နယ်စပ်စောင့် နအဖ ရဲတပ်ဖွဲ့အား “ဓါးပြ” ဟု အော်ခေါ်ခံရ

နွယ်ပင်December 9, 20101min490

တရုတ်နယ်စပ် ကျယ်ဂေါင်မြို့ တက်ခန်းဟိုတည်အနီး ခိုးပေါက်မှ မူစယ်ဘက်သို့ ခြံစည်း ရိုးကျော်ဝင်လာသည့် အရပ်သား တစ်ဦးကို ဆင်ဖြူဂိတ်ရဲကင်းမှ ရဲအရာရှိ ဒုရဲအုပ် သန်းလှိုင်က တွေ့ရှိ ရှာဖွေနေစဉ် အဆိုပါ အရပ် သားက “ဓါးပြ ၊ ဓါးပြ” ဟု အော်ဟစ်ခဲ့ကြောင်း အာဏာပိုင်နှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

“ရဲက အရပ်ဝတ်နဲ့ပေါ့ဗျာ တက်ခန်းခိုးပေါက်ကနေဝင်လာတဲ့ အရပ်သားရဲ့အိပ်ကို မွေနောက်ပြီးရှာတာပေါ့ အဲဒါ အရပ်သား က ဓါးပြ ဓါးပြဆိုပြီး အကူအညီတောင်းတာပေါ့ ရဲလည်းဘာလုပ်ရမှန်းမသိဘူးဖြစ်သွားတယ် ဖုန်း ဆက်ပြီး ဆင်ဖြူရဲကင်းကို အကူအညီတောင်းမှ ရဲတွေရောက်လာပြီး ဝိုင်းချုပ်ဖမ်းလိုက်တယ် ” ဟုလည်း သူက ဆိုသည်။

ရဲကို ဓါးပြအထင်ဖြင့် အော်ဟစ်ခဲ့သော အရပ်သားမှာ မူစယ်ရဲစခန်းအချုပ်တွင် ယနေ့အထိဖမ်းဆီး ခံထားရကြောင်း သတင်းရရှိပါသည်။

အလားတူ ရဲဂုဏ်သိက္ခာထိပါးသည့် ဖြစ်ရပ် နိုဝင်ဘာလ ၂၉ ရက်နေ့ နေ့လည် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

ကျောက်စိမ်းသယ်သည့် သားအဖနှစ်ယောက် မူစယ်မြို့နမ္မတူခိုးပေါက်မှ တရုတ်ကျယ်ဂေါင်ဘက် ကျောက်များ ပို့နေစဉ် ရဲတပ်ဖွဲ့ဝင် တစ်ဦးက ငွေတောင်းရာ ရဲကို အလုပ်ပြုတ်သွားနိုင်ကြောင်း ပြန်လည်ခြိမ်းခြောက်ခဲ့သဖြင့် ဖမ်းဆီးခြင်းခံခဲ့ရ ကြောင်း သိရသည်။

“သူတို့ကသားအဖနှစ်ယောက် ခြံစည်းရိုးကျော်ပြီး ကျောက်တွေပို့နေတာ ရဲကပိုက်ဆံလာတောင်းတော့ ရဲစခန်း ကို ပိုက်ဆံ ပေးပြီးသား မင်းအလုပ်ပြုတ်သွားချင်သလားဆိုပြီး ခြိမ်းခြောက်တော့ ရဲကဖမ်းလိုက်တယ် ” လို့ လည်းသူက ဆိုသည်။

ကျပ်သိန်း ၂၀ဝ ကျော်တန်ဘိုးရှိသည့် ကျောက် ၂၄ လုံးနှင့်အတူ အဆိုပါ သားအဖနှစ်ဦး မူစယ်ရဲစခန်းတွင် ဖမ်းဆီးခံ ထားရကြောင်း သိရသည်။

တရုတ် – မြန်မာ နယ်စပ် တာဝန်ကျရဲများကို ၁၅ ရက်တစ်ကြိမ် အချိန်းအပြောင်းပြုလုပ်ပြီး တာဝန်ကျအုပ်စုတစ်စုလုံး အား ၄ လ တစ်ကြိမ် ပြောင်းရွေ့ကြောင်းသိရသည်။