ငါးခေါင်းဟင်းချို ချက်နည်း

ဆူးDecember 8, 20101min1388

ဦးကြောင်ကြီး မေးထားတဲ့ ငါးခေါင်းဟင်းချို ချက်နည်းကတော့ အင်မတန် လွယ်ပါတယ်။ အခု ချက်စားတာ မဟုတ်တဲ့ အတွက် စာဘဲ ရေးပေးလိုက်တယ်။ ချက်ကြည့်လိုက်ပါ စားလို့ ကောင်းမှာ သေချာပါတယ်။
မနေ့က ငါးမွေ တင်လိုက်တော့ ငါးမွေလို့ ဖယ်ထားတဲ့ ငါးခေါင်းနဲ့ ငါးအလယ်ရိုး ငါးဆူးတောင် အရိုးတွေ ဟင်းတခွက် အဖြစ် အသုံးကျအောင် ပြုလုပ်ပါမည်။
ပထမဦးစွာ ကြက်သွန် အဖြူ အနည်းငယ် ဂျင်း ဆီ လိုအပ်ပါတယ်။
ကြက်သွန်အဖြူကို ပးါပါးလှီးထားပါ။
ဂျင်း အနည်းငယ်ကိုလည်း နုတ်နုတ်ဆင်းထားပါ။
ဒယ်အိုးထဲမှာ ဆီ အနည်းငယ်ထည့်ပြီး ကြက်သွန်အဖြူ နဲ့ ဂျင်း မွေးတဲ့ အထိ ဆီသတ်ပြီး မွေးလာပြီ ဆိုလျှင် ငါးခေါင်း အရိုးတွေ စုပေါင်းပြီး ထည့်လိုက်ပါ.. ငါးခေါင်းနဲ့ အတုံးလေးတွေ အကုန် ဆီထိသွားပြီး ငါးအတုံးလေးတွေကို ရေအနည်းငယ် မြုပ်ရုံထည့်ပြီး ပြုတ်ပါ။ အိုးအဖုံးကို လုံအောင် ပိတ်ထားပါ။ မီး အရှိန် လျော့ထားပါ။ ငါးပြုတ်ရည် အရောင် ဖြူတဲ့ အထိ ပြုတ်ရမှာပါ။ အရောင် ဖြူလာပြီ ဆိုလျှင်တော့ ငါးအရိုးထဲမှာ ရှိတဲ့ အဆီများ ထွက်လာပြီ ဖြစ်တဲ့ အတွက် လိုအပ်သလို ရေရောပြီး ထပ်တည်လိုက်ပါ။
စားခါနီး ခွက်ထဲသို့ ခပ်ပြီးလျှင်တော့ သံပုရာသီး ကို အရည်ညှစ်ပြီး ထည့်လိုက်ပါ။ ငရုတ်သီး အစိမ်းအတောင့် ကလေးတွေကို ကတ်ကြေးနဲ့ စိတ်ပြီး ဟင်းချိုပန်ကန်ထဲ ထည့်လိုက်ပါ။ အရသာကတော့ ငါးခေါင်းဟင်းရည်.. ငါးပြုတ်ရည် ချိုချိုမှာ.. သံပုရာ အနံနဲ့ အချဉ်က စားပြီးရင်း စားချင်ဖြစ်ပြီး ငရုတ်သီး အစိမ်းတောင့်ကလေးက ဟင်ချိုပန်ကန်မှာ အစိမ်းရောင် လေးတွေ အပေါ်မှာ ပျံဝဲနေသလို ဖြစ်နေပြီး လျှာပေါ်မှာ စပ်တက်တက်နဲ့ ချဉ်ချဉ် ချိုချို ခံတွင်းမိန်စရာ ငါးဟင်းရည် တခွက် ဖြစ်လာပါလိမ့်မယ်။

မှတ်ချက်.. သံပုရာသီး အရည်ညှစ်တာ အချဉ် လိုသလောက် ညှစ်ပါ.. များသွားရင် မကောင်းဘူး.. ငရုတ်သီး အစိမ်းကလေးကလည်း ထို့အတူ ဖြစ်ပါ၏

8 comments

  • weiwei

    December 8, 2010 at 5:05 pm

    သောက်လို့ကောင်းမှာ သေချာပါတယ် … နံနံပင် နဲနဲအုပ်လိုက်ရင်တော့ ပိုမွှေးသွားမယ်ထင်တယ်နော် …

  • ဆူး

    December 8, 2010 at 5:10 pm

    နံနံပင် အုပ်ရင် ဆူးတော့ သောက်လို့ ရမှာ မဟုတ်တော့ဘူး။
    နံနံပင် အနံ နဲ့ သံပုရာ မွေးမွေးကလေး ရောထွေးသွားမယ်။ စမ်းကြည့်ကြပေါ့။ ဆူးကတော့ အခု အတိုင်းလေးဘဲ ကြိုက်တယ်

  • ကြယ်လေး

    December 8, 2010 at 5:55 pm

    ဒေါ်ဆူး ဟင်းချိုကဆား ပေါ့ တယ် 😛

    ——————————————-

    ကို Bigကက် ပြောတာ ငါးမင်းဆွေ ခေါင်းတဲ့ 😛

  • ဆူး

    December 8, 2010 at 7:02 pm

    ဆားပေါ့တာ ဆရာလေး သွေးတိုးမှာ စိုးလို့.. ဟီးဟီး.. မြည်းပြီးပြီ ဆိုတော့ လိုတာလေး ဖြည့်သောက်လိုက်လေ.. ပုံမပါတော့ ဆံပင်ချည်တော့ မပါလောက်ပါဘူး။
    ဆရာလေး ချက်နည်း ပြောပြီးပြီ.. ဦးကြောင်ကြီး ပြောတဲ့ ခေါင်းကို သာ လျှာပြီး ပြုတ်တိုက်လိုက်ပေါ့ကွယ်။ ဟုတ်တယ်မလား 😉

  • bigcat

    December 9, 2010 at 6:19 am

    များသောအားဖြင့် ငါးခေါင်းပြုတ်ရင် ကြေသွားတော့ သောက်ရတာ အဆင်မပြေဘူး။ ပြီးတော့ခေါင်းက အကြေးခွံတွေကိုရော လုံးဝသန့်သွားအောင် ရှင်းပစ်ဖို့လိုလား။ ငါးဝယ်ရင် အကြေးခွံသန့်ပေးပေမဲ့ ပါးဟပ်နား၊ ခေါင်းပိုင်းတွေကြတော့ မစင်ဘူ။ ဦးတီစံ ပြောထဲ့အထဲမှာ ဘာအသီးအရွက်မှ ထည့်ဖို့မပါဘူးနော်။ သေချာအောင်မေးကြည့်တာပါ။ သက်သက်လွတ်ထွက်ရင် စားမလို့ အခုထဲက ဟင်းတွေစုထားတာ။
    ကိုကြယ်လေးပြောတဲ့ ခေါင်းကြီးက ငါးခေါင်းမဟုတ်ဘူး၊ ဖားခေါင်းကြီးဗျ။ ရွံတယ်။

    • ဆူး

      December 9, 2010 at 8:49 am

      ငါးခေါင်းကိုဝယ်.. ဖြစ်နိင်ရင် စိတ်ခြမ်းပလိုက်ပေါ့ကွယ်.. နုတ်သီးကို ခုတ်ပလိုက်.. သွား ကလေးတွေ ပါသွားအောင်ပါ။ ငါးကြင်းတို့ ငါးမြစ်ခြင်း ဆိုရင်တော့ သွား က လည်မျိုနေရာမှာ ရှိတာပါ။ ပါးဟပ်တွေ ကို ဆွဲထုတ်ပြီး ရေနဲ့ သန့်စင်အောင် ဆေးကြေနိုင်ပါတယ်။ ဘာ အသီး အရွက်မှ မထည့်ဘဲ ဒီတိုင်း ငါးပြုတ် သီးသန့် ပြုတ်စားကြည့်ပါ။ အသီး အရွက်ကို ငါးထည့်ပြုတ်တာ ချဉ်ရည်ဟင်းချက်တဲ့ နည်းဖြစ်ပါတယ်။ ချဉ်ရည်ဟင်းကတော့ မန်ကျည်းရေလေး ကဲလိုက်ပြီး ငံပြာရည်နဲ့ ရောလိုက်ရင် မြန်မာကြိုက်တဲ့ ချဉ်ရည်ဟင်းဖြစ်သွားပါတယ်။ ငါးခေါင်း ပြုတ်ရည်ဘဲ ပြောပြော.. ငါးပြုတ်ရည်ဘဲ ပြောပြော.. ပြောထားတဲ့ အတိုင်းသာ ပြုတ်ကြည့်လိုက်ပါ။ ငါး အရသာ ချိုချို သံပုရာချဉ်ချဉ် ငရုတ်သီး စပ်စပ် အရသာ စပ်စပ် ချဉ်ချဉ်နဲ့ စားကောင်းပါလိမ့်မယ်။ ငါးခေါင်းပြုတ်လို့ ကြေထွက်သွားရင် အရည်ဘဲ စစ်သောက်ပါ။ ကျန်တဲ့ ငါးအသားနဲ့ အရိုးတွေမှ အရိုးဖယ်ပြီး ငရုတ်သီး ဆီသတ်ပြီး ငါး အသား တွေနဲ့ ငံပြာရည် ရောပြီး တခွက် ထက်ချက်လိုက်.. ဒါဆိုရင် ထမင်းစားမြိန် ငံပြာရည်ချက် ဖြစ်သွားပြန်ကော…

      အခု ပြောထားတဲ့ ငါးခေါင်းပြုတ် ဟင်းရည်ကတော့ တရုတ်ချက်နည်းနဲ့ ချက်တဲ့ ဟင်းလျှာ ဖြစ်ပါတယ်။ တခြားနည်းနဲ့ မရောထွေဘဲ.. စမ်းကြည့်ပါ။ စားဘူးတဲ့ လူတိုင်း ကြိုက်ကတာတော့ အမှန်ဘဲ။

  • weiwei

    December 9, 2010 at 6:34 am

    အိမ်မှာချက်ရင်တော့ အဲဒီဟင်းရည်ထဲကို မျှစ်ရယ် .. ပဲပြားရယ် .. ငုံးဥပြုတ်ရယ် ထည့်လေ့ရှိတယ် … စပါးလင်လဲ အချောင်းလိုက် ထည့်ပြုတ်တယ် …

  • cherrywine

    December 9, 2010 at 7:50 am

    ဖတ်နေရင်းနဲ့တောင် သွားရည်ကျလာပြီ .. ဒီပိတ်ရက် ချက်စားအုံးမှပဲ။

Leave a Reply