမ်းခွင့်ပြုပေးခဲ့တဲ့ မင်္ဂလာသတင်းကို ကြားမြင်သိရှိခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်တဲ့သတင်းကို လူထုကအလွန်စိတ်ဝင်စားသလို သတင်းဂျာနယ်တွေမှာ ဓါတ်ပုံတွေနဲ့တကွ ဝေဝေဆာဆာ ဖော်ပြလာခဲ့ကြတာတွေ့ရတော့ သတင်းဂျာနယ်တွေရဲ့ လွတ်လပ်ခွင့်ကို ကျွန်တော်တို့ရရှိပြီလို့ ထင်ခဲ့ပါတယ်၊ ဒါပေမယ့်ဒီလိုအကျယ်တဝင့်ဖော်ပြခဲ့တဲ့ဂျာနယ်အချို့  အရေးယူခံရတာကိုတွေ့ရတော့… ကျွန်တော်တို့တစ်တွေ အရင်အတိုင်းပဲရှိပါသေးလားလို့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေရရှိစေတဲ့ စီးပွားရေးလုပ်ငန်းကောင်းတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တွေ၊ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ အခြားဆက်နွယ်နေတဲ့ လုပ်ငန်းရှင်တွေဟာ နိုဝင်ဘာရွေးကောက်ပွဲကို အတော်စိတ်ပူပန်ခဲ့ကြရပါတယ်။ မတော်လို့ နိုင်ငံခြားသားဧည့်သည်တွေရဲ့    ပြည်ဝင်ခွင့်ဗီဇာကို မပေးခဲ့ရင်ဘယ်လိုလုပ်မလဲလို့ အိပ်မပျော်သောညများကို စိုးတထိတ်ထိတ်နဲ့ ဖြတ်သန်းခဲ့ကြရပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်း FIT အချို့အတွက် ဆိုက်ရောက်ဗီဇာထုတ်မပေးခဲ့ပေမယ့် ခရီးသွားကုမ္ပဏီတွေအစီအစဉ်နဲ့ ဝင်ရောက်လာကြတဲ့သူတွေကို ဗီဇာထုတ်ပေးခဲ့တဲ့အတွက် နိုဝင်ဘာလထဲမှာ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားဦးရေဟာ ခရီးသွားလုပ်ငန်းနဲ့အသက်မွေးသူတွေကို စိတ်အေးချမ်းသာစွာနဲ့ အိပ်မက်လှလှတွေမက်ခွင့် ရခဲ့ပါတယ်။ ရွေးကောက်ပွဲကာလမှာတောင် နိုင်ငံခြားသားကမ္ဘာလှည့်ဦးရေဟာ အတောများပြားခဲ့ပါတယ်။ ဒီအတွက် ခရီးသွားလုပ်ငန်းနဲ့ပတ်သက်လုပ်ကိုင်သူတွေ ရှေ့လျှောက်ပိုမိုပြီး အလုပ်အကိုင်ကောင်းတွေ ရရှိနေတော့မယ် လို့ ယုံကြည်နေကြပါတယ်။ ဒီလိုနေခဲ့ရာကနေ ဒီဇင်ဘာလ (၃) ရက်နေ့မှာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ပုဂ္ဂလိကပိုင်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ ရန်ကုန်အဲဝေး (Yangon Air Way) ကို ပြန်သန်းခွင့်သက်တမ်း တိုးမပေးတော့တဲ့အတွက် ပြည်တွင်းလေကြောင်းလိုင်းကြီးတစ်ခု ရပ်ဆိုင်းခဲ့ရပါတော့တယ်။ ရန်ကုန်အဲဝေး (Yangon Air Way) နဲ့ ခရီးသွားလာဖို့ အစီအစဉ်ပြုလုပ်ထားကြတဲ့ နိုင်ငံခြားသားကမ္ဘာလှည့်များနဲ့ ကုမ္ပဏီတွေအတွက် အကြီးအကျယ် ဒုက္ခရောက်တော့ တာပေါ့။ တခြားပြည်တွင်းလေကြောင်းလိုင်းတွေနဲ့ ခရီးစဉ်ကိုပြောင်းလဲစီစဉ်ပေးပေမယ့် လေယဉ် မလုံလောက်တော့ပါဘူး။ ဒီတော့ ခရီးစဉ်တွေ ဖျက်သိမ်းရပါတော့တယ်။ ဒီအတွက် ဟိုတယ်တွေ၊ ခရီးသွားကုမ္ပဏီတွေ ပြာယာခတ်သွားပါတော့တယ်။ ရန်ကုန်အဲဝေး (Yangon Air Way) ဆိုတာ ကျွန်တော်တို့သိထားတဲ့သတင်းတွေအရ  ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့အစည်းတစ်ခုက ပြည်တွင်းလုပ်ငန်းရှင်ကြီးတစ်ဦးနဲ့ ထိုင်းလေကြောင်းလိုင်း တစ်ခုတို့ပူးပေါင်းပြေးဆွဲနေတာလို့ဆိုပါတယ်။ ပြည်ပနိုင်ငံကြီးတစ်ခုဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုက ကျွန်တော်တို့မြန်မာနိုင်ငံအပေါ် အကူအညီမပေးဖို့၊ မသွားရောက်မလည်ပတ်ဖို့ ဖိအားပေး အရေးယူပိတ်ဆို့မှုတွေပြုလုပ်တာဟာ မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူးလို့အမြဲပြောနေတဲ့သူတွေဟာ ရန်ကုန်အဲဝေး (Yangon Air Way) ကို လုပ်ငန်းလိုင်စင်သက်တမ်းတိုးမပေးတာဟာ မှန်ကန်တဲ့နည်းလမ်းလို့ ယူဆနေတယ်ထင်ပါတယ်။ ကျွန်တော်တော့ ဉာဏ်မမှီလို့မပြောတတ်ပါဘူး။ ဒီကိစ္စဟာ ကိုယ့်နိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံလုပ်ကိုင်မယ့် နိုင်ငံခြားက လုပ်ငန်းရှင်တွေအတွက် အလွန်ကောင်းတဲ့ နမူနာဆိုးတစ်ခုဆိုတာ သူတို့တွေ သတိမထားမိတာလား၊ လစ်လျူရှုတာလားတော့ မသိပါဘူး။

မြန်မာနိုင်ငံမှာ ပြည်တွင်းလေကြောင်းလိုင်းအသစ်တစ်ခု ထပ်တိုးမယ်ဆိုတဲ့သတင်းတွေက ထွက်နေတာကြာပါပြီ။ လေကြောင်းလိုင်းတစ်ခုထပ်တိုးပေမယ့် တကယ်တန်း မြန်မာနိုင်ငံမှာ လေယာဉ်နဲ့ခရီးသွားနိုင်သူ ဦးရေဟာ အရမ်းနည်းပါးနေပါသေးတယ်။ နိုင်ငံခြားသားခရီးသွားတွေကိုပဲ အဓိကအားထားနေရတဲ့အနေအထားမှာပါ။ ဒီတော့ အသစ်တိုးတဲ့လေကြောင်းလိုင်းအတွက် ဈေးကွက်ဝေစုကို သမာသမတ်ကျကျ ရိုးသားစွာနဲ့ ယှဉ်ပြိုင်ရယူဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ပြည်တွင်းမှာရှိတဲ့ လေကြောင်းလိုင်းတွေက မြန်မာ့အဲဝေး၊ အဲမန္တလေး၊ ရန်ကုန်အဲဝေးနဲ့ အဲပုဂံတို့ဖြစ်ပါတယ်။ အဲမန္တလေးက လေယာဉ်စီးရေနည်းပါတယ်။ အဲပုဂံကျတော့ အကြီးဆုံးလည်းဟုတ်၊ မြန်မာနိုင်ငံရဲ့  စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်လုပ်ကိုင်နေတဲ့ ဧရာမစီးပွားရေးလုပ်ငန်းရှင်ကြီးကပိုင်တာဆိုတော့ မထိရဲဘူးလေ။ ဒီတော့ ရန်ကုန်အဲဝေးကို ကန်ထုတ်ပစ်တာ မဆန်းဘူးပေါ့။ လုပ်ရိုးလုပ်စဉ်လိုဖြစ်နေပြီလေ။ သူတစ်ဖက်သား  အလုပ်လုပ်ကောင်းတဲ့အချိန်မှာ၊ အကျိုးဖြစ်ထွန်းနေတဲ့အချိန်မှာ ဒီလိုလုပ်တာဟာ အခုမှတော့မဟုတ်ပါဘူး။ ငါတို့ပေးချင်ရင်ပေးမယ်၊ ငါတို့ပိတ်ချင်ရင် ပိတ်မယ်ဆိုရင်တော့ နိုင်ငံခြားသားလုပ်ငန်းရှင်တွေကို အမေရိကန်က ဖိအားပေးပြီး မြန်မာနိုင်ငံမှာ ရင်းနှီးလုပ်ကိုင်ခွင့်မလုပ်ဖို့ ပိတ်ဆို့တာနဲ့မခြားဘူးဆိုတာကို သတိထားမိစေချင်ပါတယ်။ အထည်ချုပ်စက်ရုံတွေဟာ လျှပ်စစ်မီးအခက်အခဲကြောင့် လုပ်ငန်းအများစုရပ်နားခဲ့ကြဘူးပါတယ်။ ဒါကို အမှန်အတိုင်းသုံးသပ်ပြီး အဓိကလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ကို ပိုမိုရရှိအောင် မဖြေရှင်းပေးပဲနဲ့ အမေရိကန်နဲ့ အပေါင်းအပါတွေကြောင့်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကြောင့်လို့ အပြစ်ပုံချနေတာဟာ မှန်ပါရဲ့လားလို့ ကျွန်တော့်ဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ စဉ်းစားကြည့်မိပါတယ် …။ ကျွန်တော့်ဉာဏ်နဲ့မမှီတော့ အဖြေမရပါဘူး။

ကျွန်တော် နောက်တစ်ခုလောက်ပြောပြချင်ပါသေးတယ်။ ကျွန်တော် ဝမ်းတွင်းမြို့နယ်ထဲက ရွာကလေးတွေကို ရောက်ခဲ့တုန်းက ရွာကလူတွေဟာ မြန်မာ့အသံနဲ့ရုပ်မြင်သံကြားမှာကြားရတဲ့သတင်းတွေ၊ သတင်းစာတွေမှာ ဖတ်ရတဲ့ အကြောင်းတွေကို အမှန်တွေချည်းပဲ၊ BBC, VOA, RFA စတဲ့ပြည်ပအသံလွှင့်ဌာနတွေကသတင်းတွေဟာ လုပ်ကြံထားတဲ့ သတင်းအမှားတွေပဲလို့ ရိုးသားစွာနဲ့ထင်မြင်နေကြပါတယ်။ မြို့မှာကျောင်းသွားတက်နေတဲ့သူတွေ၊ အလုပ်သွားလုပ်တဲ့သူတွေ ပြောတဲ့ BBC, VOA, RFA ကသတင်းတွေကို မယုံတဲ့အပြင် သူတို့ကိုပါ အပြစ်ပြောနေတာ ကြားခဲ့၊ မြင်ခဲ့၊ တွေ့ခဲ့ပါတယ်။ သူတို့ရွာမှာ အမြင်ကျယ်သူတစ်ဦးကတော့ BBC, VOA ကို အမြဲနားထောင်ပါတယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့သတင်းဆိုရင် သူကအကျယ်ကြီးဖွင့်ပေးလေ့ရှိပါတယ်။ ကျန်တဲ့သူတွေက သူ့ကို အမြင်မကြည်ပါဘူး။ လိုအပ်တဲ့သတင်းကိုနားထောင်သင့်တယ်လို့ပြောတော့ ကျွန်တော့်ကိုတောင် အပြစ်တင်နေပါတယ်။ ကျွန်တော် သူတို့နဲ့အတိုက်အခံမလုပ်ခဲ့ပါဘူး။ ဒါနဲ့ကြုံတုန်း လွန်ခဲ့တဲ့ (၆) နှစ် (၇) နှစ်လောက်ကဖြစ်မယ်ထင်ပါတယ်။ ဝမ်းတွင်းမှာရေကြီးခဲ့တဲ့ အကြောင်းကို သူတို့ကိုမေးကြည့်ပါတယ်။ သူတို့တွေရဲ့ ရွာကတော့ ကံကောင်းထောက်မစွာနဲ့ ရေလွှမ်းမိုးကနေ ကပ်လွတ်ခဲ့ပါတယ်တဲ့။ ဒါနဲ့ တော်သေးတာပေါ့ လူအသေအပျောက်သိပ်မရှိဘူးနော်လို့ ပြောတော့ သူတို့က လူအများကြီးသေတဲ့အကြောင်း၊ တော်တော်ပျက်စီးဆုံးရှုံးခဲ့တဲ့အကြောင်း ဝိုင်းပြောကြတော့တာပေါ့။ ဒီတော့ ကျွန်တော်က ခင်ဗျားတို့မဟုတ်တာမပြောနဲ့။ ကျွန်တော် မြန်မာ့အသံကသတင်းနဲ့ သတင်းစာတွေအမြဲဖတ်တယ်၊ လူအများကြီးသေတယ်လို့ (သတင်းတွေမှာလူသေတယ်လို့တောင်မပြောခဲ့ဘူးထင်ပါတယ်) မကြားဘူး၊ မဖတ်ခဲ့ရဘူးလို့ပြောတော့ သူတို့တွေက ကိုယ်တွေ့ဗျ။ အများကြီးသေတယ်တဲ့။ အဲဒါနဲ့ စကားကောင်းလိုက်တာ သူတို့ပြောတဲ့နောက်တစ်ခုပေါ့။ နွေရာသီဖြစ်လို့ သူတို့ဒေသအခြေအနေအရ နွေစပါးကို သိပ်မစိုက်ချင်ကြပါဘူး။ ငရုတ်နဲ့ တွဲစိုက်ချင်ကြပါတယ်။ လယ် (၈) ဧက ပိုင်တဲ့သူက (၅) ဧကစပါးစိုက်ပြီး (၃) ဧကလောက် ငရုတ်စိုက်ကြပါတယ်။ အဲဒါကို မြို့နယ်အာဏာပိုင်တွေက ဆည်ရေသောက်ဒေသဖြစ်လို့ စီမံကိန်းဝင်သီးနှံဖြစ်တဲ့ စပါးကိုပဲအပြည့်အဝစိုက်ခိုင်းနေပါတယ်။ သီးတော့မယ့် ငရုတ်ခင်းတွေကို အတင်းဖျက်သိမ်းခိုင်းပြီး စပါးစိုက်ခိုင်းနေပါတယ်တဲ့။ ငရုတ်စိုက်ခင်း မဖျက်သေးတဲ့သူတွေကို မြို့နယ်မှာခေါ်ပြီး မနက်ကနေ ညနေထိ အခန်းထဲမှာစုထည့်ပြီး ထားပါတယ်တဲ့။ ဖျက်သိမ်းမယ်လက်မှတ်မထိုးရင် မလွတ်ဘူးလို့ပြောတယ်လို့ သူတို့တွေကရင်ဖွင့်နေကြပါတယ်။ နွေစပါးဆိုတာ သူတို့ဒေသမှာစိုက်ရင် အရှုံးပေါ်တာ များပါတယ်။ ငရုတ်စိုက်ချင်တယ်၊ စိုက်တယ်ဆိုတာ အရှုံးထေမိအောင်လို့ပါ။ ဒါနဲ့ ကျွန်တော်က သူတို့ရှေ့မှာရှိတဲ့ သတင်းစာကိုယူပြီး ခင်ဗျားတို့မဟုတ်ကဟုတ်ကတွေပြောမနေနဲ့။ ဒီမှာတွေ့လား။ တောင်သူတွေ ကိုယ်စိုက်ချင်ရာကို လွတ်လပ်စွာ စိုက်ပျိုးပိုင်ခွင့် အစိုးရကပေးထားပါတယ်ဗျာလို့ပြောတော့ သူတို့တွေ ဘာပြန်ပြောရမှန်းမသိဘူး ဖြစ်ကုန်ရော။ ကျွန်တော်ကပြောပြလိုက်ပါတယ်။ အခု ကိုယ်တွေ့နှစ်ခုကို သတိထားမိလား။ ခင်ဗျားတို့ကိုယ်တွေ့နဲ့ သတင်းထုတ်ပြန်မှု တူညီရဲ့လားဆိုတော့ အင်း… အဲ… နဲ့ပေါ့။ BBC, VOA မှာပါတဲ့သတင်းတွေကို ကိုယ်နဲ့ပတ်သက်တာတွေကို နားထောင်ပေးရင် မမှားပါဘူး။ ပဲဈေး၊ နှမ်းဈေး ကျမလား တတ်မလားသိရင် ကိုယ့်အတွက် အကျိုးမယုတ်ဘူး။ နိုင်ငံရေးတော့ နားမထောင်ချင်ရင်နေပေါ့လို့ ကျွန်တော်ရှင်းပြခဲ့ပါတယ်။ BBC, VOA ပုံမှန်နားထောင်တဲ့သူက ပဲဈေးနှမ်းဈေး အမြဲနားထောင်တော့ အရောင်းအဝယ်မမှားလို့ ရွာမှာ စီးပွားပိုဖြစ်နေပါတယ်။ ကျန်တဲ့သူတွေလည်း ကိုယ့်စီးပွားရေးနဲ့ကိုက်ညီမယ့် သတင်းတွေကို နားထောင်လိုက်နာပေါ့လို့ သဘောရိုးနဲ့ရှင်းပြပေးခဲ့ပါတယ်။

နောက်တစ်ခါ ငါန်းဇွန်မြို့နယ်ထဲက ရွာအချို့ကို ရောက်ခဲ့တုန်းကလည်း ရွာသားတွေရဲ့ သနားစဖွယ်ဒုက္ခကို မြင်ခဲ့၊ ကြားခဲ့ရပါသေးတယ်။ ကျွန်တော်ရောက်တဲ့အချိန်တုန်းက နေပြည်တော်မှာ အရာရှိပေါက်စဖြစ်နေတဲ့ အဲဒီရွာသားတစ်ယောက် ရောက်နေပါတယ်။ အဲ့ဒီအရာရှိပေါက်စကို ရွာကအမေကြီးအချို့နဲ့ ဦးကြီးအချို့က သူတို့ရင်ထဲကခံစားချက်ကို စိုက်ပျိုးရေးဝန်ကြီးကိုပြောပြပေးဖို့ အကူအညီတောင်းနေတာပါ။ နွေရာသီမှာ နွေစပါးကို ဧရာဝတီမြစ်ရေတင် စီမံကိန်းကြောင့် မစိုက်မနေရ စိုက်ခိုင်းလို့ အဆင်မပြေတဲ့အကြောင်းပါ။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသဟာ အပူပိုင်းမိုးခြောင်ရေရှားဒေသတစ်ခုပါ။ နှစ်ပေါင်းများစွာအကျင့်ဖြစ်နေတဲ့ ဒီလိုယာမြေဟာ ရေရတိုင်း စပါးစိုက်လို့ မရပါဘူး။ အဲဒါ နွေစပါးကို မစိုက်မနေရစိုက်ခိုင်းနေတဲ့အတွက် မိုးစပါးကရတဲ့ငွေကြေးအပြင် အရင်ကစုမိ ဆောင်းမိတဲ့ ငွေကြေးတွေပါကုန်လာနေပါပြီတဲ့။ တစ်ထက်စီလောက်ပဲဖြစ်ဖြစ် အခြားသီးနှံလေးတွေ စိုက်ခွင့်ပေးဖို့ ပြောပေးပါတဲ့။ ပြောနေတဲ့သူတွေရဲ့ မျက်လုံးအိမ်မှာ ခံစားချက်ကြောင့် မျက်ရေဥလေးတွေ ဝေသီနေပါတယ်။ စပါးလုံးဝ မစိုက်ဘူးလို့မပြောကြပါဘူး။ ဟုတ်ပါတယ်။ အဲဒီရွာက စီးပွားရေးအဆင်ပြေတဲ့သူတွေဟာ နွေစပါးဒဏ်ကြောင့် ရွာကိုပစ်ပြီး မြို့ကိုပြောင်းကုန်ကြပါပြီ။ ဒါပေမယ့်အဲဒီဒေသကလူတွေက ရိုးသားကြသူတွေဖြစ်လို့ သူတို့ရိုးသားစွာနဲ့ သူတို့ကိုဂရုစိုက်တယ်ထင်တဲ့  ခြင်္သေ့တွေကိုပဲ မဲပေးခဲ့ကြပါတယ်။ ကိုယ့်ကိုမဲပေးခဲ့တဲ့.. ယုံကြည်ပေးခဲ့ကြတဲ့ … အားကိုးကြတဲ့… ရိုးသားတဲ့သူတွေ လွတ်လပ်စွာ စိုက်ပျိုးချင်တဲ့၊ စိုက်ပျိုးသင့်တဲ့ သီးနှံကို စိုက်ပျိုးခွင့်ရစေချင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ … လိပ်ပြာလုံကြပါရဲ့လားလို့ပဲမေးကြည့်ချင်ပါတယ်။

ကျွန်တော်တို့တစ်တွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ ပြည်သူပြည်သားစစ်စစ်တွေပါ။ ကျွန်တော်တို့နိုင်ငံကို ကျွန်တော်တို့ နှစ်နှစ်ကာကာချစ်မြတ်နိုး တန်ဘိုးထားပါတယ်။ ဒီလိုပဲ အားလုံးကချစ်မယ်။ မြတ်နိုးမယ်။ တိုးတတ်စေချင်မယ်လို့ထင်ပါတယ်…။ ဒါဟာ ရွေးကောက်ပွဲအလွန်မျှော်လင့်ချက်မဟုတ်ပါဘူး။ အရင်ကတည်းက မျှော်လင့်ခဲ့တဲ့ မျှော်လင့်ချက်စစ်စစ်တစ်ခုပါ။

2 comments

  • unclegyi1974

    December 6, 2010 at 12:55 pm

    ဒါဘဲလေ ပညာရှင်ကောင်းကောင်းမရှိတော့
    အဲလိုတွေဖြစ်နေတာ
    ရေဘူပေါက်တာလာမပြောနဲ့ရေပါတာဘဲလိုချင်
    တယ် ဆိုလားကြားဘူးတာပြောတာနော်

  • ကြယ်လေး

    December 7, 2010 at 3:42 pm

    အနောက် နိုင်ငံ တွေ စီးပွါး ရေး ပိတ် စို့လို. မြန်မာတို့ မွဲပြာ ကျတာလား

    လက် နက်ကိုင် စစ်တပ် ခိုး ဆိုး လုယက် ဓါးပြတိုက်လို့ မြန်မာတွေ မွဲပြာကြတာလား

    ပြည်သူဆန္ဒ ခံယူ ကြည့်လိုက်ရဲလား မေးကြည့်ချင်လိုက်စမ်းတယ် ဗျာ

Leave a Reply