ချမ်းသာရေးလမ်းညွန်သင်တန်းမှ အလုပ်ခန့်အပ်ပွဲ

who whoDecember 8, 20101min786

ဒီနေ့တော့ သင်တန်း တက်ကြမယ့် သင်တန်းသားလေးတွေ တော်တော် များလာပြီ လို့ ယူဆလို့ အလုပ်ခန့်အပ်ပွဲလေးပါ တွဲပြီး စကြစို့ရဲ့။

အားလုံးကို အရင်ဆုံး ကျနော့အနေနဲ့ မင်္ဂလာပါ လို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ဟာ ကိုယ့်ခန္ဓာမှာ ကိုယ့်ကို အမြဲစိုးမိုးနေတတ်တဲ့ ဒီစိတ်ကို ပြန်ပြီး သင်တန်းပေးရမှာမို့ပါပဲ။ ခါတိုင်းတော့ သူက ပြောမရ၊ ဆိုမရ၊ အမြဲ ကိုယ့်ကို ဗိုလ်ကျနေတာလေ။ သူခိုင်းတဲ့ နောက်ကိုပဲ ကိုယ်က မဖြစ်ဖြစ် အောင်လိုက်လုပ်ပေး နေရတာနော်။ အင်းခုတော့ သူ့ဖက်က အမြင်မှန်ရလို့ပဲ ဒီသင်တန်းကို တက်ချင် လွန်းလို့ အင်တာဗျူးတောင် အပြေးအလွှား လာရ တာပဲကြည့်လေ။ ဒါကြောင့်ပဲ သူ တက်ချင်တုန်းလေးကို သင်တန်းစမှဖြစ် ပါ့မယ်နော်။

သင်ခန်းစာ-၁ -ချမ်းသာစေဖို့ အလုပ်ကြိုးစားလုပ်ကြပါစို့။

ချမ်းသာချင်တယ်ဆိုရင် အလုပ်ကြိုးစားမှဖြစ်မယ်နော်။ အဲဒီ မှာ ကြိုးစားရမယ့် အလုပ်ရယ်လို့ မယ်မယ်ရရ မရှိလို့ပဲ မင်းတို့(စိတ်) တွေဟာ တောင်ရောက် မြောက်ရောက် ဖြစ်နေရတာပေါ့။ လူချမ်းသာချင်ရင် ပိုက်ဆံရမယ့် သမာအာဇီဝ ဖြစ်မယ့် အလုပ်မျိုးကို ရှာပြီး ကြိုးစားလုပ်ရပါမယ်။ စိတ်ချမ်းသာချင်ရင် စိတ်ချမ်းသာမှု ဖြစ်စေမယ့် အလုပ်ကိုရှာလုပ်နေရမယ်။ ဒီနေ့တော့ ကျနော့ အနေနဲ့ ခင်ဗျားတို့ (စိတ်)တွေကို အလုပ်ရှာပေးပါ့မယ်။

လုပ်ရမယ့်အလုပ်ကတော့ ဂိတ်စောင့် တာဝန်ပါပဲ။ ဘယ်ဂိတ်ကို စောင့်ရ မှာလည်းဆိုရင်တော့ ခင်ဗျားတို့ နေထိုင်ရာ ခန္ဓာအိမ်နန်းတော်ကြီးရဲ့ အရေးအကြီး ဆုံး အသက်ရှုရာ မိန်းဂိတ်ပေါက်ကြီးဖြစ်တဲ့ နှာခေါင်းပေါက်မှာ တာဝန် ထမ်းဆောင် ရပါမယ်နော်။ အင်း …လုပ်ရမယ့် လုပ်ငန်းစဉ်ကို သေချာ လေး လိုက်မှတ်ထားကြပါ။

ခင်ဗျားတို့ တာဝန်ကနှာခေါင်းအဝင်ဂိတ်ဝမှာပဲထိုင်နေပြီးဝင်လာတဲ့ လေဧည့်သည် တွေရဲ့ အဝင်အထွက်ကို သေချာလေး မှတ်သားဖို့ပါပဲ။ ဒါကို ကျနော်က လက်တွေ့ သင်ကြားပေးသွားမှာမို့ ခုပဲ ခင်ဗျားတို့ အားလုံး ကိုယ့်ရဲ့ သက်ဆိုင်ရာ ခန္ဓာအိမ် တံခါးဝမှာ သွားပြီးနေရာယူထားကြပါ။

ကျနော့ အနေနဲ့ကတော့ ကျနော့ ခန္ဓာအိမ်မှာ စောင့်မယ့် စိတ် ကလေးကို ခေါ်သွားပါ့မယ်။ ကျနော်ပြောအပြီးမှာပဲ စိတ်ကလေးက အားတက် သရော ကျနော် ခေါ်ရာနောက် လိုက်လာပါတယ်။ နှာခေါင်းထိပ် ဂိတ်ပေါက်ဝ လည်းရောက်ရော …… “ကဲ မင်း ဒီ နှာခေါင်းဝထိပ်မှာ ထိုင်လိုက် ပါ။ ” စိတ်ကလေးက လိုက်ထိုင်လိုက် တယ်။ “ဟုတ်ပြီ”။ မင်း ဒီနေရာကနေ ဘယ်မှ သွားလို့မရဘူးနော်။ သေချာလေးမှတ်ထား။ စိတ်ကလေးက ခေါင်း ညိတ် လိုက်တယ်။ အခု မင်းလုပ်ရမယ့်တာဝန်ကို ငါမင်းကို အရင်ဆုံး လုပ်ပြ မယ်။ ကြည့်ထား။ အဲဒီအချိန် ဝင်လေလေး ဝင်လာသည်။ ဝင်လာတဲ့ လေဧည့် သည်လေးက နှာခေါင်းဝကို ဦးတိုက်လို့ထိပြီး ဝင်သွားသည်။ တွေ့လား။ အေး အဲလို ထိသွားတဲ့ အခိုက်ကို မင်းက “သိ”လို့ တစ်ချက် မှတ်ထားလိုက်ရမယ်။ ဟော ထွက်လေလေးလည်း ကြည့်လိုက်ဦး။ သူကလည်း နှာခေါင်းဝကို ထိပြီး နုတ်ဆက်ပြီးမှ ထွက်သွားတယ်မလား။ အဲလို ထိတဲ့ အခိုက် မင်းက “သိ”လို့ ထပ်မှတ် လိုက်ရမယ်။ နားလည်ရဲ့လား။

ဒီနေရာမှာ ချောင်ခိုလို့တော့မရဘူးနော်။ ဝင်လေဧည့်သည်လေး ဝင်တုန်းကတော့ သိလို့ မှတ်လိုက်ရပြီး ထွက်သွားတာကျ မသိလိုက်ပါဘူး ဆိုရင်တော့ မင်းအလုပ်ဖြုတ်ခံရဖို့သာပြင်ထား။ အဲလိုများ အလုပ်ပြုတ်သွားလို့ ကတော့ မင်း အရင်လို လမ်းဘေးမှာ ဂျလေဗီဖြစ်ပြီး တွေ့သမျှ အာရုံတွေ နောက်ပဲ ထပ်လိုက်နေရရင် ခုထက်ပိုပြီး ဆင်းရဲဒုက္ခ ရောက်သွားမယ်မှတ်။ ခုက မင်းကို ငါက အလုပ်ရှာစရာမလိုအောင်  အဆင်သင့် ရှာပေးထားတာမို့ မင်းအနေနဲ့ လေးလေးစားစား လုပ်မှဖြစ်မှာနော်။  နောက်ပြီးတစ်ခု သတိပေး ထားဦးမယ် ။ အဲဒါက ဘာလဲဆိုတော့ မင်းတို့က အလုပ်လုပ်ရင်း တောင်လစ် ထွက်၊ မြောက်လစ်ထွက် လုပ်ချင်တဲ့အခါ ဝင်လေမလာသေးပဲလဲ သိလို့ ကြို မှတ်တာမျိုး၊ နောက်ထွက်လေလေး ထွက်ပြီး အကြာကြီးနေမှ မင်းက အပြင် ခိုးထွက်ရာက ပြန်ရောက်ပြီး သိ လို့ ရမ်းမှတ်လိုက်တာမျိုးတွေ ဖြစ်တတ်တယ် နော်။ အဲဒါလေးသတိအထူးထားလိုက်။ ကြားလား။ ငါက မင်းအရည်အချင်းကို ယုံကြည်လို့ ဒီလို ရခဲလှတဲ့ ဂိတ်စောင့် တံခါးမှုးရာထူး တန်းခန့်တယ်မှတ်ပါ။

အဲ..အလုပ်ချိန်ကတော့ အနည်းဆုံး ငါးမိနစ်က စရမယ်။ ငါးမိနစ်  စလုပ်ကြည့်လို့ ငါးမိနစ် အပြည့် မခိုမကပ်ပဲ တာဝန်ကျေတယ်ဆိုရင်ဆယ်  မိနစ် တိုးပြီး အိုဗာတိုင်ဆင်းနိုင်တယ်။ မင်း အလုပ်ကြိုးစားလုပ်နိုင်ရင် လုပ်နိုင် သလို အကျိုးအမြတ်ပိုရမယ်လေ။ မင်းနည်းနည်း အလုပ်လုပ်ရင် နည်းနည်းပဲ ချမ်းသာမယ်။ များများ အလုပ်လုပ်ရင် များများ ချမ်းသာမယ်ကွာ။ ဒါတွေက တော့ အလုပ်သဘောအရ သိပြီးသားတွေပါကွာ။ ငါက အလုပ်ပေးတာချင်း တူတူ သူများတွေက အလုပ်ကြိုးစားကြလို့ ကိုယ့်ရှေ့မှာ ချမ်းသာသွားပြီး ကိုယ်ပဲ ကျန်ခဲ့မယ်ဆိုရင်တော့ ရှက်စရာပဲနော်။

အဲ တစ်ခုတော့ရှိတယ်နော်။ ခုက မင်းကို အောက်ခြေသိမ်း အစမ်း ခန့် သဘောမျိုးစပြီး အလုပ်ပေးကြည့်တာ။ အကယ်လို့ မင်းဖက်က ကြိုးစား တယ်ဆိုရင် ဒီ့ထက်ကောင်းတဲ့ နေရာကို အခြွေအရံ ကိုယ်ရံတော်တွေပါထား လို့ ရာထူးတိုးပေးသွားမှာနော်။ အဲလိုနည်းနဲ့ သူများတွေလည်း နေ့ချင်းညချင်း ချမ်းသာသွားကြတာ မင်းလည်း တွေ့မှာပေါ့ကွာ။ ကဲ..ဒီနေ့တော့ ဒီလောက်ပဲ တော်ကြစို့ ။ မင်း ဒီနေ့ကစပြီး ပေးအပ်တဲ့ အလုပ်ကို သေသေချာချာလေး ကြိုးစားလုပ်ဖို့ကတော့ မင်းတာဝန် ဖြစ်သွားပြီ။

`ဟုတ်ကဲ့ ။ ကျနော်ခုပဲ စ ကြိုးစားပါ့မယ်။´

အော်..ကျနော ့ ရဲ့ ဒီနေ့ စတင် ပေးအပ်သော အလုပ်ရာထူးနဲ့ ပတ်သက်လို့ မရှင်းလင်းခဲ့ပါက မေးမြန်းနိုင်ပါကြောင်းနှင့် အကယ်လို့ အလုပ်ကြောင့်ရသော အကျိုးကျေးဇူးများ ရှိခဲ့ပါက ပြန်လည် ဝေမျှကြပါဦးလို့….

6 comments

  • manawphyulay

    December 8, 2010 at 3:07 am

    ဟုတ်ကဲ့ သင်တန်းလာတက်တာပါ။ လောလောဆယ် ချမ်းသာဖို့ထက် အလုပ်လုပ်ဖို့ လမ်းစရိတ်အရင်ရှာရပါဦးမယ်။

  • whowho

    December 8, 2010 at 3:17 am

    အော..လမ်းစရိတ်လား။ လွယ်ပါတယ် ။ ဒီစာလေးဖတ်ပြီးရင်ပဲ လမ်းစရိတ်မလိုပဲ ဂိတ်ပေါက်ကို တန်းညွတ်လိုက်တော့လေ။ တော်နေ လမ်းစရိတ်ရှာရင်း ရပြီးသားအလုပ်ပြုတ်သွားဦးမယ်နော်။ သတိထား။။။

  • computer

    December 8, 2010 at 5:20 am

    သင်တန်းလာတတ်ပါတယ်။ အခုပဲ တာဝန်ကျေအောင် ကြိုးစားလုပ်ပါ့မယ်။
    ကျေးဇူးပါ။

  • အာဖျံ ကွီး

    December 8, 2010 at 5:27 am

    မမ (ဘယ်သူလဲ ဘယ်သူလဲ) (who who) ရေ

    အာဖျံကွီးတစ်ယောက် ဂိတ်စောင့်သင်တန်းတောင် ဖြောင့်အောင် မတက်နိင်ပါဘူး။ အရင်တုန်းက တော်တော်ခင်ခဲ့တဲ့ လမ်းဘေးက ဂျလေဗီကောင် ၅ ကောင် (အာရုံ ၅ ပါး) ကလာ,လာပီးဒုက္ခပေးနေကြတရ်။
    မင်းတို.နဲ.မပေါင်းတော့ဘူးဆိုလဲမရဘူးဗျာ။ ကယ်ပါအုံး။

  • ဆူး

    December 8, 2010 at 4:09 pm

    ဂျလေဘီ ၅ကောင် အဝေး ရောက်သွားတော့ လာတယ် နောက်တကောင် ဘာလို့ နာမည် တပ်ပေးရပါ့မလဲ.. ပြောရင်း ဆိုရင်းနဲ့ သင်တန်းချိန်မှာ.. အင်တာနက် ခိုးချက်လို့.. ဂေဇတ်ထဲမှာ သူများ ရေးထားတဲ့ စာတွေ လိုက်ဖတ်မိနေတယ်။
    မှတ်ချက်.. အာရုံစုစည်းမှု နောက်က ကြိုတင် သိတဲ့ အာရုံ

  • etone

    December 9, 2010 at 6:36 am

    သင်တန်းတက်ရမှာပျင်းတယ် ပေပေတေတေလေလွင့်မယ်ကွာ 😀

Leave a Reply