ဝီကီလိခ် တည်ထောင်သူ ဂျူလီယန်အဆန်ဂ် အကြောင်း တစ်စေ့တစောင်း

အာဂDecember 8, 20101min490

သူ့ကို ထောက်ခံသူတွေကတော့ ဂျူလီယန်အဆန်ဂ်ဟာ အမှန်တရားအတွက် ရဲရင့်စွာလှုပ်ရှားသူ တစ်ယောက်လို့ဆိုကြသလို သူ့ကိုဝေဖန်သူတွေကလည်း လူပေါင်းများစွာအတွက် အသက်ဘေးကြုံရစေနိုင် တဲ့ ထိလွယ်ရှလွယ်တဲ့ အချက်အလက်တွေကို ထုတ်ပြန်ပြီးလူသိများ ထင်ရှားအောင်လုပ်သူလို့ ဆိုကြပြန်ပါတယ်။ သူနဲ့တွဲလုပ်ဖူးသူတွေကတော့ အဆန်ဂ်ဟာ ဦးဆောင်မှုကောင်းပြီး ဉာဏ်ရည်အလွန်မြင့်တဲ့၊ ကွန်ပြူတာကုတ်တွေကို ချိုးဖျက်နိုင်တဲ့ ချွင်းချက်မဲ့စွမ်းရည်ရှိသူလို့ ဆိုကြပါတယ်။ သူဟာတစ်ချိန်လုံး တစ်နေရာက တစ်နေရာရွှေ့ပြောင်းရင်းနဲ့ ဝီကီလိခ်ကိုလည်ပတ်စေခဲ့တယ်လို့ ဆိုပါတယ်။

သူနဲ့အတူ ရက်ပေါင်းများစွာ ခရီးလှည့်လည်ဖူးတဲ့ နယူးယော့ကား မဂ္ဂဇင်းက သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ရက်ဖီခက်ချာဒိုရီယန်ရဲ့ အဆိုအရတော့ အဆန်ဂ်ဟာ မစားမသောက်ဘဲ မနားတမ်း အလုပ်လုပ်နိုင်တဲ့သူ၊ အအိပ်အနေ အလွန်နည်းတဲ့ လူလို့ ဆိုပါတယ်။

သူ့ကိုမီဒီယာတွေက ဝီကီလိခ် တည်ထောင်သူ၊ ညွှန်ကြားရေးမှူးလို့ သုံးကြတာကို မကြိုက်ဘဲ ဝီကီလိခ် ရဲ့အယ်ဒီတာချုပ်လို့ သူ့ကိုယ်သူရည်ညွှန်းခဲ့တယ်။

ဩစတြေးလျနိုင်ငံ မြောက်ပိုင်း ကွင်းစလန်ပြည်နယ်၊ တောင်းစ်ဗီးလ်မှာ ၁၉၇၁ ခုနှစ်က အာဆန်ဂ်ကို ခရီးသွားတွေအတွက် ပြပွဲတွေ ကျင်းပပေးတဲ့လုပ်ငန်းနဲ့ အသက်မွေးကြတဲ့ မိဘနှစ်ပါးက ဖွားမြင်ခဲ့ပါတယ်။ သူ့မိခင်ဟာ ဖခင်နဲ့ကွဲ၊ နောက်အိမ်ထောင်ပြု၊ နောက်အိမ်ထောင်နဲ့ ကလေးတစ်ယောက်ရပြီးမှ ကွဲနဲ့ အိမ်ထောင်ရေး မသာယာခဲ့ဘဲ ကလေး အုပ်ထိန်းမှု ပြဿနာတွေကြုံခဲ့တယ်။ အဆန်ဂ်နဲ့ သူ့မအေတူဖအေကွဲညီကို အမေဖြစ်သူက ဝှက်ထားပြီး ငါးနှစ်လောက် နေရာစုံရွှေ့ပြောင်း နေထိုင်ခဲ့ရတယ်လို့ ဆိုတယ်။ သူကိုယ်တိုင်လည်း ၁၈ နှစ်သားမှာ ချစ်သူနဲ့ကလေးရခဲ့ပြီးတော့ မိဘတွေကပြန်ခွဲခဲ့ကြကာ ကလေးပိုင်ဆိုင်မှုအတွက် သူ့အမေတုန်းကလိုပဲ တရားတဘောင် ရင်ဆိုင်ခဲ့ရတယ်။ အဲဒီကပဲ သူတို့သားအမိဟာ ကလေးသူငယ်စောင့်ရှောက်ခွင့်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့တစ်ခုတည်ထောင်ဖို့ ဖြစ်လာခဲ့တယ်။

ငယ်ဘဝတစ်လျှောက် ကျောင်းမျိုးစုံတက်ခဲ့ရပြီး တက္ကသိုလ်ခြောက်ခု ပြောင်းတက်ဖူးပါတယ်။
သူတို့ ယုံကြည်ရာကိုလုပ်တဲ့၊ အမှားလုပ်မိမှာကို မကြောက်ဘဲ စွန့်စားပြီး ကမ္ဘာကြီးကို အဆင့်တစ်ခုအထိ ရောက်အောင် အကောင်းဘက်က ပြုပြင်ပြောင်းလဲဖို့ တစ်ကယ်အာရုံစိုက်တဲ့ လူအနည်းစုထဲ ကတစ်ယောက် ..

အင်တာနက်ရဲ့တိုးတက်မှုတွေ ဟာ သူ့ရဲ့သချင်္ာစွမ်းရည်ကိုသုံးဖို့ အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့တယ်။ ဒါကပဲသူ့ဆီကို ပြဿနာတွေ ဆောင်ကျဉ်းလာခဲ့ပြန်တယ်။ ၁၉၉၅ မှာ သူငယ်ချင်းတစ်ယောက ်နဲ့အတူ hacking လုပ်မှုနဲ့ စွဲချက်တင်ခံခဲ့ရတယ်။ သူတို့အုပ်စုဟာ ခြေရာခံလိုက်လို့ မရအောင် နည်းအမျိုးမျိုးသုံးခဲ့ပေမဲ့ နောက်ဆုံးမှာမိသွားပြီး အပြစ်ရှိကြောင်းဝန်ခံခဲ့ရတယ်။ ဩစတြေးလျဒေါ်လာ ထောင်နဲ့ချီဒဏ်တပ်ခံခဲ့ရပေမဲ့ ကံကောင်းထောက်မစွာပဲ ထောင်မကျခဲ့ဘူး။

ဒီ့နောက်တော့ ထွန်းသစ်စဖြစ်လာတဲ့ အင်တာနက်တိုက်ခိုက်မှုတွေ နဲ့ပတ်သက်ပြီး လေ့လာတဲ့ ပညာရှင် ဆူးလက်တီဒရေဖက်နဲ့ ပေါင်းမိသွားပြီး Underground လို့အမည်ရတဲ့ ကွန်ပြူတာနယ်ပယ်မှာ အရောင်းရ ဆုံးဖြစ်တဲ့ စာအုပ်တစ်အုပ်ကို ရေးခဲ့ကြတယ်။ မစ္စဒရေဖက်ကတော့ အာဆန်ဂ်ဟာ “အလွန်ကျွမ်းကျင်တဲ့ သု တေသနသမားတစ်ဦး”၊ “ကိုယ်ကျင့်တရားနဲ့ တရားဥပဒေအရ အစိုးရတွေ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူး ဆိုတာမျိုးကို အရမ်းစိတ်ဝင်စားတဲ့သူ” လို့ ပြောဖူးတယ်။

၂၀၀၃ ကနေ၂၀၀၆ အထိ မဲလ်ဘုန်းတက္ကသိုလ်မှာ ရူပဗေဒနဲ့ သချင်္ာကို ဆက်သင်ပြီးတော့ သချင်္ာအဖွဲ့ထဲ မှာထင်ရှားတဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့တယ်။ ခေတ်ပြိုင်တွေကတော့ သူရဲ့သချင်္ာစွမ်းရည်ကို မှတ်မှတ်ထင်ထင် ရှိခဲ့ကြတယ်လို့ဆိုတယ်။

၂၀၀၆ မှာ ကမ္ဘာ့အင်တာနက် ကွန်ရက်တစ်လွှားက စိတ်တူကိုယ်တူတွေစုပြီး ဖွင့်ချလိုသူတွေအတွက် ကွန်ရက်အခြေပြု “ပို့စရာလိပ်စာ မရှိတဲ့ စာတွေအတွက် စာတိုက်ပုံး” တစ်ခုဖန်တီးဖို့ စီစဉ်ခဲ့ကြတယ်။

သူနဲ့အတူတွဲလုပ်ခဲ့တဲ့ ဒန်နီယယ်ရှမစ်ကတော့ အာဆန်ဂ်ဟာ “သူတို့ ယုံကြည်ရာကိုလုပ်တဲ့၊ အမှားလုပ်မိမှာကို မကြောက်ဘဲ စွန့်စားပြီး ကမ္ဘာကြီးကို အဆင့်တစ်ခုအထိ ရောက်အောင် အကောင်းဘက်က ပြုပြင်ပြောင်းလဲဖို့ တစ်ကယ်အာရုံစိုက်တဲ့ လူအနည်းစုထဲ ကတစ်ယောက်”လို့ ချီးကျူးခဲ့ဖူးတယ်။

အီရတ်မှာရှိတဲ့ အမေရိကန် ရဟတ်ယာဉ်တစ်စင်းက ရိုက်ကူးနိုင်ခဲ့တဲ့ ဗီဒီယိုကို ဧပြီလအတွင်းက ဖွင့်ချပြီးတဲ့နောက် ဇူလိုင်နဲ့ အောက်တိုဘာမှာ အာဖဂန်နဲ့ အီရတ်စစ်ပွဲ မှတ်တမ်း တစ်ပုံတစ်ပင်ကို ဖွင့်ချခဲ့ ပြီးတဲ့နောက် ဝီကီလိခ်နဲ့ အဆန်ဂ် ဟာ ကမ္ဘာတစ်ဝန်းလုံးက အာရုံစိုက်ခံရဆုံး ဖြစ်လာခဲ့တယ်။

နောက်ဆုံးတစ်ချီ ဖွင့်ချမှုကတော့ ကမ္ဘာ့သံတမန်ရေး လောကတစ်ခုလုံးကို ပြောင်းဆန်စေခဲ့ပြီး နိုင်ငံ အသီးသီးရဲ့ အရှုပ်ထုပ်တွေ ဖုံးမရအောင်ဖြစ်ခဲ့တာမို့ ကမ္ဘာပေါ်မှာ ရပ်တည်ချက်နဲ့ ဘက်မတူတဲ့ အစိုးရပေါင်းစုံရဲ့ အမုန်းခံရဆုံး လူသားဖြစ်လာခဲ့တယ်။

ဒီလိုဖွင့်ချမှုတွေနဲ့ အာရုံစိုက်ခံရချိန်မှာ ဆွီဒင်က သူ့ကို မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ အပြည်ပြည်ဆိုင်ရာ ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ဆွီဒင်ကိုလာပြီး အမျိုးသမီးနှစ်ယောက်နဲ့ လိင်ပိုင်းဆိုင်ရာ အလွဲပြုကျင့်ခဲ့တယ် ဆိုတဲ့ စွဲချက်ထွက်လာခဲ့တယ်။ အဆန်ဂ်ကတော့ ဒါတွေဟာ သူ့ကို အပုပ်ချဖို့လုပ်တဲ့ လှုံ့ဆော်မှုတွေလို့ ပြန်လှန်စွပ်စွဲခဲ့ပြီး စွဲချက်တွေကို ငြင်းထားပါတယ်။ ဖွင့်ချမှုတွေကြောင့် ပြဿနာရှာလို့ မရတဲ့အခါ ဒီလိုပြစ်မှုမျိုးနဲ့ ဖမ်းဖို့လုပ်ခဲ့ကြတာ။

အခုအချိန်မှာ အဆန်ဂ် ဗြိတိန်မှာရှိနေပြီး သူ့ကိုဖမ်းမိတော့မယ် လို့ သတင်းထွက်နေပါတယ်။ လျှို့ဝှက်ချက်တွေကို ဖွင့်ချသူကြီးရဲ့ လေနှင်ရာလွင့်တဲ့ဘဝ ဘာဆက်ဖြစ်မယ်ဆိုတာကတော့ မရေမရာဖြစ်နေတုန်းပါ။

Ref;BBC,Wikipedia