ဈေးကြီးကြီးပေးရသော သင်ခန်းစာတစ်ခု Expensive Lesson

weiweiDecember 9, 20101min1217

လူရယ်လို့ဖြစ်လာတာနဲ့ သင်ခန်းစာတွေကို တစ်ခုပြီးတစ်ခုသင်ကြားရပါတယ်။ လက်ဦးဆရာ မိဘနဲ့ ဆရာဆရာမတွေကလဲ သိသင့်သိထိုက်တဲ့ သင်ခန်းစာတွေ သင်ကြားပေးကြပါတယ်။ မိဘရင်ခွင်က ခွဲခွာပြီး အလုပ်ခွင်ထဲရောက်တော့လဲ အလုပ်ခွင်သင်ခန်းစာတွေအပြင် လူမှုရေးသင်ခန်းစာတွေပါ အမျိုးမျိုး သင်ကြားရတယ်။ သင်ခန်းစာတိုင်းမှာ တန်ဖိုးတစ်ခုခုတော့ ပေးဆပ်ရစမြဲပါပဲ။ တစ်ချို့လက်တွေ့သင်ခန်းစာဆိုရင် အရင်းအနှီးက မတန်တဆလဲ ဖြစ်နေတတ်ပါသေးတယ်။

ကျွန်မတရုတ်ပြည်ကို ရောက်ခါစ တစ်ပတ်အတွင်းမှာပဲ သင်ခန်းစာတစ်ခုကို ဈေးကြီးကြီးနဲ့ သင်ယူမှတ်သားလိုက်ရဖူူးပါတယ်။ အဲဒီနေ့ကတော့ ရောက်ရောက်ချင်းဆိုတော့ ဘယ်မှလဲ မသွားတတ်၊ ဘာမှလဲမဝယ်တတ်၊ အိမ်ကလဲ မသယ်လာတော့ လိုအပ်တဲ့ပစ္စည်းတွေကို အပူတပြင်းဝယ်ယူချင်နေပါတယ်။ ဘယ်သူမှလဲ ကူညီမဲ့သူမရှိနဲ့ တော်တော်ဒုက္ခရောက်နေတုန်း အဆောင်တစ်ခုပဲအတူနေတဲ့ ပါကစ္စတန်က ကောင်မလေးက စူပါမတ်ကတ်ကို သူလိုက်ပို့မယ်ဆိုပြီး ပြောတာနဲ့ အရမ်းဝမ်းသာပြီး သူနဲ့အတူ အနီးအနားက စူပါမတ်ကတ်ကို လိုက်သွားပြီး လိုအပ်တာသွားဝယ်ပါတယ်။ အဲဒီကောင်မလေးက ကုန်တိုက်အပေါက်ဝရောက်တော့ ကျွန်မကို ထားခဲ့ပြီး နောက် ၂ နာရီနေရင် ပြန်လာခေါ်မယ်လို့ပြောပြီး ထွက်သွားပါတယ်။ ကျွန်မလဲ တွန်းလှန်းတစ်ခုယူပြီး လိုအပ်တဲ့ပစ္စည်းတွေကို တစ်ခုပြီး တစ်ခု အေးအေးဆေးဆေးပဲ ယူပြီးထည့်နေတာပေါ့။ အချိန် ၂ နာရီလောက်ပြည့်တော့မှ ပိုက်ဆံရှင်းတဲ့ ကောင်တာကိုသွားပြီး ပိုက်ဆံသွားရှင်းပါတယ်။ အဲဒီမှာစပြီး မျက်လုံးပြူးသွားပါတယ်။ ပိုက်ဆံအိတ်မရှိတော့ဘူး …. ဘယ်လိုရှာရှာမတွေ့တော့ဘူး။

ကျွန်မက ကျောပိုးအိတ်ထဲမှာ ပိုက်ဆံအိတ်အသေးလေးကို ထည့်ထားလိုက်မိတာဖြစ်ပါတယ်။ ဘယ်အချိန်ကထဲက ခါးပိုက်နှိုက်မိသွားတယ်တော့ မသိဘူးပေါ့။ တာဝန်ကျရဲကိုပြောပြတော့လဲ ဘာမှ အရာမထင်ပါဘူး။

ပိုက်ဆံအကုန်ပါသွားတာမှ အကြွေစေ့တောင်မကျန်ပါဘူး။ ဖြစ်ချင်တော့လဲ အဲဒီနေ့မနက်ကမှ ဒေါ်လာ ၄၀ဝ ကို တရုတ်ငွေလဲပြီး ပိုက်ဆံအိတ်ထဲ အကုန်ထည့်သွားလိုက်မိတယ်။ ကျွန်မတကယ်နှမြောမိတာက ပိုက်ဆံအိတ်လေးကိုပါ။ သူငယ်ချင်းက အမှတ်တရကိုင်ဖို့ဆိုပြီး ရန်ကုန်ကနေ ဈေးကြီးကြီးပေးပြီး ဝယ်ပေးလိုက်တဲ့အိတ်ကလေးမို့လို့ပါပဲ။ အဲဒီနေ့မှာတော့ှ နီးစပ်ရာ တရုတ်တွေရော တရုတ်ပြည်မှာရောက်နေပြီးသား ဗမာသူငယ်ချင်းတွေကပါ ဝိုင်းဝန်းပြီး သင်ခန်းစာပို့ချကြပါတယ်။ တရုတ်ပြည်မှာ အလွန်ခါးပိုက်နှိုက်ပေါကြောင်း၊ ကျောပိုးအိတ်ကို အနောက်ဘက်မှာထားပြီးလွယ်လို့မရကြောင်း၊ ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံများများမထည့်သင့်ကြောင်း၊ ဘဏ်ကတ်ကိုသာ အသုံးပြုသင့်ကြောင်း၊ စုံနေတာပါပဲ ဝိုင်းသတိပေးလိုက်ကြတာ။

ကျွန်မရောက်လာတဲ့ကျောင်းကလဲ ရောက်ရောက်ချင်းတောင်းလိုက်တဲ့ ဘာကြေး ညာကြေးတွေ စုံနေတာပါပဲ။ ၂ လ လောက် အကြွေးပတ်လည်ဝိုင်းပြီး နေလိုက်ရသေးတယ်။

ဈေးကြီးကြီးနဲ့ ပေးဝယ်လိုက်ရတဲ့ သင်ခန်းစာကို တစ်သက်လုံး အမှတ်ရနေလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့ … ၄ နှစ်လောက်ကြာတော့ မေ့လျော့သွားပြီး နောက်တစ်ကြိမ် ထပ်မံပေါ့ဆလိုက်ပါသေးတယ် … ပထမအကြိမ်တုန်းကတော့ မလည်မဝယ်နဲ့မို့လို့ ကျွန်မအပြစ်မဟုတ်ဘူးလို့ စိတ်ထဲကခံစားနိုင်ပေမယ့် ဒုတိယအကြိမ်ကတော့ ကျွန်မအပြစ်လုံးလုံးဖြစ်တာကြောင့် ရှက်ရှက်နဲ့ ဘယ်သူ့ကိုမှ မပြောရဲဘဲ တိတ်တိတ်လေးပဲ ကြိတ်ခံလိုက်ရပါတော့တယ် ….

7 comments

  • unclegyi1974

    December 9, 2010 at 3:42 pm

    မမေ့မလျော့သောသတိဖြင့်နေပါလို့
    ရှင်တော်ဘုရားဟောထားတယ်လေ
    မဝေ ဘုရားမေ့သွားလို့နဲ့တူတယ်

  • etone

    December 10, 2010 at 3:02 am

    မဝေရှက်ရှက်နဲ့ ဘယ်သူ့ကိုမှမပြောခဲ့ပေမဲ့အခုတော့ ရင်ဖွင့်တာပေါ့ အဟီး 😀 ကြားဖူးတယ် အစ်မရဲ့ သူတို့ဆီက ခါးပိုက်နှိုက်က လျှင်မှလျှင်ဆိုပဲ ။ ခါးပိုက်နှိုက်တွေ ဒီလောက်တော်နေရင် မြန်မာနိုင်ငံခေါ်လစာပေးပြီး ရဲတွေနဲ့ လဲထားသင့်တာနော ် 🙂

  • bigcat

    December 10, 2010 at 4:53 am

    ကျနော့်ပိုက်ဆံအိတ်ယူတဲ့ ခါးပိုက်နှိုက်အိမ်က ပစ္စည်းကိုပြန်ခိုးလိုက်တယ်။
    သူက ရဲသွားတိုင်တယ်လေ၊ အဲဒီတော့ ကျနော်က ထောက်လှမ်းရေးနဲ့ ပြန်ချောက်လိုက်တာပေါ့။
    မရတဲ့အဆုံး သူက ရွာဦးကျောင်းဆရာတော်ကို ပင့်လာတယ်၊ ဘယ်ရမလဲ ကျနော်လည်း ဦးဖက်ပေးထားတဲ့ ဘိုးတော်ပုံကို ဧည့်ခန်းမှာ ချိတ်ထားလိုက်တာပေါ့။

  • weiwei

    December 10, 2010 at 5:00 am

    ကျွန်မကတော့ နွားနို့သည်လိုပေါ့ .. နွားနို့အိုးကွဲတော့ ရွှေဆီးခုံ ဘုရားကိုလှူတယ်ဆိုသလိုပဲ … ပိုက်ဆံအိတ်ယူသွားတဲ့မိသားစု အဲဒီပိုက်ဆံကိုသုံးပြီး အဆင်ပြေကြပါစေ … ကျန်းမာချမ်းသာကြပါစေဆိုပြီး ပြတ်ပြတ်သားသားလှူလိုက်တာပေါ့ … 🙂
    ရန်ကုန်မှာလဲ အဲဒီလို လှူနေကျလေ … 🙂 🙂

  • ဆူး

    December 10, 2010 at 10:48 am

    ပိုက်ဆံ အိတ်ပျောက်တာ လှူတယ်လို့ သဘောထား တယ်ဆိုတာ ဆူး ကို စောင်းပြောသလား မဝေ.. အဟမ်း.. ဘန်ကောက်မှာ ခါးပိုက်နှိုက်ခံရတာတော့ မဖြစ်နိုင်ဘူး သေချာတာကတော့ ကားပေါ်မှာ ဟိုလုပ်ဒီလုပ်နဲ့ ကျသွားတာ ဖြစ်နိုင်တယ်။ ဒေါ်လှ ၆၀ဝ ပလုံသွားတယ်။ ရှိစုမဲ့စု ပါသွားတာ စိတ်တော့ မကောင်းဘူး ရသွားတဲ့ လူ ကျန်းမာ ချမ်းသာပါစေလို့ မေတ္တာ ပို့လိုက်ရတော့တယ်။

    တရုတ်ပြည်သွားတာ အခုထိတော့ ခါးပိုက်နှိုက် မထိသေးဘူး။
    ကျောပိုးအိတ်ဆို ရင်ခွင်ထဲ ထည့်ပြီး ပြောင်းပြန်လွယ်ရတယ်.. ကျောပိုးအိတ်လို့ တောင် မခေါ်သင့်ဘူး ရင်ခွင်ဖက် အိတ်လို့.. အဲဒီလို သွားလာနေရတာ.. အမြဲတမ်း ကိုယ်အိတ်လေး ကိုယ်ဖတ်ထားရတယ်။ တော်ကြာ အရေးကြိးတာ ပစ်စပို့ လေ..

  • kai

    December 10, 2010 at 11:04 am

    အခုရက်တင်… ကိုယ့်ကားကိုယ်မီးပွိုင့်ရပ်ထားတုံး…နောက်ကအုန်းကနဲ့ ကားတစင်းဝင်စောင့်တာ… ဆွေမျိုးမေ့သွားပါတယ်..။ အရှိန်နဲ့မို ့.. ကျုပ်ကားက ..ရှေ ့ကကားကိုသွားဆောင့်ပါတယ်..။
    လှည့်ကြည့်တော့ ..တိုက်လိုက်တဲ့… ကားတစင်းကအေးဆေးပဲဘေးကကျော်ပြီး .. ရှေ့ကလမ်းထဲမောင်းပြေးသွားလေရဲ့..။ ကင်မရာထုတ်ပြီဓါတ်ပုံရိုက်လိုက်ဖို့ ..နံပါတ်ပြားမှတ်လိုက်ဖို့ မေ့သွားတာကြောင့်..။အခုတော့ ..ဒေါ်လှ ၁ထောင် လျှော်ရကိန်းဆိုက်နေလေရဲ့..။

    အာမခံက .. ဒီဒါတ်တေးဘဲလုပ်ထားတာ ၁ထောင်မို ့.. တရားခံမသိရင်.. ကိုယ်ကပေးစိုက်ရမှာမို ့ဖြစ်ပါတယ်..။
    ရှေ ့ကားက ..ဘိုလေးအတွက်လည်း ..ဘယ်လောက်လျှော်ရဦးမလဲမသိ…
    ဒန်တန်တန် ဖြစ်နေလေရဲ့..။

  • weiwei

    December 10, 2010 at 11:17 am

    ကိုခိုင့် သင်ခန်းစာကလဲ ဈေးကြီးတာပါပဲလား ….
    သူကြီးအလှူ ရွာသားကောင်းမှုဖြစ်အောင် နည်းလမ်းရှာလိုက်ပါလား … 😛

Leave a Reply