ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖြေများ

doekalayDecember 6, 20101min592

ယနေ့ညနေမှာ မိုးမခက အင်န်အယ်ဒီပါတီ ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တခဏ တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ မိုးမခက လက်ခံရရှိထားတဲ့ ပြည်တွင်း ပြည်ပက မြန်မာများရဲ့ မေးမြန်းချက်တွေ၊ သဘောထားတွေကို တင်ပြပြီး ဒေါ်စုရဲ့ တုန့်ပြန်ချက်ကို ကောက်နုတ်ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ပထမဦးဆုံး မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်။ အားတက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး၊ လုံခြုံရေး၊ အမျိူးသားရေးလုပ်ငန်းတွေ အစီအစဉ်တွေကို အားလုံးက အဆင်ပြေ ချောမွေ့ အောင်မြင်စေဖို့ ဆုမွန်ကောင်းတွေ တောင်းနေကြတယ်၊ မေတ္တာပို့နေကြတယ်၊ ထောက်ခံ အားပေးလျက် ရှိတယ် ဆိုတဲ့ အကြောင်းကို အရင်ဆုံး တင်ပြလိုပါတယ်။

ကျေးဇူးတင်ပါတယ်။ ကျမတို့ အခုလို ကြားသိရတဲ့အတွက်လည်း ဝမ်းသာပါတယ်။

နောက်တခုကတော့ ပြည်ပမှာ မြန်မာအမျိုးသားတွေကလည်း လူမှုရေးကွန်ယက်တွေအဖြစ် တယောက်တလက် ကိုယ်ထူကိုယ်ထ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြတာတွေ ရှိတယ်။ ပြည်တွင်းက လူမှုရေးစွမ်းဆောင်သူတွေကို အားပေး ဂုဏ်ပြုကြတာတွေ လုပ်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုတွေ စသည်ဖြင့် အဲသည်အတွက်ကို ဘာများ ပြောလိုပါသလဲ။

ကျမ ဒီအကြောင်းကို ကြားရ သိရပါတယ်။ ဝမ်းသာပါတယ်။ ဒါမျိုးတွေကို ဆက်ပြီးတော့ လုပ်သွားကြပါ။ သားတို့အနေနဲ့ ညီညီညွတ်ညွတ် လုပ်ကြရမယ်နော်။ အပြင်က အဖွဲ့တွေက အကွဲကွဲအပြားပြားဖြစ်နေတယ်လို့ ခဏခဏ အပြောခံရတာ မကောင်းဘူးနော်။ တခါတလေမှာ နိုင်ငံရေးအရ နဲနဲ ကွဲပြားနေကြတာတွေကို လူမှုရေးလုပ်ငန်းတွေ အတူတူလုပ်ရင်းနဲ့ ရင်ကြားစေ့ကြလို့ ရှိရင် အခြေအနေတွေ ကောင်းလာလိမ့်မယ် လို့ ထင်ပါတယ်။

ဟုတ်ကဲ့ပါ။ ပြည်ပက မြန်မာအမျိုးသားတွေ၊ တိုင်းရင်းသားတွေက မြန်မာပြည်ပြင်ပမှာ၊ နယ်စပ်ဒေသတွေမှာ ရွှေ့ပြောင်းနေထိုင်ကြနေကြရတယ်။ အခုဆိုရင် နှစ်ပေါင်း ၂ဝ လောက် ရှိပြီ။ သို့သော် တိုင်းပြည်ရဲ့ အမျိူးသားရေးနဲ့ ပတ်သက်ရင်တော့ အမြဲတန်း စိတ်ဝင်တစား၊ တက်တက်ကြွကြွနဲ့ ရောက်ရာ ကျရာနေရာတွေကနေ လှုပ်ရှားမှုတွေ၊ တောင်းဆိုမှုတွေ၊ ရပ်တည်မှုတွေကို နှုတ်ပိတ်ခံထားရတဲ့ ပြည်တွင်းက ပြည်သူတွေကိုယ်စား ဆောင်ရွက်နေကြတာတွေ ရှိပါတယ်။ ဥပမာအားဖြင့် ၂၀၀၈ အခြေခံဥပဒေတို့၊ ၂၀၁ဝ ရွေးကောက်ပွဲတွေကို လက်မခံဘူး၊ ကန့်ကွက် ဆန့်ကျင်ခဲ့ကြတယ်။ အဲသည်အတွက်ကို ဘာပြောချင်ပါသလဲ။

အခုလိုမျိူး လုပ်ကိုင် ဆောင်ရွက်တာတွေဟာ ခုချိန်မှာ အရေးကြီးတယ် လို့ ပြောချင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ လက်တွဲလုပ်ကြဖို့ကိုလည်း မမေ့ကြစေချင်ဘူးနော်။  အခုချိန်ဟာ တကယ်တော့ ကျမတို့အတွက် အလွန်အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ အခုချိန်မှာ အားလုံးက စုပေါင်းအင်အားနဲ့ လှုပ်ရှားရမယ့် အချိန်ဖြစ်ပါတယ်။ ဒါကို သားတို့က သိမှာပါ။

အခုအချိန်မှာ အဖွဲ့ချုပ်အနေနဲ့ ပြည်တွင်းမှာ အရင်တုန်းကနဲ့ မတူတဲ့ ထောက်ခံမှုတွေ ရနေတယ်။ ဒါပေမယ့် တချိန်တည်းမှာလည်း အဖွဲ့ချူပ်ကို မှတ်ပုံတင်ထားတဲ့ အဖွဲ့ချူပ်မဟုတ်ဘူးဆိုတာမျိူး ဖြစ်အောင်လို့ လုပ်နေတာတွေလည်း ရှိနေတဲ့ အချိန်လည်း ဖြစ်နေတော့။ ဒါတွေက အများကြီး လုပ်ရမယ့် အချိန်ပဲ။

ဟုတ်ကဲ့ပါ။ ကျနော်တို့ ကြားသိ တွေ့မြင်ရသလောက်ကတော့ မြန်မာပြည်သူတွေ အားလုံးလိုလိုက အင်န်အယ်ဒီဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ဟာ နိုင်ငံရေးပါတီတခုအနေနဲ့တင်သာမကဘူး၊ မြန်မာပြည်သားတွေရဲ့ လူမှုအဖွဲ့အစည်း၊ နိုင်ငံပြု အဖွဲ့အစည်းလို မှတ်ယူထားပြီးသား ဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။ နိုင်ငံတကာဖက်ကအနေနဲ့ကော ဘယ်လိုမျိူး မြင်ချင် တွေ့ချင်တာ ရှိပါသလဲ။

ဟုတ်ကဲ့။ နောက်တခုကလည်းလေ ဥပဒေကြောင်းအရ တတ်နိုင်သမျှ ဝန်းရံပြီးတော့ ပြောပေးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့ချူပ်ကို မှတ်ပုံတင်ထားတာကို ဖျက်မယ်ဆိုတာဟာ ဥပဒေနဲ့ မညီဘူး။ ကျမတို့ ရှေ့နေတွေနဲ့ သေသေချာချာ တင်ထားတယ်။ ဥပဒေကြောင်းအရသာ ဖြစ်ရမယ်ဆိုရင်တော့ အဖွဲ့ချူပ်ကို မှတ်ပုံတင် ရုပ်သိမ်းလို့ မရဘူး။ အဲဒါကို ကမာ္ဘတလွှားက ပညာရှင်တွေကနေပြီးတော့ ဒီဟာကို ထောက်ပြပြီးတော့ ဥပဒေအမြင်ကနေပြီးတော့ ထောက်ခံပေးတာကိုလည်း လုပ်ပေးစေချင်တယ်။ သားတို့လည်း လုပ်ပေးစေချင်တယ်။

ဟုတ်ကဲ့ပါ။ မြန်မာပြည်တွင်းက ဒေါ်စုတို့လို နိုင်ငံရေးခေါင်းဆောင်တွေ၊ အမျိုးသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအင်အားစုတွေရဲ့ ဆောင်ရွက်မှုတွေ၊ ချမှတ်ဖော်ဆောင်မှုတွေကိုလည်း အားလုံးက နားစွင့်ပြီး၊ စောင့်ပြီး နားထောင်ပြီး လိုက်ပါဆောင်ရွက်နေကြတယ်ဆိုတဲ့အကြောင်းကိုလည်း ပြောနေကြပါတယ် ခင်ဗျာ။

ကျေးဇူးတင်ပါတယ် သားရယ်။

နောက်တချက်ကတော့ အမျိူးသားပြန်လည်သင့်မြတ်ရေး အလုပ်တွေ၊ လှုပ်ရှားမှုတွေမှာ အင်န်အယ်ဒီပါတီဘက်က ရပ်တည်ပေးနေကြတဲ့ ပြည်သူလူထုတွေ ရှိတယ်၊ တိုင်းရင်းသားတွေ နိုင်ငံရေး အစုအဖွဲ့တွေ ရှိနေတယ်။ ဒ့ါအပြင် တဖက်ကကြည့်ရင်လည်း တပ်မတော်တို့၊ မကြာခင်မှာ ပေါ်ထွန်းလာနိုင်တဲ့ လွှတ်တော်တို့ အခြားနိုင်ငံရေးအင်အားစုတွေနဲ့ကော ဘယ်လိုမျိူး လက်တွဲပြီး လုပ်သွားမယ်ဆိုပြီး မျှော်လင့်ထားသလဲဆိုတာကိုလည်း သိချင်ကြပါတယ်။

အန်တီတို့က ကြိုးစားနေတာပဲ။ အခုဆိုရင်လည်း ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီ ၁ ခု ၂ ခု နဲ့၊ တသီးပုဂ္ဂလတွေနဲ့လည်း တွေ့ပြီးပါပြီ။ အများကောင်းကျိူးကို တတ်နိုင်သမျှ လက်တွဲပြီး လုပ်ကြမယ်ဆိုတဲ့ သဘောတူညီချက် ရခဲ့ပါတယ်။ ဒီထက်ပိုပြီး ထပ် ထပ် ပြီးတော့ ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ ဖြစ်အောင်လို့ ကြိုးစားသွားမှာပါ။ အဲသည်တော့ သားတို့တွေ အနေနဲ့ကလည်း သည်လိုကြိုးစားမှုတွေကို ထောက်ခံမယ် ပံ့ပိုးမယ်လို့ ဆိုတာကို ယုံကြည်ထားပြီးသားပါ။

အဲသည်မှာ မေးခွန်းတခုကတော့လေ … ဒီမိုကရေစီရေး လှုပ်ရှားမှုတွေထဲမှာ အင်န်အယ်ဒီရဲ့ ရပ်တည်မှုတွေထဲက အခြေခံအချက်တခုဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမယ်၊ ဒီမိုကရေစီရေးကို အခြေခံတဲ့ အာမခံတဲ့ အခြေခံဥပဒေတရပ် ပေါ်ထွန်းလာရေးကို ထောက်ခံပြီး ဦးတည်ပြီး ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ရည်မှန်းကြတယ်။ ဒီလိုမျိုး ဆောင်ရွက်နိုင်အောင်လို့ အခြားအင်အားစုတွေ၊ နိုင်ငံရေးအင်အားစုတွေကို အားလုံးက ဘယ်လို စည်းရုံးကြမယ်လို့ မျှော်လင့်ပါသလဲ ခင်ဗျာ။

ဒါကတော့ ရွေးကောက်ပွဲဝင်ပြီးတဲ့သူတွေလည်း တော်တော် အခြေအနေတွေကို သိလာကြပါပြီ။ ဒီအတိုင်းဆက်သွားမယ်ဆိုရင် အစတုန်းကတော့ Political Space ရဖို့လုပ်ခဲ့ကြတာ လို့ ဆိုတယ်။ တကယ်တန်းကျတော့ Political Space  ရှိရဲ့လား၊ မရှိဘူးလား ဆိုတာကို လက်တွေ့ကျကျ သုံးသပ်ကြဖို့ လိုတယ်ဆိုတာကိုတော့ သားတို့က ထောက်ပြကြရလိမ့်မယ် ထင်တယ်။

အဲဒါကတော့ ဆောင်ရွက်ကြရတဲ့နေရာမှလည်းပဲ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေပေါ်မှာ မူတည်ပါတယ်။ ဒီကိစ္စတွေက ဘာနဲ့ စရမှာလဲ ဆိုတော့ နှစ်ဦး နှစ်ဖက် တွေ့ဆုံဆွေးနွေးတာနဲ့ စရမယ်။ အခုသုံးနေကြတဲ့ စကားကတော့ Exchange ပေါ့။ Engagement ပေါ့။ Exchange ရှိရမယ်။ Engagement ရှိရမယ်။ Exchange of Ideas ရှိရမယ်။ အပြန်အလှန်ဆွေးနွေးကြပြီးတော့မှ ကိုယ်ကနေပြီးတော့ ဘယ်လိုပုံစံနဲ့ပြောရင် သူတို့နားလည်သဘောပေါက်မယ် ဆိုတာ အဲလိုဆုံးဖြတ်ရမှာပေါ့။

အဖွဲ့ချုပ်ကို လက်ရှိစစ်အစိုးရနဲ့ အခြားနိုင်ငံရေးအင်အားစုတွေက အနှောက်အယှက်ပေးတယ်။ မတရားမှုတွေ လုပ်လာတာမျိုးတွေ ရှိလာရင်၊ ဖြစ်လာရင် ပြည်သူလူထုအားလုံး ပါဝင်နိုင်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ဘယ်လိုမျိူး ဝိုင်းဝန်းပြီး လုပ်ကြရင် ကောင်းမှာလဲ ဆိုတာ ဘယ်လိုပြောချင်ပါသလဲ ခင်ဗျာ။

ပထမဦးဆုံးအဓိကအချက်ကတော့ Awareness ပိုပြီးရှိလာအောင် လုပ်ကြဖို့ ဖြစ်တယ် လို့ ပြောချင်ပါတယ်။ နိုင်ငံတကာအဆင့်နဲ့ကို Awareness ရှိလာအောင်လို့၊ ရှိနေအောင်လို၊့ အခြေအနေကို အများကနေပြီးတော့ ပိုပြီး သိလာအောင်လို့၊ ထောက်ခံလာအောင်လို့ လုပ်ကြတဲ့နေရာမှာ အပြင်က လုပ်ပေးနိုင်တာက အထဲမှာ အန်တီတို့ မလုပ်ပေးနိုင်တာ အများကြီး ရှိတယ်။ အထဲမှာ အန်တီတို့လုပ်မယ့် လှုပ်ရှားမှုတွေကို အပြင်ကလည်း သိမှာပဲ။ သိကြလို့ရှိရင် ကိုယ့်အထိုက်အလျောက် ဝိုင်းကြဖို့၊ ဝန်းကြဖို့ပါပဲ။ ဒါတွေက အန်တီတောင် ပြောဖို့ မလိုဘူး ထင်ပါတယ်။ အခု သားတို့ လုပ်နေကြပဲ။ လုပ်ပေးနေကြပဲ။

ဟုတ်ကဲ့ပါ။ အဲသည် လုပ်ပေးနေကြပဲ ဆိုတဲ့နေရာမှာ တခုကတော့ နိုင်ငံတကာက စစ်အစိုးရကို ပိတ်ဆို့အရေးယူထားတဲ့ Sanction ဆိုတဲ့အပေါ် ဒီဘက်ကသဘောထားတွေ အနေနဲ့ ပြောချင်ပါတယ်။ ဒီ နိုင်ငံတကာက ဒီမိုကရေစီလိုလားတဲ့ နိုင်ငံတွေက မြန်မာစစ်အစိုးရကို ပိတ်ဆို့အရေးယူထားတယ်ဆိုတာက မြန်မာပြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ထောက်ခံတဲ့ သဘောကို ပြတဲ့အနေနဲ့ အရေးယူမှုဖြစ်တယ်။ ထောက်ခံမှုကို ပြသတဲ့ သဘောအဖြစ် မှတ်ယူထားကြတာဖြစ်ပါတယ်။ ဒါတွေဟာ မြန်မာပြည်ဒီမိုကရေစီရေးမှာ မြင်သာတဲ့ တိုးတက်ပြောင်းလဲမှုတွေ မဖြစ်မချင်းမှာ ဆက်လက်ကိုင်စွဲသွားရမယ့် အရေးယူမှုတခုဖြစ်တယ်လို့ ဒီမိုကရေစီရေးလိုလားသူ မြန်မာကွန်မြူနီတီတွေရဲ့ သဘောထားလို့ ပြောပြချင်ပါတယ် ခင်ဗျာ။

ဒါလဲ အန်တီတို့က သဘောတူပါတယ်။ အန်တီတို့အနေနဲ့က အခြေအနေတွေကို ပြန်ပြီး Review လုပ်မယ်လို့ပဲ ပြောတာပါ။  အခုလို ပြောပြတာတွေနဲ့ ပတ်သက်လို့ သဘောမတူစရာအကြောင်း အန်တီတို့ဖက်က ဘာမှ မရှိဘူး။ Sanction တွေကြောင့်မို့လို ဒီမှာ စီးပွားရေးအခြေအနေတွေ မကောင်းတာပါ လို့ပြောနေကြတာကလဲ မဟုတ်ဘူး ဆိုတာကို ယုံတယ်။ ဒါကိုလည်း ထင်ထင်ရှားရှားပေါ်လွင်အောင်လည်း အန်တီတို့အနေနဲ့က လုပ်မယ်။ လူထုကို ထိခိုက်နေတာတွေ ရှိတယ် ဆိုရင်လည်း ကြည့်ပြီးတော့ ပြန်စဉ်းစားရမှာပေါ့။ ဒါပေမယ့် ခုနက သားပြောသွားတာတွေကလည်း အန်တီတို့ရဲ့ အခြေခံမူပါပဲ။

နောက်တဆင့်ထပ်ပြောချင်တာကတော့ ဒီလိုမျိုး နိုင်ငံတကာက စစ်အစိုးရကို ပိတ်ဆို့အရေးယူထားတာတွေ ရှိတဲ့ကြားထဲကပဲ နောက်ပိုင်းတွေမှာ ၂၀၀၃ မေလ ဒီပဲယင်းလုပ်ကြံမှုလိုမျိုး ဒေါ်စုနဲ့ အင်န်အယ်ဒီကို  အကြမ်းဖက်မှုတွေ လုပ်တယ်။ နောက်ပိုင်း ထင်ရှားတာတွေက ၂၀၀ရ သံဃာ့အရေးအခင်းတွေ၊ ၂၀၀၈ နာဂစ်အရေးအခင်းတွေမှာ လက်နက်မဲ့တဲ့ အပြစ်မဲ့တဲ့ ပြည်သူလူထုအပေါ်မှာ စစ်အစိုးရနဲ့ အပေါင်းအပါတွေက မတရားမှုတွေ လုပ်တယ်၊ လူ့အခွင့်အရေး ချိူးဖောက်မှုတွေ၊ ဖမ်းဆီး သတ်ဖြတ် နှိပ်စက် ထောင်ချတာတွေကို လုပ်တယ်။ ဒါတွေကို နောင်ဆက်မဖြစ်အောင် ဟန့်တားနိုင်အောင်လို့၊ ဖြစ်ခဲ့တာတွေကိုလည်း အမှန်တရားအတိုင်း ပေါ်ပေါက်ဖော်ထုတ်နိုင်အောင်လို့ ကုလသမဂ္ဂလိုမျိုး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာဥပဒေအရ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ပေါ်လာအောင် အရေးယူနိုင်အောင် လုပ်လာကြတာတွေ ဖြစ်တယ် ဆိုတာကလည်း ဒီမှာရှိနေတဲ့ မြန်မာကွန်မြူနီတီတွေကိုယ်တိုင်ရဲ့ သဘောထားဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဒါလဲ အန်တီတို့ သဘောတူပါတယ်။ သဘောမတူစရာ အကြောင်းမရှိပါဘူး။ ဒီမူတွေဟာ မှန်တယ်လို့ အန်တီတို့ ယုံကြည်တယ်။ ဒါပေမယ့်လည်း အချိန်ကာလအလျောက် ပြန်ပြီးတော့ Review လုပ်မယ် ဆိုတာကလည်း တာဝန်အရ Review လုပ်မှာပေါ့နော်။ Review လုပ်တယ် ဆိုတာကလည်း အန်တီတို့ တွေ့တိုင်းအတိုင်းပဲ ထုတ်ဖော် ပြောဆိုမှာ ဖြစ်ပါတယ်။ အန်တီအနေနဲ့ကလည်း စီးပွားရေးဒုက္ခတွေ ဖြစ်နေတာဟာ Sanction တွေကြောင့် မဟုတ်ဘူးဆိုတာလည်း ပေါ်လွင်အောင် ဆွေးနွေးပြီးတော့ ဖော်ထုတ်ပေးရမှာပေါ့။ အဲဒါကိုလည်း အန်တီတို့ကလည်း တန်ဖိုးထားပါတယ်။

နောက်ဆုံးတခုအနေနဲ့ကတော့ ပင်လုံညီလာခံကြီးကို ဝိုင်းဝန်းဆောင်ရွက်ကြဖို့ကို အားလုံးက မျှော်လင့်နေတယ်။ မြန်မာပြည်သူတွေကိုယ်တိုင်ကလည်း ရောက်ရာ၊ ရာရာနေရာတွေကနေပြီး ဘယ်လို အခမ်းကဏ္ဍတွေကနေပြီး ဘယ်လို ဝိုင်းဝန်းကြရမလဲဆိုတာကို ကြိုဆိုနေကြတယ် လို့ ပြောကြားနေကြတဲ့အကြောင်း၊ စိတ်အားထက်သန်နေကြတဲ့အကြောင်းကို ပြောပြလိုပါတယ်။

ကျေးဇူးတင်တယ် သားရယ်။ ဒါနဲ့ ပတ်သက်လို့လဲ အန်တီတို့က အကူအညီလိုမှာပါ။ အကူအညီလိုတဲ့အခါကျရင် အန်တီတို့ ဆက်သွယ်မယ်လေ။ ဆက်သွယ်လို့ရအောင်ကိုလည်း အဖွဲ့ချုပ်က တာဝန်ရှိသူတွေကို ပြောပြထားကြရင် ကောင်းမယ် ထင်တယ်နော်။ အခုလို ပြောကြတာတွေဟာ တန်ဖိုးရှိပါတယ်။ ဒီလိုပြောတဲ့အခါကျတော့လည်း အတွင်းမှာရှိတဲ့ အန်တီတို့ သဘောထားတွေနဲ့ အပြင်က သဘောထားတွေနဲ့က ကွာခြားမှုမရှိဘူး။ ကွာဟမှု မရှိဘူး ဆိုတာ သိရတော့လည်း အန်တီတို့အတွက် အားတက်စရာပေါ့။

သားတို့အားလုံး ကျန်းကျန်းမာမာရှိအောင် နေကြနော်။ ကျန်တဲ့သူတွေကိုလည်း အန်တီက နှုတ်ဆက်လိုက်တယ်။ မေတ္တာပို့လိုက်ပါတယ်လို့ ပြောလိုက်ပါနော်။

ဒါတွေကတော့ ၂၆ ရက် နိုဝင်ဘာ ညနေခင်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ္တ ဆုံတွေ့ခွင့်ရချိန်မှာ မိုးမခဝိုင်းတော်သားများရဲ့ တင်ပြဆွေးနွေးမှုတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖြေများပဲ ဖြစ်ပါတယ်။

အဲသည်လို တွေ့ဆုံချိန်လေးအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ကွယ်လွန်ခဲ့ပြီဖြစ်တဲ့ မြန်မာပြည်ရဲ့ ကဗျာဆရာကြီး ဦးတင်မိုးအကြောင်းကို အမှတ်တရ စကားပြောပါတယ်။ ဆရာ့အစီအစဉ်တွေကို လေလှိုင်းများကတဆင့် အမြဲတမ်း နားထောင်နေခဲ့တဲ့အကြောင်း ဆရာဦးတင်မိုးရဲ့ သမီးငယ် မိုးချိုသင်းကိုလည်း နှုတ်ဆက်စကားပြောပါတယ်။ အခုတော့ ဆရာဦးတင်မိုးအသံတွေ မကြားရတော့ပေမယ့် ဆရာ့ဦးတင်မိုးရဲ့ မိတ်ဆွေ ဆရာမောင်စွမ်းရည်ရဲ့ အသံတွေကတော့ ဆက်ကြားနေဆဲ ဖြစ်ကြောင်းနဲ့ ဆရာမောင်စွမ်းရည်နဲ့ စာပေမိတ်ဆွေများကို နှုတ်ဆက်လိုက်ကြောင်းကိုလည်း စကားလက်ဆောင် ပေးခဲ့ပါတယ်။

2 comments

  • doekalay

    December 6, 2010 at 3:03 pm

    ဒီပို ့စ်ကလည်းဖတ်ပြီးတဲ ့သူတွေတော်တော်များချင်လည်းများမယ်ဖတ်ပြီးတဲ ့သူတွေလည်းရှိနေမယ်လို ့ထင်ပါတယ်။
    ဒေါ်အောင်ဆန်းစုကြည်ကိုမိုးမခမှအင်တာဗျူးလုပ်ပေးထားတာလေးကိုဖြန့်ဝေပေးလိုက်တာပဲဖြစ်ပါတယ်။နိုဝင်ဘာ26ရက်နေ ့ကတွေ ့ဆုံမေးမြန်းထားတာတွေပဲဖြစ်ပါတယ်။အားလုံးကိုကှေးဇူးတင်ပါတယ်။

Leave a Reply