ဒီရက်ပိုင်းအတွင်းအလုပ်နည်းနည်းများနေတာနဲ့ ပို့စ်တွေတောင်မရေးနိုင်ခဲ့ဘူး ။ အခုလည်း အရေးတကြီးအလုပ်လေးတွေ ၊ အမြန်ပြီးအောင် ရှင်းပေးရမည့်အချိန်ဖြစ်ပေမဲ့ စိတ်ထဲမှာ ပြင်းပြင်းပြပြ ဖြစ်လာတဲ့ စိတ်ကြောင့် စာလေးတစ်ပုဒ်ချရေးလိုက်မိတယ် ..။
ခေါင်းစဉ်လေးကို အရင်ပေးတော့…..” အားမနာရကောင်းမှန်းမသိသူများ နှင့် အမှတ်မရှိတဲ့ ကျမ…” တဲ့
ဟုတ်ပါတယ် … ခေါင်းစဉ်နဲ့လိုက်အောင်ပဲ တစ်ကယ်ကို အမှတ်မရှိတာပါ …။ လူတွေကလည်းလေ ဘာလို့များ အကူညီပေးခဲ့သူကို အားနာရကောင်းမှန်းတောင်မသိပါလိမ့်နော် …။ ကျမက အထည်ချုပ်စက်ရုံတစ်ခုမှာ Europe အော်ဒါ အတွက် အစစအရာရာတာဝန်ယူ ဆောင်ရွက် ၊ဖြေရှင်းပေးရတဲ့ TTMY (တောက်တိုမယ်ရ ) ပေါ့ … ။ ကျမအလုပ်ကို စရောက်ခါစက ဦးလေးက အတင်း အလုပ်လုပ်ခိုင်းလို့ လုပ်ရတာလေ …။ ကျောင်းပြီးကတည်းက အိမ်မှာပဲ အပျင်းထူနေတဲ့ကျမကို အပြင်လောကနဲ့ ထိတွေ့စေခဲ့တာပါ ..။ စစလုပ်ချင်းတုန်းကတော့လေ …စိတ်ညစ်တာမှ လှိမ့်နေတာပဲ …. ကိုယ်ကလည်း လက်ကြောတင်းအောင် အလုပ်လုပ်ချင်တာ မဟုတ်ဘူး…နောက်မှ အလုပ်လုပ်ရင်း နှစ်တွေကြာတော့ အလုပ်ကို သံယောဇဉ်ဖြစ်ပြီး အခုထိတိုင် မစွန့်ခွာနိုင်ပဲ တောက်တိုမယ်ရလုပ်နေရတုန်း ။ ဒီခေတ်မှာ အပြိုင်အဆိုင်တွေများလာတာ ကျမသတိထားမိပါတယ် … ။ ဆယ်တန်းအောင်ပြီး ကလေးတွေဆိုလည်း သင်တန်းတွေ တစ်ခုပြီးတစ်ခု တက်ကြတယ် ။ တက္ကသိုလ် ဆက်မတက်ခင်မှာပေါ့.. ပြည်တွင်း၊ပြည်ပ တက္ကသိုလ်တွေ တက်ဖို့အတွက် သင်တန်းတွေအလုပ်လုပ်ကြရတယ် ဒါမှလည်း အလုပ်ခွင် ၀င်ဖို့ရာ အဆင်ပြေမှာပေါ့ ။ တစ်ချို့ကလည်း အဝေးသင်တက်ရင်းပဲ သင်တန်းတွေတက် အလုပ်ခွင် ၀င်လုပ်ကြရတယ် ။ ဘာဖြစ်ဖြစ်လေ အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုအတွက်ကို ကြိုတင်ပြင်ဆင်မှူတွေလုပ်ကြရတာပါပဲ … ။ သို့သော်လည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာမျိုးလေးတွေ ရှိတတ်ပါတယ် ။ သင်တန်းတွေ certificate တွေတော့ရပါတယ် … လုပ်ငန်းခွင် အတွေ့ကြုံမရှိတော့ ရထားနဲ့နေရာနဲ့ မကိုက်လို့ အလုပ်မှာ ကြာရှည်လုပ်ဖို့ အဆင်မပြေတာမျိုးလေးတွေလည်း တွေ့ရပါတယ် ။ အခုနောက်ပိုင်း ပြည်တွင်း ကုပ္ပဏီ တွေ က အလုပ်ခေါ်ရင် နှီးစပ်ရာကို ခေါ်ကြပါတယ် … ။ နီးစပ်ရာတယောက်ရှိတော့ အလုပ်ခွင် ခဏခဏပြောင်းနေတဲ့ အလုပ်သမားမမြဲတဲ့ပြသနာကို ကာကွယ်ရန်အတွက်ပေါ့ …။ ဒီအလုပ်က ကျမရဲ့ပထမဆုံးအလုပ်ဖြစ်တာကြောင့် အင်တာဗျူးအတွေ့ကြုံ တစ်ခုပဲရခဲ့ပါတယ် … ခက်ခက်ခဲခဲတွေမရှိခဲ့ပဲ အားလုံးအဆင်ပြေချောမွေ့စွာနဲ့ အလုပ်ရခဲ့တယ် ။ ( အလုပ်လုပ်ရတာ စိတ်ပျက်စရာလို့ထင်ခဲ့မိတယ် ) ။ အလုပ်တစ်ခု အတည်တကျရဖို့မလွယ်ကူတဲ့အကြောင်း ကျမနဲ့ အတန်းတူ သူငယ်ချင်းတွေနဲ့ ပြန်ဆုံတဲ့အခါမှာ သိခဲ့ရလို့ အလုပ်ကို တန်ဖိုးထားပြီးလုပ်ခဲ့ရင်း က အလုပ်မရှိပဲမနေနိုင်တဲ့ ဘ၀ဖြစ်ခဲ့ပြန်တယ် ။ နောက်ပိုင်း ကျမနဲ့နီးစပ်ရာအသိတွေကိုလည်း အလုပ်မှာ နေရာလစ်လပ်မှူရှိရင်ရှိသလို အလုပ်လျှောက်ထားဖို့ သတင်းပေးပြီး ကိုယ်တိုင် အကူညီတွေလိုက်ပေးခဲ့ပါတယ် ။ စက်ရုံပိုင်း ၊ ရုံးပိုင်း က အစ ကား ဒရိုင်ဘာ လိုရင်တောင် ကျမနဲ့နီးစပ်ရာ ဘယ်သူများ အလုပ်လိုမလဲ စဉ်းစားပြီး အကူအညီပေးခဲ့တာပါ …။ ဒါပေမဲ့လည်း စေတနာကို ပေတရာချခင်းတဲ့လူတွေများလာတဲ့အခါမှာတော့ ကျမ အကူအညီပေးချင်တဲ့ အကျင့်ကို ပြင်မှဖြစ်တော့မယ်လေ ။ စက်ရုံထဲက အလုပ်ရဖို့ အကူညီပေးတာကတော့မပြောတော့ပါဘူး…။ အခုစိတ်ထဲခိုးလုခုလုဖြစ်နေတာက ရုံးပေါ်အတွက် အလုပ်သွင်းပေးလိုက်တဲ့ ကောင်မလေးနှစ်ယောက်အကြောင်းပေါ့ ..။
ပထမတစ်ယောက်က ကျမသူငယ်ချင်း( ကျမထက် အသက်အများကြီးကြီးတဲ့သူငယ်ချင်းပါ ) ရဲ့ညီမ ပါ..မိန်းမဘက်ကပါတဲ့ညီမတဲ့… ခယ်မပေါ့ … ဒါပေမဲ့သူက ညီမလို့သုံးတော့ ကျမလည်း အဲ့ဒီလိုပဲရေးပါမယ် … ။ သင်တန်းတွေအများကြီးတက်ပြီး သင်တန်းဆင်းလက်မှတ်တွေ တပွေ့တပိုက်နဲ့ အလုပ်လာလျှောက်ခဲ့သူပေါ့… ။ ကျမသူငယ်ချင်းကတော့ နာမည်ကြီး xxx လုပ်ငန်းတစ်ခုရဲ့ xxxx ပါ … ။ ကျမတောင် တအံ့တသြဖြစ်ခဲ့ရပါတယ် …။ သူက ကုပ္ပဏီမှာ ရာထူးကြီးကြီးရထားတာတောင် ကိုယ့်ညီမတစ်ယောက်အတွက် အလုပ်တစ်ခုတောင်မရှာပေးနိုင်ဘူးလားလို့ပေါ့…။ ….ကဲပါလေ ဒါက သူ့ကိစ္စပါ ကျမက အလကားနေရင်း ကြီးတော်နွားကျောင်းဖို့ဝါသနာက ပါ တော့ …။ အလုပ်လိုချင်နေတဲ့လူကို ကျမတို့အလုပ်မှာ အင်တာဗျူးဖြေဖို့ စီစဉ်ပေးတာပေါ့…ဒါနဲ့ သူအလုပ်ရခဲ့ပါတယ် ။ အလုပ်သာရတယ် လက်ဆောင်ပေးဖို့နေနေသာသာ ကျေးဇူးတင်ပါတယ်တောင် တခွန်းမှ မပြောဘူး … ။ ဒါလည်း ကျမက ကိုယ့်စေတနာထားပြီးလုပ်ပေးတာ အဆင်ပြေရင် ပြီးတာပါပဲ ဆိုပြီးနေခဲ့တာပေါ့ ..။ သူ့အစ်ကိုကလည်း နေ့တိုင်း ကိုယ်ပိုင်ကားနဲ့ လာပို့လာကြိုလုပ်ပေးပါတယ် ။ ရုံးဖယ်ရီ ရှိတာတောင် သူ့အစ်ကို(ခဲအို)က လာပို့ကြိုပေးလို့ ကုသိုလ်ကံအကျိုးပေးကောင်းပုံအကြောင်း ကျမတို့ တိုးတိုးတိတ်တိတ် ပြောခဲ့ကြသေးတယ် ..။ အလုပ်မှာ တစ်လနဲ့ ငါးရက်မှတ်မှတ်ရရလုပ်ပြီး ဘာမှမပြောပဲ ခွင့်ယူသွားပါတယ် နောက်မှ ဖုန်းဆက်လို့သိရတာက အလုပ်ထွက်သွားခြင်းပါ ..။ တစ်ကယ်ဆို သူများကို မပြောရင်တောင် တာဝန်ယူပြီးအလုပ်သွင်းပေးခဲ့တဲ့ ကျမကိုတော့ အသိပေးသင့်တာပေါ့ နော် …။ အခုတော့ ကျမကသူ့ဌာနက လူတွေနဲ့ မျက်နှာပျက်ရပြီ… ။စေတနာကို ပေတရာမှာခင်းပြီးနင်းခံလိုက်ရလို့ ဟက်ထိသွားတာ တနှုံ့နှုံ နဲ့ အခဲမကြေနိုင်ခဲ့ဘူး ..။ ဘယ်လိုလူတွေပါလိမ့်တော်တော် မျက်နှာပြောင်တိုက်တာပဲ …။ နောက်မှသိလိုက်ရတာက အဲ့ဒီ ကောင်မလေးနဲ့ ကျမဘော်ဒါတို့က ဘာမှမတော်ဘူးတဲ့ စပွန်ဆာပေးနေတာဆိုလားပဲ …။ ကျမသူငယ်ချင်းအိမ်ထောင်သည်ကလည်း အသက်ဆယ်ငါးနှစ်လောက်ကွာတဲ့ ကောင်မလေးကို စပွန်ဆာပေးတယ်တဲ့လား … ။ ဘာလို့များမိသားစုကို မချစ်တတ်ရသလဲနော် ။ အပျိုလေးတန်မဲ့(သူများအမြင် အိမ်ထောင်မရှိသူ) တစ်နပ်စာကြံပြီး စပွန်ဆာယူနေတဲ့လူကိုလည်း ကျမနားမလည်ပါဘူး ။ ဘာလို့များစိတ်တွေဖောက်ပြန်နေခဲ့ကြပါလိမ့်… ။ အခုနောက်ဆုံးရတဲ့သတင်းကတော့ ကောင်မလေးကို ဒီမှာနေရင် သူ့ဇာတ်တွေပေါ်ကုန်မှာစိုးတာနဲ့ နိုင်ငံခြားကိုပို့ပြီး ကျောင်းတက်စေပါသတဲ့.. အလုပ်ကလည်း ယောင်တောင်ပေါင်တောင် ဟန်ပြလေးရှာထားတယ်လို့လဲသိရတယ်… ကဲ ဒါကတော့ အားမနာတတ်သူများထဲက တစ်ယောက်အကြောင်းပေါ့… နောက်တစ်ယောက်အကြောင်းကိုလဲ နောက်ပို့စ်မှာရေးပါမယ် ..။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!