တချိန်က ဆောင်းရာသီ အပိုင်း ၁

ဆူးDecember 8, 20101min560

၂၀၀၂ နိုဝင်ဘာ ဒီဇင်ဘာ
ဆောင်းတွင်းမှာ.. အအေးလှိုင်းဖြတ်တယ်လို့တော့ သတင်းထဲမှာ ကြားမိတာဘဲ။ အရင်နှစ်တွေကလည်း ဒီလို မနက် စောစော အိမ်အပြင်ထွက် ပြီး အလုပ်မသွားခဲ့ရဘူးလေ။ အခုမှ အလုပ်က ရတော့ ပထမဆုံး အလုပ်ရဲ့ အတွေ့အကြုံ အသစ်ကလေးကို စတင်ပြီး ရတာပါ။ အစမ်းခန့် ဝန်ထမ်း အသစ်ကလေးပါ.. တက်တက် ကြွကြွ အလုပ်ကို မနက် ၆း၄၅ အရောက်သွား အလုပ်ကတော့ ကွန်ပြူတာ သင်တန်းတခုမှာ လက်ထောက် ဆရာမ အလုပ်ကလေးပေါ့။ အလုပ်သင် အစမ်းခန့် ဝန်ထမ်း ကိုယ့်လို လူမျိုး အယောက် ၂ဝ ရှိပါတယ်။ လူ ၂ဝ လုံး အပြိုင်အဆိုင်ပေါ့.. ၃လ စေ့ရင် ၃ယောက်တောင် မခန့်ဘဲ အလုပ်တာဝန် ပြီးဆုံးမှာ ဘယ်သူမှ တော့ မသိကြဘူး။ အားလုံးက မျှော်လင့်ချက် ကိုယ်စီနဲကပေါ့။ အမှန်ပါဘဲ.. အစမ်းခန့် ဝန်ထမ်း ကိုယ်စီမှာ ရွှေရောင် အိမ်မက်တွေ ရှိကြတာပေါ့.. ပြန်လည်ပြီး အလုပ်ဝင်ရတဲ့ အလုပ်နဲ့ ပတ်သတ်တဲ့ ဇစ်မြစ်ကို ရှာကြည့်တော့.. ၂၀၀ဝ ပြည့်နှစ်မှာ ၁ဝတန်း အောင်ခဲ့တယ်။ ၁ဝတန်းအောင်တော့ ဘာလုပ်ရမှန်း မသိဘူး.. ဒီလိုနဲ့.. ယောင်လည်လည် တရုတ်စာ သင်တန်းလေး တက်ပြီး စလောင်းက လာတဲ့ တရုတ်ကားတွေ အချိန်ပြည့်ကြည့်ပြီး တရုတ်စကားတွေ သင်ယူမှတ်သားနေခဲ့တယ်။ နောက် ၁ဝတန်းအောင်တဲ့ လူငယ်တိုင်း တက်ကြတဲ့ အရာကတော့ ကွန်ပြူတာသင်တန်းဖြစ်နေတယ်။ အိမ်မှာ ဝယ်သာ ဝယ်ထားတယ် သေချာ တတ်တဲ့ လူမရှိတော့ မထိရဲ မကိုင်ရဲ ဖြစ်နေကြတာ.. သင်တန်း သွားတက်မယ် ဆိုတော့လည်း.. ဘာက စတက်ရမှန်း မသိဖြစ်ပြန်ကော.. ဟော.. သိတဲ့ လူတွေကို သွားမေးမြန်းဖို့ အကြောင်းဖန်လာရတယ်။ သွားမေးလိုက်တဲ့ အမျိးသမီးက တလမ်းထဲ တူတူနေတာ ဆိုတော့ သူကလည်း ကိုယ့်ကို သိ.. သူကလည်း ကိုယ့်ကိုသိ အခြေအနေ ဆိုတော့.. အခုမှ ၁ဝတန်းအောင်တဲ့ ကလေး အခု ခေတ်စားနေတဲ့ အိုင်တီ တက်ပါလား.. ပြောဖို့ တခု ကျန်ခဲ့သေးတယ် သွားမေးတဲ့ အမျိုးသမီးက MCC မှာ ဆရာမ လုပ်နေတာ ဆိုတော့ သူကျောင်းမှာ တက်ဖို့ ခေါ်တာပေါ့။ ဘာမသိ ညာမသိ သူများ အိုင်တီ ဆိုတော့ အိုင်တီပေါ့။ ပြောလို့သာ ပြောရတာပါ.. IT Level 1 & 2 ရှိတယ် ဆိုတော့ ၁ ကော ၂ ကော လိုက်တက်လိုက်ပါသတဲ့.. ၂ ကို တက်တဲ့ အချိန်မှာ သေချာ သိလိုက်တာကတော့ ဝါသနာနဲ့ သင်နေရတာ လမ်းကြောင်းကတော့ လွဲနေပြီ.. စိတ်မပါဘူး။ စိတ်ညစ်နေတာပေါ့.. ဝါသနာက စာရွက်ပေါ် အရုပ်ကလေးတွေ တောင်ခြစ် မြောက်ခြစ် ရေးတာ ဦးနှောက်အစားခံပြီး ပရိုဂရမ် ရေးတာ မဟုတ်ဘူး။ စိတ်ညစ်နေတုန်းမှာ.. ရုတ်တရက် သတင်းစာမှာ ကြေညာ တခု တွေ့လိုက်တယ်။ ထိုကြေညာက မျှော်လင့်ချက် ရောင်ခြည်တွေ ဘွားကနဲ သန်းလာ သလို ခံစားခဲ့ရတယ်။