ကြက်ဥချက်နည်း ပဒေသာကျမ်းကြီး ဓါးပြတွေနောက်ပါသွားပြီးကထဲက စိတ်နာနာနဲ့ အသစ်ပြန်လည်မပြုစုဖြစ်ပါဘူး။ တစ်ခါတစ်လေတော့ အသက်ဆက်ထားခဲ့တဲ့ ကျေးဇူးရှင် ကြက်ဥကို အမှတ်တရ ပြန်လည်ချက်စားပါတယ်။ မနေ့ကချက်စားတာကို မှတ်တမ်းတင်ထားရင်း ကြက်ဥချက်နည်း ပဒေသာကျမ်းကို ပြန်လည်စတင်ပြုစုပြီဖြစ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။

ပါဝင်သောပစ္စည်းများ ….

ကြက်ဥ (၄) လုံး

ကြက်သွန်နီ ခပ်သေးသေးတစ်လုံး (သို့) ခပ်ကြီးကြီးတစ်ခြမ်း

ကြက်သွန်ဖြူအနဲငယ်

ခရမ်းချဉ်သီး ခပ်လတ်လတ် ၂ လုံး

ငရုတ်သီးစိမ်းနဲ့ နံနံပင် အလိုရှိသလောက်

ဆား .. ငရုတ်သီးအစိမ်းမှုန့် .. ငံပြာရည် ..

ချက်ပြုတ်နည်း

ဒယ်အိုးထဲ ဆီလိုသလောက်ထည့်ပြီး ကြက်သွန်ဖြူနီထောင်းတာကိုထည့်ပြီး မွှေးလာသည်အထိ ဆီသတ်ပါ။ ထို့နောက် ငရုတ်သီးအစိမ်းမှုန့် အနဲငယ်ထည့်ပါ။ ထို့နောက် ခရမ်းချဉ်သီးနဲ့ ငံပြာရည် ဆား ထည့်ပြီး ခရမ်းချဉ်သီးများကြေလာသည်အထိ စိတ်ရှည်ရှည် မွှေပေးရပါမယ်။ ထို့နောက် ကြက်ဥပြုတ်ကို ပုံမှာပြထားတဲ့အတိုင်း အလယ်မှ ထက်ပိုင်းဖြတ်ထားသည့်အတိုင်း အိုးထဲထည့်ပြီး အားလုံးအရသာနှံ့သွားအောင် ချက်ရပါမယ် … ငရုတ်သီးစိမ်းအနံ့ပျောက်တဲ့အထိခဏချက်ပြီး မီးပိတ်ပြီး နံနံပင် အုပ်လိုက်ရုံပါပဲ ..

အခုချက်တဲ့အထဲမှာတော့ နံနံပင် ကုန်နေလို့ မထည့်လိုက်ပါဘူး ….

ဒီဟင်းရဲ့ အားသာချက်က ဈေးသက်သာပါတယ်။ ခရမ်းချဉ်သီးက ကျန်းမာရေးကို ကောင်းစေပါတယ်။ ချဉ် ငံ စပ် အရသာ ၃ မျိုးလုံး ဟင်းတစ်ခုထဲမှာပါသွားလို့ ဟင်းတစ်ခွက်ထဲနဲ့ ထမင်းစားလို့ရပါတယ်။ ပန်းကန်ထဲမှာ ထည့်ထားရင်လဲ စားချင်စဖွယ်လှပလို့ ကလေးတွေကိုကျွေးရတာလဲ လွယ်ကူစေပါတယ် …

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....