စိုင်းစိုင်းခမ်းလှိုင်အပါအဝင် မြန်မာအဆိုတော်များ၏ စတိတ်ရှိုးပွဲ ပျက်သွားခဲ့

cobraDecember 8, 20101min966

ထိုင်းဘုရင်မွေးနေ့တွင် ဘန်ကောက်တွင် သီဆိုဖျော်ဖြေရန် စီစဉ်ထားသော စိုင်းစိုင်းခမ်းလှိုင်အပါအဝင် မြန်မာအဆိုတော်များ၏ စတိတ်ရှိုးပွဲ ပျက်သွားခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ထိုင်းဘုရင်၏ (၈၃)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် မြန်မာနှင့်ထိုင်း အဆိုတော်များ ပူးပေါင်းဖျော်ဖြေမည်ဆိုသည့် ပွဲသည် ပွဲအစမှာပင် လူဝင်မှုကြီးကြပ်ရေးက ဝင်ဖမ်းဆီး၍ ပျက်သွားသည်။

“ပွဲပျက်တာက အရင်က work permit ကိစ္စ မပြောထားဘူး၊ အခုဟာက နယ်မြေခံရဲက မဟုတ်ဘူး၊ တောမော (လူဝင်မှုကြီးကြပ်ရေး) ကဝင်ဖမ်းတာ” ဟု MP 3 ကုမ္ပဏီဒါရိုက်တာ ခွန်ပေါ့သမ် (Poptham Chaiyakit) က ပြောသည်။

အဆိုတော်များ ဖျော်ဖြေခွင့်ဗီဇာ ရလာသော်လည်း ထိုင်းနိုင်ငံ ဥပဒေအရ အလုပ်လုပ်ခွင့် လက်မှတ် (work permit) လိုသေးသည် ဟုလူဝင်မှုကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်က ပြောကြောင်း ခွန်ပေါ့သမ် ကဆိုသည်။

ပွဲစသည်နှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများ ရောက်လာပြီး လမ်းမတွင် မြန်မာ အလုပ်သမားများအား မေးမြန်းစစ်ဆေးကာ အမျိုးသမီးငယ်တဦးကို နယ်ကျော်၍ ဖမ်းဆီးမည် လုပ်သည်ကို အတူပါလာသူ အလုပ်သမားများက ဝိုင်းဝန်း တောင်းပန်ကြရသည်ဟု မျက်မြင်တွေ့သူတဦးက ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးအဖွဲ့ ဦးဆောင်သူက မြန်မာအဆိုတော်တွေ work permit မရှိဘဲ စင်ပေါ် တက်မဆိုရဘူး၊ ဆိုရင် ဖမ်းမယ်ပြော၍ အဆိုတော်များ မဆိုခဲ့ရကြောင်း သူက ဆက်ပြောသည်။

ထိုကဲ့သို့ ရုတ်ရုတ်သဲသဲ ဖြစ်နေသည့်အတွက် ပွဲအတွင်းရှိ မြန်မာအလုပ်သမားများလည်း ကြောက်လန့်ကာ မကျေမနပ်ဖြင့် ပွဲအတွင်းမှ ထွက်ခွာခဲ့ရသည်။

မကျေနပ်သော အလုပ်သမား ကိုယ်စားလှယ်များမှ ယမန်နေ့က နယ်မြေခံ ရဲစခန်းသို့ သွားကာ တရားစွဲရန် ပြင်ဆင်ခဲ့ကြသည်။ “ကျနော်တို့ အလုပ်သမား ကိုယ်စားလှယ် (၁၆)ယောက်လောက်ရှိပါတယ် စခန်းကို လာတာ၊ မနေ့က သူတို့ပြောတာက အခုလာတဲ့သူတွေကို ပိုက်ဆံ ပြန်ထုတ်ပေးမယ် ပြောတယ်၊ ကျနော်တို့က မရဘူး၊ ဘယ်စက်ရုံမှာ ဘယ်သူတွေက ဘယ်လောက် လက်မှတ် ရောင်းထားတယ်ဆိုတာ သိတယ်” ဟု ကိုယ်စားလှယ်တဦးက ပြောသည်။

“အလုပ်သမားတွေ ကျေနပ်တဲ့အထိ တောင်းပန်ဖို့ စီစဉ်ထားပါတယ်၊ အခု ကျနော်တို့ စီစဉ်သူတွေ အစည်းအဝေး ထိုင်နေပါတယ်” ဟုလည်း MP 3 တာဝန်ရှိသူက ဆိုသည်။ အကုန်လုံး ကျေနပ်ရန်အတွက် ဗလာပွဲတခုကို မဟာချိုင်တွင် ကျင်းပပေးမည်ဟု ဆိုသေးသည်။ သို့ရာတွင် အချိန်အတိအကျ မပြောနိုင်သေးကြောင်း ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ဆက်ပြောသည်။

ပွဲသွားသူ မြန်မာအလုပ်သမားဦးရေမှာ (၁,၀၀၀)ကျော်ခန့်ရှိမည်ဟု ယူဆရကြောင်း ပရိသတ်တဦးက ပြောဆိုသည်။ ယခင်ကလည်း မဟာချိုင်နှင့် ဘန်ဘော်တွင်  MP 3 မှစီစဉ်သော ဖျော်ဖြေရေးပွဲများ ပျက်ဖူးကြောင်း အလုပ်သမား ကိုယ်စားလှယ်တဦးက ပြောကြားသည်။

6 comments

  • The Reds

    December 8, 2010 at 2:46 pm

    အဲ ဒါ လည်း ဟုတ် တာ ပဲ work permit မ ရှိ ပဲ သူ များ နိုင် ငံ မှာ မင်း သား လုပ် လို. မ ရ ဝူး လေ …

  • winkyawaung

    December 8, 2010 at 3:54 pm

    သူတို့ဆီက ဥပဒေကလည်း တော်တော်ကြောက်စရာပါ။

  • နေ ဘုန်းလျံ

    December 8, 2010 at 7:57 pm

    ယုအက်စ်မှာတော့ဘာဝယ်ဝယ် အခွန်ပေးရတယ် စတိတ်ရှိုးတွေ လုပ်တာတော့ ဘယ်လိုအခွန်ဆောင်ကြလဲ လို့သိရင်ပြောပြကြပါ

    • kai

      December 8, 2010 at 10:08 pm

      သိသလောက်တော့ ..
      ဘာသာရေး.. နန်းပရော့ဖစ်တွေ ခံပြီးလုပ်ကြတာမို ့အခွန်မဆောင်ကြပါဘူးခင်ဗျ.. ကရှ်ယူကြတာလည်းများတာကိုး..။

  • cherrywine

    December 9, 2010 at 3:18 am

    သနားပါတယ် ပွဲလာကြည့်တဲ့သူတွေ … ထိုင်းဝန်ထမ်းတွေကလည်း မိုက်ရိုင်းလိုက်တာ .. နည်းနည်းလောက်ခွင့်လွှတ်ပေးလို့မရဘူးလား။

  • etone

    December 9, 2010 at 7:15 am

    ပွဲလုပ်မယ်ဆိုတာ သိကတည်းက လိုအပ်တာတွေပြောထားရင်ကောင်းတာပေါ့ .. အခုတော့ ဘာမပြောညာမပြောနဲ့ ဘာပါမစ်တွေလာတောင်းနေမှန်းမသိဘူး..။ ပွဲစီစဉ်သူကလည်း အစကတည်းက ဒီဇာတ်လမ်းတွေကြိုရှင်းသင့်တယ် ..။ ထိုင်းက ကောင်တွေက မြန်မာတွေဆိုရင် သိပ် အနိုင်ကျင့်ချင်ကြတာ ။

Leave a Reply