ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လုပ်ဆောင်မှုကို ဗိုလ်မှုးချုုပ်ဟောင်း ကျော်ဇော အားရ

doekalayDecember 6, 20101min641

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇောက သူ့ ရဲ့ ၉၁ နှစ်မြောက်မွေးနေ့ ဖြစ်တဲ့ ဒီကနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေ လုပ်ကိုင်နေကြတာကို အားရတဲ့အကြောင်းနဲ့ တပ်မတော်ကိုလည်း ပြည်သူလူထုဖက်က ရပ်တည်ဖို့ သမီးဖြစ်သူကတဆင့် သတင်းစကား ပါးလိုက်ပါတယ်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော (ယာ)နှင့် သမီး ဒေါက်တာ လှကျော်ဇောတို့၏ (နေ့စွဲမသိ) မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: RFA)

ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောဟာ ကျန်းမာရေး အခြေအနေကြောင့် လွန်ခဲ့တဲ့ အောက်တိုဘာလကတည်းက တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့က ဆေးရုံမှာ ဆေးကုသခံယူနေတာဖြစ်ပါတယ်။

ဒိအရင်နှစ်တွေကမွေးနေ့တွေမှာ ဗိုလ်မှုးချုပ်ဟောင်း ကျော်ဇောကိုယ်တိုင် မီဒီယာတွေကို သူ့ရဲ့အသံနဲ့ တပ်မတော်နဲ့ ပြည်သူကို ပန်ကြားလေ့ရှိပေမဲ့ ဒီနှစ်တော့ မပြောနိုင်ခဲ့ပါဘူး။

တပ်မတော်သားများအနေနဲ့ ပြည်သူနဲ့အတူ ရပ်တည်ဖို့ ပြည်သူကို ရန်သူလို သဘောမထားကြဖို့ သူတောင်းဆိုထားတာ ရှိပါတယ်။ နောက် ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ သူတို့ မျိုးဆက် တည်ထောင်ထားတဲ့ ဗမာ့ တပ်မတော်ကြီးကိုလည်း ပြည်သူ့တပ်မတော်အဖြစ် သူ မြင်တွေ့ချင်ပါတယ်လို့ သူပြောဆိုထားတာ ရှိပါတယ်။

ဒါပေမဲ့ ရဲဘော်သုံးကျိပ်ဝင် တပ်မတော် ခေါင်းဆောင်ဟောင်းကြီးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကို ဝမ်းသာအားရ ဖြစ်နေပြီးပြီး သူမနဲ့ လက်တွဲလုပ်ဆောင်နေတဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေရဲ့ လှုပ်ရှား မှုတွေကို အားရကျေနပ်နေတဲ့အကြောင်း သမီး ဒေါက်တာ လှကျော်ဇောကနေတဆင့် အာရ်အက်ဖ်အေကို ပြောပါတယ်။

“ဖေဖေကတော့ အခုဒေါ်အောင်ဆန်းစုကြည်တို့ လွတ်မြောက်လာပြီးတဲ့နောက် သူ့ရဲ့ လှုပ်ရှားမှုတွေရော ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့၊ ဦးဝင်းတင်တို့ ကျန်လူတွေပေါ့နော် ဝိုင်းရံပြီးတော့ ပြည်သူတွေ ဝို်င်းပြီးတော့ သောင်းသောင်းဖြဖြ ကြိုဆိုကြတာရော၊ ဝိုင်းရံကြတာရော ကြည့်ပြီး တော်တော် အားတက်နေပါတယ်ရှင့်။”

နှစ်စဉ် တပ်မတော်နဲ့ ပြည်သူကို ပြောစကားနဲ့ ပန်ကြားလေ့ ရှိခဲ့တဲ့အတိုင်း ဒီနှစ်မှာ ပြောချင်တဲ့စကားတွေ ပြောကြားထားခဲ့ပုံကိုလည်း ဒေါက်တာလှကျော်ဇော ပြောပြတာကတော့ “၂၀၁ဝ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တုန်းကတော့ သူပြောထားတာ ရှိတယ်။ အရေးတော်ပုံဂျာနယ်ထဲမှာ တပ်မတော်သားများကို တပ်မတော်သားများကို မှာကြားချက် ဆိုပြီးတော့လေ အဲဒါက ဘာလဲဆိုတော့ တပ်မတော်သားများအနေနဲ့ ပြည်သူနဲ့အတူ ရပ်တည်ဖို့ ပြည်သူကို ရန်သူလို သဘောမထားကြဖို့ သူတောင်းဆိုထားတာ ရှိပါတယ်။ နောက် ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူ သူတို့ မျိုးဆက် တည်ထောင်ထားတဲ့ ဗမာ့ တပ်မတော်ကြီးကိုလည်း ပြည်သူ့တပ်မတော်အဖြစ် သူ မြင်တွေ့ချင်ပါတယ်လို့ သူပြောဆိုထားတာ ရှိပါတယ်။ ”

အခုနှစ် ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့ မွေးနေ့ပွဲကိုတော့ ကူမင်းမြို့ ဆေးရုံမှာ လက်ဖက်ရည်ပွဲနဲ့ပဲ အကျဉ်းရုံးပြီး လုပ်ခဲ့တယ်လို့ သမီးဖြစ်သူက ပြောပြပါတယ်။

ဗိုလ်မှုးချုပ်ဟောင်းကျော်ဇောဟာ ၁၉၄၅ ခုနှစ် ဗမာပြည် ကွန်မြူနစ်ပါတီ ဒုတိယ ကွန်ဂရက်ကနေ ဗဟို ကော်မီတီဝင်အဖြစ် အရွေးချယ် ခံခဲ့ရပါတယ်။ ၁၉၅၄ -၅၅ ခုနှစ်မှာ မြန်မာနိုင်ငံထဲကို ဝင်လာတဲ့ တရုတ်ဖြူ ကျူးကျော်သူတွေကို တိုက်ထုတ်ရာမှာ အဓိကအခန်းက ပါဝင်ခဲ့ပါတယ်။

၁၉၇၆ ခုနှစ်မှာ တောခိုပြီး အခုအချိန်အထိ မြန်မာပြည်သူလူထု လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယနေ့မနက်ပိုင်းက ဘန်ကောက် အခြေဆိုက် ဘယ်လ်ဂျီယန်နိုင်ငံ သံအမတ်ကြီးမှ လာရောက်တွေ့ဆုံခဲ့ပြီး ညနေပိုင်းမှာတော့ ရန်ကုန်အခြေဆိုက် ဩစတြေးလျ သံအမတ်ကြီးတို့မှ လာရောက်တွေ့ဆုံခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။
ယနေ့ မနက်ပိုင်းကလည်း ရွှေဂုံတိုင် အဖွဲ့ချုပ်ရုံးမှာ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)အစည်းအဝေးပြုလုပ်ခဲ့ကြောင်း ဆက်လက် ပြောဆိုသွားပါတယ်..။

One comment

  • mG

    December 6, 2010 at 5:10 pm

    ဒီသိတင်းလေး တင်ပြထားတာ အရမ်းကိုကောင်းပါတယ်ဗျာ။ဒီသတင်းလေးဟာလည်း ကျွန်တော်တို့နိုင်ငံအတွက် မင်္ဂလာသတင်းလိုမျိုး ဖြစ်လာမယ်လို့မှော်လင့်ပါတယ်။

Leave a Reply