” ဘယ်နေ့လဲ ဘယ်အချိန်လဲ ဘယ်တော့များမှလဲ”

ဟိုနေ့က ရန်ကုန်မှာနေတဲ့ မမဝါ ဆီကဖုန်းလာတော့ မာကြောင်းသာကြောင်းတွေပြောကြပါတယ်။
ဟိုလူနေကောင်းလား ဘယ်သူဘယ်ဝါနဲ့ရောတွေ့သေးလား အဆင်ပြေလားဘာလားအရေးမပါဘူးဆိုပေမယ့် ဝေးနေသူတွေအကြောင်းလှမ်းမေးပါတယ်။
ဒါနဲ့ အမကမွေးထားတဲ့ တူ တစ်ယောက်နဲ့ တူမနှစ်ယောက် ခုဘာလုပ်နေလဲ ကျောင်းပြီးပြီလား ဘာလားနဲ့မေးလဲမေးလိုက်ရော အမတော်ရဲ့ညည်းချင်းရှည်ကြီးကို နားဆင်ရပါတော့တယ်။
” ငပေါက်ရေ မင်းတူ တူမတွေအကြောင်းတော့ မမေးနဲ့တော့ အခုသူတို့ညီမနှစ်ယောက်က မငယ် သမီးနှစ်ယောက်နဲ့ပေါင်းပြီး ရှိသမျှသင်တန်းလိုက်တက်နေကြတယ် ဟိုကောင်မောင်တိုးကတော့ သီချင်းအဆိုသင်တန်းတက်လိုက် အကသင်တန်းတက်လိုက် သင်္ဘောသားသင်တန်းတက်လိုက် ဟော်တယ်သင်တန်းတက်လိုက် နဲ့ကျောင်းပြီးတာတောင် သင်တန်းတွေက တက်လို့မပြီးသေးဘူး။
ဟိုညီအမ နှစ်စုံတွဲကလဲ ကျောင်းပြီးတာနဲ့ခြေငြိမ်ပြီမှတ်တယ် တက်လိုက်ရတဲ့စကားပြောနည်းသင်တန်း အင်္ဂလိပ် တရုတ် ဂျပန် ကိုရီးယား ရှိသမျှဘာသာစကား ကုန်ပြီထင်တာဘဲ။ ဒါနဲ့ပြီးမလားမှတ်တယ်ကွန်ပြူတာတဲ့ ပြီးပြန်တော့ အင်တာနက်တဲ့ ဟော သင်တန်းတစ်ခုတက်လို့ မပြီးသေးဘူး နောက်တစ်ခု ခြေလှမ်း လှမ်းနေပြန်ရော တစ်ခါတစ်လေများ မနက်သင်တန်းတစ်ခု ညနေသင်တန်းတစ်ခု ဟုတ်နေတာဘဲ။ တစ်ခါတော့ ကြီးမေ က ညည်းတို့လင်ယူနည်းသင်တန်းရော မတက်ဘူးလားမေးတော့ အကြီးမကတော့ စူပုတ်နေပြီး ဘာမှပြန်မပြောဘူး အငယ်မ က တက်စရာမလိုဘူး တဲ့ အလိုလိုတတ်တာလို့ ပြန်ပြောတော့ မြေးအဖွား တွေ စကားနပန်းချ ကြပြန်ရော။
ငါတော့ သူတို့ကို ကြည့်ရတာနဲ့တင်မောလွန်းလို့ လုပ်ချင်တာလုပ် ပြဿနာမရှုပ်ရင်ပြီးရောဆို ကြည့်နေလိုက်တော့တယ်”
လို့ အရှည်ကြီးပြောပါတော့တယ်။
“မမဝါ “ရယ် “မမငယ်”ရယ်က ကျနော့်အမဝမ်းကွဲတွေပါ။
သူတို့နှစ်ယောက်ကလဲ အရွယ်မကွာတဲ့ ညီအမဝမ်းကွဲတွေဖြစ်နေတော့ သားသမီးတွေကလဲ ရွယ်တူတွေဖြစ်နေပါတယ်။
ကျနော်တို့ ရဲ့အဒေါ်တော်တဲ့ အပျိုကြီး ကြီးမေကတော့ မမဝါ တို့နဲ့လိုက်နေပါတယ်။
ကြီးမေနဲ့ မမဝါသားသမီးတွေက ခေတ်ချင်းကလဲကွာတော့ အတွေးကလဲကွာဆိုတော့ တကျက်ကျက်ပါဘဲ။
သူတို့မြေးအဖွားတွေကြည့်ရတာ စိတ်ကြည်နေတဲ့အခါတော့ ရီစရာ စိတ်မကြည်တဲ့အခါများဆိုရင်တော့ စိတ်ညစ်စရာပါဘဲ။
မမဝါ ကသူကလေးတွေ ဘွဲ့ရတဲ့အရွယ်တောင် အလုပ်မလုပ်သေးဘဲ သင်တန်းတွေလှည့်တက်နေတာမြင်တော့
ကျနော် နဲ့ ဆုံခဲ့ဘူးတဲ့ “ကိုဘီစိုး”လို့ ခေါ်တဲ့ အကိုကြီးတစ်ယောက်ကို သွားသတိရမိပါတယ်။
ဒီနာမယ်က သူ့နာမယ်အရင်းတော့ မဟုတ်ပါဘူး။
သင်တန်းတက်ဘို့ဖောင်တွေဖြည့်တုန်းက သူ့အဖေနာမယ် ကို” ဦးဘိုးစီ” ဆိုတာကိုသိတဲ့လူကနောက်ပြီး ခပ်တည်တည်နဲ့ “ကိုဘီစိုး”လို့ခေါ်ရင်းတွင်သွားတဲ့နာမယ်လေးပါ။
ကျနော်နဲ့သူတွေ့တဲ့အချိန်မှာ ကျနော်က လုပ်ငန်းခွင်ထဲကိုရောက်နေပါပြီ။
လုပ်ငန်းကနေ မဖြစ်မနေတက်ရမယ်ဆိုလို့ “စီမံခန့်ခွဲမူ့သင်တန်း”တစ်ခုကို သွားတက်တုန်းကဖြစ်ပါတယ်။
ကျနော်တို့လို လုပ်ငန်းခွင်မှာ အလုပ်လုပ်နေတဲ့ အတွက် သီးသန့်ဖွင့်တဲ့ ညနေခင်းသင်တန်းလေးမှာတွေ့ခဲ့တာပါ။
သင်တန်းမစသေးတဲ့အချိန်လေးတွေ သင်တန်းပြီးတဲ့အခါ မပြန်ချင်သေးလို့ အညည်းပြေ လက်ဖက်ရည်ဆိုင် စုထိုင်မိကြတဲ့အခါ သူ့အကြောင်း ကိုယ့်အကြောင်းရောက်တတ်ရာရာ ပြောဖြစ်ကြပါတယ်။
ကျနော်တို့ သင်တန်းလာတက်ကြတဲ့သူတွေထဲမှာ အားလုံးလောက်နီးပါးက လုပ်ငန်းခွင်ထဲကနေလာတက်ကြတာပါ။
ကိုဘီစိုး က သင်တန်းမှာ အသက်အကြီးဆုံးဆိုရင်လဲမမှားပါဘူး။
စကားပြောကြရင် ဘယ်အကြောင်းမဆို သူက ဦးဆောင်လို့ ပြောနိုင်ပါတယ်။
သူသိတဲ့ အကြောင်းအရာကလဲ အတော်လေးကိုများသလို တက်ဘူးသင်ဘူးတဲ့ ပညာရပ်တွေကလဲ မနည်းပါဘူး။
ဖြစ်ချင်တော့ “ကိုဘီစိုး” နဲ့ အိမ်နီးနားချင်း လဲဖြစ်သူငယ်ချင်းလဲ ဖြစ်တဲ့ “ကိုဝေ ” ကကျနော်နဲ့ တရုံးထဲလုပ်တဲ့လူဖြစ်နေပါတယ်။
ကိုဝေ ပြောပြတာတော့ “ကိုဘီစိုး” သချင်္ာနဲ့ကျောင်းပြီးတဲ့အချိန်မှာ မန်းလေးမှာ ကွန်ပြူတာသင်တန်းတွေစ ခေတ်စားလာပါသတဲ့။
အဲဒါနဲ့ကွန်ပြူတာသင်တန်း အခြေခံကို တက်ဖြစ်ပါသတဲ့။ နောက် ဆက်ပြီး ကွန်ပြူတာ “ပရိုဂရမ်”သင်တန်းကိုဆက်တက်ပါသတဲ့။
ဒါပေမယ့်လဲ ဒီအလုပ်က အညောင်းထိုင်ရတဲ့အလုပ်ဆိုပြီး ဆက်မလုပ်ဖြစ်ပါဘူးတဲ့။
ဒါတောင် ဖိုတိုရှော့ လို ဓါတ်ပုံပညာ ဒီဇိုင်းဆွဲရတဲ့ ကိုရယ်ဒြော လို ဆော့ ဖ်ဝဲတွေ ပေါ်လာတော့လဲ ခေတ်မှီအောင်သွားတက်လိုက်ပါသေးတယ်။
အတတ်ပညာဆိုတာရတုန်းလေးသင်ထားသင့်တယ် ဆိုပြီးတော့ပေါ့။
နောက်အဲဒီသင်တန်းပြီးတော့ မန်းလေး မှာ အသစ်ဖွင့်မယ့် ဟိုတယ်ကြီးတစ်ခုကနေ ဝန်ထမ်းတွေခေါ်ပြီး ဟိုတယ်လုပ်ငန်းတွေသင်ပေးမယ်ဆိုလို့
အလုပ်ဝင်လျှောက်တာ သူဥပဓိရုပ်နဲ့ ပြောပုံဆိုပုံကိုကြည့်ပြီး သူ့ကိုရွေးလိုက်ပါသတဲ့။
သင်တန်း နှစ်လလဲ တက်ပြီးလို့ တကယ်လုပ်ငန်းခွင်ထဲဝင်ရမယ့် အချိန်လဲရောက်ရော “ကိုဘီစိုး”ကအလုပ်ကထွက်လိုက်ပါသတဲ့။
အကြောင်းပြချက်ကတော့ အဲဒီအလုပ်က ပညာသိပ်မပါဘူး။
သူများကိုဘဲဝန်ဆောင်ပေးနေရမှာ ကိုယ့်ဖန်တီးမူ့ မပါဘူး ကို်ယ်တိုင်ဖန်တီးတဲ့အလုပ်မှ ကောင်းတာဆိုပြီး မုန့်လုပ်နည်းသင်တန်းကို ထပ်တက်ပါတယ်။
မုန့်လုပ်နည်းသင်တန်းလဲပြီးရော အစက မုန့်ဖိုဘဲထောင်မှာလိုလို သူများ မုန့်ဖိုမှာဘဲ မုန့်ဆရာလုပ်မှာလိုလိုနဲ့ မလုပ်ဖြစ်ပါဘူးတဲ့။
အကြောင်းပြချက်ကတော့ တရုပ်ကလာတဲ့ မုန့်တွေက မုန့်ကလဲကောင်း ပက်ကင်ကလဲလှ မြန်မာပြည်မှာက မုန့်လုပ်တဲ့ ထဲမှာပါတဲ့ ပစ္စည်းက ဟိုဟာမရှိဒီဟာမရှိနဲ့ဆိုတော့
မုန့်ကောင်းကောင်းလုပ်ဘို့ အဆင်မပြေဘူးဆိုတဲ့ အကြောင်းပြချက်ပါဘဲတဲ့။
အဲဒီအချိန်မှာ တိုင်းရင်းဆေးပညာသင်တန်းက လုပ်ငန်းရှင်တွေရယ် စိတ်ဝင်စားသူတွေကို သင်တန်းဖွင့်တော့ “ကိုဘီစိုး” ကသင်တန်းတက်ပါသတဲ့။
တိုင်းရင်းဆေးပညာ ဆိုတာ မတိမ်ကောအောင်လက်ဆင့်ကမ်းပေးနေတာကို ယူသင့် သူများအသက်ကို ကယ်တယ်ဆိုတာ မွန်မြတ်တဲ့အလုပ် သင်သင့်တယ်ဆိုပြီး သင်တန်းတက်ပါသတဲ့။
သင်တန်းတက်နေတုန်းကတော့ ပြောတာပေါ့ သင်တန်းဆင်းအောင်လက်မှတ်ရရင် မြန်မာဆေးတစ်မျိုးမျိုးလောက်ကို သေချာထုတ်ပြီးရောင်း ပေါက်သွားလို့ကတော့ ထောပြီပေါ့။
တိုင်းရင်းဆေးသင်တန်းလဲပြီးရော ဒီသင်တန်းက သင်တာတွေက ကောင်းတော့ ကောင်းပါတယ်။
ဒါပေမယ့် အရင်းအနှီးမရှိတဲ့လူအဘို့ မြန်မာဆေးအသစ်ထုတ်လုပ် ဘို့ဆိုတာက ခက်တယ် အရင်းအနှီးနည်းနည်းလေးနဲ့မဖြစ်ဘူး လုပ်လဲ အလကားဘဲ ဆိုပြီး အသံတွေထွက်လာပါသတဲ့။
အဲဒီအချိန်မှာ အသက်ကလဲ 30ကျော်နေပါပြီ။
အိမ်ထောင်မရှိလူပျိုကြီး အပူအပင်မရှိနေထိုင်နိုင်တဲ့လူဖြစ်ပေမယ့် အရမ်းချမ်းသာတဲ့ အသိုင်းအဝို်င်းကတော့ မဟုတ်ပါဘူးတဲ့။
ဒါပေမယ့်လဲ သူကတော့ အေးဆေးပါဘဲ။
နောက်ထပ်တစ်မျုးိစိတ်ဝင်စားပြန်တာကတော့ ကျောက်မျက်ရတနာ သင်တန်းကိုပါ။
ဒီသင်တန်းတက်စကတော့ ကျောက်မျက် ရတနာဆိုတာ ကြည့်တတ်တယ်ဆိုရင် အရင်းအနှီးမလိုဘူး။
တတ်သွားရင် ပညာရှင်အဆင့်ရောက်ရင် သူများလာပြပေးတာကို ဈေးဖြတ်ပေးနေတာနဲ့တင်အိုးမကွအိမ်မကွာလုပ်လို့ရပြီဆို ပြီး ကျောက်နောက်လို်က်ပြန်ပါသတဲ့။
သင်တန်းပြီးတော့ ကျောက်ဝို်င်းတွေဘာတွေကို ဟန်ကျ ပန်ကျ လိုက်လိုက်ပါသေးသတဲ့။
နောက်တစ်လလောက်နေတော့ ကျောက်ဝိုင်းဆင်းတာမတွေလို့ မေးတော့ အလကားအလုပ် ဟိုနားစုစု ဒီနားစုစုနဲ့ အလုပ်ကသာ ပညာပါတာ လုပ်နေတဲ့ သူတွေကြည့်လိုက်ရင် လပ်ယားလပ်ယား နဲ့ အားနေတာ ဒီအလုပ်မျုးိမလုပ်ချင်ဘူး တည်တည်ငြိမ်ငြိ်မ်နဲ့အလုပ်ကို ဘဲလုပ်ချင်တယ်ဆိုဖြစ်လာတဲ့အချိန်မှာ သူကလည်း ကျနော်တက်နေတဲ့ သင်တန်းကိုလာတက်တော့ ကျနော်တို့ နဲ့လာဆုံတာပါ။
ဒီလိုနဲ့သင်တန်းတွေပြီးတဲ့အခါ ကိုယ်အလုပ်နဲ့ကိုယ်ဆိုတော့ ကိုဘီစိုနဲ့ မတွေ့ဖြစ်ပါဘူး။
ဒါပေမယ် ကိုဝေ ဆီက ကြားနေရတာကတော့ အခုထိ ဘာအလုပ်မှ မလုပ်သေးပါဘူးတဲ့။
ကျနော်တို့နဲ့သင်တန်းပြီးစမှာ နာမယ်ကြီး ကုမ္ပဏီတစ်ခုကို အလုပ်ဝင်လျှောက်ပါသတဲ့။
သူ့ပညာအရည်အချင်းအောင်လက်မှတ် ထုံးစံအတိုင်းဥပဓိရုပ်ရယ်ကို ကြည့်ပြီးတော့ အလုပ်ခန့်လိုက်ပါသတဲ့။
အလုပ်လုပ်ပြီး အစမ်းခန့် ကာလလဲပြီးရော ပိုင်ရှင်ဘက်က သူ့ကိုသဘောကျပေမယ့် သူကဆက်မလုပ်ပါဘူးတဲ့။
သူများဝန်ထမ်းလုပ်ရတာ ကိုယ့်ဦးနှောက်ကို ဖောက်ရောင်းနေတယ်လို့ခံစားရပါသတဲ့။
သူများအလုပ်အကြွေးတော့ မလုပ်ချင်ဘူး ကိုယ်ပိုင်လုပ်ငန်းဘဲလုပ်မယ် ဒါပေမယ့်ကိုယ်ပိုင်လုပ်ငန်းဆိုတာ ခုခေတ်ကြီးက
အရင်းအနှီးပြည့်စုံရုံနဲ့မရဘူးနည်းပညာခေတ်ဖြစ်နေပြီ ။
နိုင်ငံတကာကို ယှဉ်နိုင်ဘို့ နည်းပညာတွေ သင်ကြားဘို့ အတွေးအခေါ်တွေသင်ကြားဘို့ လိုသေးတယ်လို့ ဆိုလာပြန်ပါသတဲ့။
သူအဖေအမေတွေကလဲ ” ငါ့သားရယ် အဖေတို့ အမေတို့လဲ အသက်ကြီးပါပြီ အိမ်ကထောင်ထားတဲ့ ရွှေဆိုင်းအလုပ်ကို ဦးစီးပါတော့ ”
ဆိုလဲမရဘူး။
မိဘအရိပ်ကို ခိုပြီး အချောင်မလိုက်ချင်ဘူး ကိုယ်ခြေထောက်ပေါ်ဘဲကိုယ်ရပ်ချင်တယ် ဒီလိုရပ်တည်နိုင်ဘို့ ဆိုတာ ကိုယ်ဝမ်းစာ အတတ်ပညာပြည့်မှဆိုပြီးငြင်းပြန်ပါတယ်။
ကိုဘီစိုး အကြောင်းကိုပြန်တွေးမိ တော့ ကြားဘူးတဲ့ ပုံပြင်လေးကို ပြန်ပြီး သတိရ လို့လာပါတယ်။

တစ်ခါက လူငယ် ကုန်သည်တစ်ယောက်က ဈေးရောင်းရာမှာ ဈေးတက်နေပြီဆိုလဲမရောင်းသေးဘူး။
ထပ်တက်နိုင်သေးတယ်ပေါ့။
တစ်ခါဈေးကျပြန်တော့လဲမရောင်းပြန်ဘူး။
ပြန်တက်တဲ့အခါမှ ရောင်းမယ်ပေါ့။
အဲတော့ဘေးနားက ဆိုင်က အဖိုးကြီးက “မောင်ရင် တက်လဲမရောင်း ကျလဲမရောင်းနဲ့ မင်းပစ္စည်းတွေ ဘယ်အချိန်ကျမှထုတ်ရောင်းမှာလဲ”
လို့ အမြင်ကတ်ကတ်နဲ့မေးပါသတဲ့။

လောကကြီးမှာ အတတ်ပညာရှာတယ်ဆိုတာ ကောင်းမွန်မှန်ကန်တဲ့အလုပ်ဖြစ်ပါတယ်။
ဒါပေမယ့်လဲ ကိုဘီစိုးလို သင်တော့လဲ သင်ပါတယ် ဒါပေမယ့် အသုံးမချ ။
အတတ်ပညာတစ်ခုကို အဆုံးထိရောက်အောင်မသင် အခြေခံလောက်နဲ့ပဲ ပြီးသွားပြန်တော့ သိဘူးတယ် ဆိုတာနဲ့ဘဲရပ်သွားပြန်ပါတယ်။
အတတ်ပညာတစ်ခုကို အခြေခံလောက်ဘဲသင်နေမယ် ဒီထက်ပိုတိုးအောင် အဆင်မြင့်လာအောင်မလုပ်ဘူးဆိုလဲ သင်အလကားပါဘဲ။
ဒါမှမဟုတ်သင်တော့လဲသင်တယ် အသုံးမချဘူး အသုံးဝင်အောင် မလုပ် ဘူး ဒီသင်ထားတဲ့ အတတ်ပညာနဲ့ လုပ်ကိုင်မစားဘူးဆိုလဲ သင်အလကားပါဘဲ။
ဒါတွေတွေးမိတော့ မိုးမိုး ရဲ့ သီချင်းလေး တစ်ပိုင်းတစ်စကို နားထဲကြားလာပါတယ်။

“အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှ စားရမှာလဲ “တဲ့။
ကဲ ကျနော်တို့ ပါတ်ဝန်းကျင်မှာ ပညာတွေသာ တစ်ခုပြီးတစ်ခုဆက်တက် တစ်ခုပြီးတစ်ခုဆက်သင်နေပြီးလက်တွေ့ချပြီးအလုပ်မလုပ်တဲ့ကလေးတွေလူလတ်ပိုင်းတွေ လူမကြီးတကြီးတွေ ကိုဘီစိုးလို လူတွေ ဘယ်လောက်များ များနေပြီလဲလို့ တွက်ကြည့် ဘို့တော့လိုပြီထင်ပါတယ်။
ရှိနေခဲ့ရင်လဲ မေးလိုက်ချင်ပါတယ် ။
” ဘယ်နေ့လဲ ဘယ်အချိန်လဲ ဘယ်တော့များမှလဲ”
” ဘယ်နေ့လဲ ဘယ်အချိန်လဲ ဘယ်တော့များမှလဲ”
” ဘယ်နေ့လဲ ဘယ်အချိန်လဲ ဘယ်တော့များမှလဲ”
” ဘယ်နေ့လဲ ဘယ်အချိန်လဲ ဘယ်တော့များမှလဲ”……………………………

13 comments

  • weiwei

    December 7, 2010 at 6:14 pm

    ကိုပေါက် ဆောင်းပါး တော်တော်ကောင်းပါတယ် … ကိုဘီစိုးလိုလူတွေက အများကြီးပါပဲ … တတ်သလားဆိုတော့လဲ မတတ်ဘူး .. မတတ်ဘူးလားဆိုတော့လဲ နဲနဲတော့တတ်တယ် …

  • MaMa

    December 8, 2010 at 12:48 am

    ကိုဘီစိုးနဲ့ဆန့်ကျင်ဘက် ကျောင်းမပြီးခင်ထဲက ကျောင်းစရိတ်အတွက် ကိုယ့်အားကိုယ်ကိုးနေရတဲ့လူတွေလဲ အများကြီးရှိပါတယ်။ သူတို့တွေကိုကြည့်ပြီးမောရသလားမှတ်တယ်။ ကိုဘီစိုးလိုလူတွေကလည်း မောစရာပါဘဲ။

  • maungmoenyo

    December 8, 2010 at 1:49 am

    မြန်မာနိုင်ငံမှာခေတ်လူငယ်တွေသင်တန်းစုံတခုပြီးတခုတက်နေကြတာအတော်ကြာပါပြီ။ မှတ်မှတ်၇ရ (၁၉၉၀)ဝန်းကျင်ဈေးကွက်စီးပွားရေးစဖွင့်ကတည်းကဆိုပါတော့။ ခုချိန်မှာတော့တူတူမနဲ့သူငယ်ချင်းမိတ်ဆွေများရဲ့သားသမီးများလဲ တက်လိုက်ကြတဲ့သင်တန်းတွေဆိုတာဩချလောက်ရပါတယ်။ မိဘတွေကတတ်နိုင်ကြသူရှိသလိုမတတ်နိုင်ကြသူတွေလဲဒုနဲ့ဒေးပါ။ အဌာရဿ(၁၈)ရပ်ဆိုတာခုခေတ်ကလေးတွေအတွက်ရီစရာကြီးတောင်ဖြစ်နေမလားဘဲ။
    သင်တန်းတွေကလဲမှိုလိုပေါက်နေပါပြီ။ တတ်နိုင်ကြသူတွေကပေးကြတော့၊ အတတ်ပညာနဲနဲပါးပါး (အချို့လဲအဲ့ဒီပညာလောကမှာကျွမ်းကျင်လိမ္မာခဲ့ကြတဲ့အတွေ့အကြုံနဲ့အောင်လက်မှတ်များလဲရှိကြမှာပါ) တတ်သူတွေကလဲ၊ ဘာမှမမေးနဲ့မကြားဘူးတဲ့ကိုးကားချက်တွေပြုပြီးကြော်ငြာလို့ဝင်ငွေများအထူးဖြောင်းဖြူးလျက်ရှိကြပါတယ်။ သင်တန်းစရိတ်ကလဲနဲမှမနဲဘဲ။ လက်လှမ်းမှီရာတွေကလဲနိုင်ငံခြားမှာရှိတဲ့ဆွေမျိုးရင်းခြာများဆီကငွေကြေးအထောက်အပံ့တွေယူကြလို့ပေးကမ်းကြသူတွေကလဲဘုမသိဘမသိပေးကြပါတယ်။ ဘယ်လိုမှတားမ၇ရှင်းပြောပြလို့လဲနားမလည်နိုင်ကြတော့ပါဘူး။ သူတို့တက်လာတဲ့သင်တန်းတွေကအထောက်အကူဖြစ်လားဆိုတော့လဲကောင်းတဲ့အထောက်အထားလဲမတွေ့ရပါဘူး။ ခက်တာကသူတို့ပါတ်ဝန်းကျင်မှာလဲရှိရှိသမျှအိမ်နီးချင်း၊ သူငယ်ချင်းတွေကအစသင်တန်းစုံတွေတက်လို့နေတာမမြင်ချင်အဆုံးဆိုတော့၊ ကိုယ့်စကားကအရာမရောက်လှပါဘူး။ နိုင်ငံခြားထွက်ဖို့ပြင်ဆင်တဲ့အနေနဲ့ဆိုပြီးတော့၊ ဗီဇာကဘယ်မှာနေမှန်းမသိပါဘူး၊ သင်တန်းကတော့ဟောတခုဟောတခုဖြစ်နေတဲ့ခေတ်ပါ။ သင်တန်းများများတက်နိုင်လေဂုဏ်ရှိလေလို့မှတ်ယူနေကြပြီလားတော့မသိပါဘူး။
    ဒါပေမဲ့အနာဂါတ်အတွက်..ဘဝလုံခြုံရေးကတော့လိုက်လေပြေးလေဝေးလေဆိုတဲ့အတိုင်းဖြစ်နေပါပြီ။
    ဘုန်းကြီးရူး နဲ့ လှေလူးတွေဖြစ်နေပါပေါ့လား…။

  • bigcat

    December 8, 2010 at 5:55 am

    ဦးပေါက်ဆောင်းပါးဖတ်ရတာ ဒီတခါစိတ်ဝင်စားဖို့ အကောင်းဆုံးပဲ။ တူမအပျိုနှစ်ယောက်ရှိတယ်ဆိုလို့။ သူတို့ကကြောင်ချစ်တတ်လားဟင်။ ဦးပေါက်စာထဲမှာ ဆွေမျိုးတွေအကြောင်းတော့ပြောတယ်၊ ကိုယ့်သမီး အကြောင်းများလည်းရှိရင် လုပ်ပါအုံး။

    • char too lan

      December 8, 2010 at 10:04 am

      ဦးကြောင်ကြီး ကြည့်ရတာလစ်ရင်လစ်သလို ကြော်ငြာဝင်တယ်နော် (အလျှင်လိုနေပီထင်တယ်) 😉
      ဦးကြောင်ကြီးသာလူပြိုသေချာ/ စစ်စစ်/ ခြောက်ပစ်ကင်းသဲလဲစင် ကြောင်း NRC Card, Passport, Recommend Letter, Certificate, Medical Check up form…..တွေသာအစုံအလင်ပေး ကျနော်ကြောင်ခြစ်တတ်တဲ့ မမ တစ်ယောက်ရှာပေးမယ်

  • kai

    December 8, 2010 at 9:41 am

    ကိုပေါက်ရေ..
    ဆောင်းပါးလေး ဒီရက်ပိုင်းပို ့လိုက်ပါဦးနော…။ ဒီလ သတင်းစာလုပ်ရတော့မဲ့အချိန်ရောက်နေပါပြီ…။

    ဒီနေ့ပဲ….. ကားမောင်းနေရင်း ..နောက်က ဝင်ဆော်သွားလို့ … အရှိန်နဲ့ရှေ ့ကားပါဝင်တိုက်မိသွားပြီး … အဲဒီကိစ္စတွေနဲ့ ..ဒီရက်ပိုင်း ..နည်းနည်း ဘီးဇီးမှာမို ့ပါ..။
    အဲဒါလေး..သတင်းပေးရင်း…။

  • char too lan

    December 8, 2010 at 10:08 am

    လေးခိုင်လူကောထိသေးလား ??
    စိတ်ပူစရာပဲ ~~ဂရုစိုက်ပါနော်

  • naywoonni

    December 8, 2010 at 10:45 am

    ကိုပေါက်ရေ ပညာလို” အို ” သည်မရှိပါတဲ့ ခင်ဗျာ အဲဒိတော့ အိုမင်း ရင့် ရော်တဲ့အထိ ပညာတွေသင်လို့ မကုန်ပါဘူး နော်
    အလုပ်မလုပ်တာကတော့ ………..အင်း
    ပျင်းလို့ ဒါမှမဟုတ် ပညာသင်ရတာပျော်နေလို့ ကျွန်တော်ဆို ကျောင်းတွေပိတ်ထားလို့ အလုပ်ထဲရောက်ကာစက ငါဆယ်တန်း မအောင်သေးရင ်ကောင်းမှာ လို့တောင်တွေးမိသေးတယ် အဲဒိတုန်းက ကျောင်းသားစိတ်မပျောက်သေးတာလေ 19နှစ်ပဲရှိသေးတာကိုး

  • kopauk mandalay

    December 8, 2010 at 11:38 am

    ကိုကိုကိုင်ရေ အမြန်ဆုံးလေးလုပ်ပြီးပို့ပေးပါမယ်။
    အခုရက်က မလွမ်းစကောင်းမပြတ်လို့ ရေးချင်တာလေးတွေကို အောင့်ထားရတာ အခုမှချရေးနေလို့ပါ ။
    ဒီတစ်ပါတ်ထဲအပြီးရေးပေးမယ်။
    စဉ်တော့ စဉ်ပြီးသားချရေးဘို့ဘဲလိုတာပါ။
    ညစလိုက်မယ်နော်။

  • female

    December 8, 2010 at 1:44 pm

    ဒီဆောင်းပါးလေးက အတော်ကောင်းပါတယ် ဒါပေမယ့် အချက်က ၂ချက်ရှိတယ် ကျွန်မတို့မြန်မာအများစုရဲ့ ပြဿနာလို့တောင်ခေါ်ရမယ်ထင်တယ် မြန်မာတွေဟာ ဘာလုပ်လုပ်မဖြစ်လားဆိုရင် ဖြစ်ပါတယ် နိုင်ငံခြားမှာလည်းဘယ်နားချလိုက်ချလိုက် ငတ်သေတာတော့မရှိကြပါဘူး ဒါပေမယ့် သူများနိုင်ငံသားတွေနဲ့ ယှဉ်ရင် “jack in all, master in none” ဖြစ်နေတာတခုပဲ ဘာလုပ်လုပ်တမျိုးတည်းမလုပ်တော့ သူများနဲ့ယှဉ်ရင် နောက်ရောက်သွားရော ပိုဆိုးတာက အာရှမှာဆို အလုပ်အမျိုးမျိုးကို ရထားတဲ့ဘွဲ့နဲ့ကိုက်ကိုက်မကိုက်ကိုက် ပြောင်းလို့ရတယ် ဥရောပနိုင်ငံတွေကျတော့မရတော့ဘူး ဒီမှာတင် လူတွေဟာ ဟိုမရောက် ဒီမရောက်တွေဖြစ်ကုန်တော့တယ် ဒါကြောင့် သင်တန်းတော့တက်ပါ တခုနဲ့တခုဆက်စပ်ပြီး ရေရှည်တလိုင်းတည်းသွားနိုင်အောင် လုပ်ကြပါလို့အကြံပေးချင်ပါတယ် ပညာခေတ်ကြီးမှာ ပညာမပါဘဲလည်း ရေရှည်မရပ်တည်နိုင်ဘူးလေ ဒါကြောင့်တလိုင်းတည် specialized လုပ်သွားကြပါလို့ အကြံပေးပါရစေ

  • unclegyi1974

    December 8, 2010 at 3:10 pm

    ကိုပေါက်စာဖတ်ပြီး
    ဟိုးအရင်ခေတ်ကကလေးတွေသတိရတယ်
    သူတို့ကကျောင်းပြီးတာနဲ့ဘာသင်တန်းမှတက်
    ချိန်မရဘူး အလုပ်ကအဆင်သင့်
    အခုကလေးတွေကကျောင်းပြီးသွားလဲအလုပ်က
    ဘယ်ဆီဘယ်ဝယ်
    ရတဲ့ပညာနဲ့လုပ်ရမယ့်အလုပ်နဲ့မကိုက်တော့
    ဘာအလုပ်ရရလိုအပ်မယ်ထင်တဲ့သင်တန်းတွေ
    ကိုအလုပ်မရခင်စပ်ကြားလိုက်တက်ကြ
    ခေတ် ၂ ခုကိုယှဉ်ကြည့်ရင် ကလေးတွေ
    အချိန်အကုန်ခံ ပိုက်ဆံအကုန်ခံ ပြီးသင်တန်း
    တွေလိုက်တက်နေတာ အဖြေတခုဖြစ်ကောင်းပါရဲ့

  • weiwei

    December 8, 2010 at 3:22 pm

    အခုကလေးတွေက ကိုယ့်ဟာကိုယ် ဘာဝါသနာပါမှန်းမသိကြတာ အဆိုးဆုံးပဲ … တစ်ခုခုကိုဇောက်ချပြီးလေ့လာရင် တဖြည်းဖြည်းကျွမ်းကျင်လာပြီး လုပ်ငန်းမှာ အောင်မြင်လာမှာ … အခုခောတ်က ဝါသနာထက် ဘယ်သင်တန်းက အလုပ်ရလွယ်မလဲဆိုပြီး အလွယ်လိုက်ကြတော့ ရေရှည်အဆင်မပြေကြဘူး …

  • အာဖျံ ကွီး

    December 9, 2010 at 5:23 am

    ” ဘယ်နေ့လဲ ဘယ်အချိန်လဲ ဘယ်တော့များမှလဲ” ?????

    သူတို.က မိတ်ဆက်ပေးတိုင်းလဲ မကြိုက်ဘူး ~~~
    အာဖျံကွီးဦးလေးအသိ ပညာတတ်လူပျိုသိုးကြီးတွေ ပြောနေတာကြားဖူးတရ်
    အသက်ဆိုရင် ၂၅ အောက်မှ၊ ဆရာဝန်မမှ ဘာမှ ညာမှနဲ. ~~~
    “စိတ်ထဲကတော့ အဲဒီအရွယ်၊ အဲဒီလိုတော်၊ အဲဒီလိုကောင်းတဲ့သူတွေက ခင်ဗျားတို.ကိုမယူဘူးလို.” ဟီးးး 😀 😀 😀

Leave a Reply