ဒေါ်အောင်ဆန်းစုကြည်လက်ရာ ပန်ချီကားပို့စ်ကတ်များ စတင်ရောင်းချ

နွယ်ပင်December 10, 20101min505

နေအိမ်အကျယ်ချုပ် ကျနေစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကား ရ ကားကို ပို့စ်ကတ် အဖြစ် ယနေ့ စတင် ရောင်းချနေပြီဖြစ်သည်။ 
ပို့စ်ကတ် တခုလျှင် ကျပ် ၁ ထောင်ဖြင့် စတင် ရောင်းချခြင်းဖြစ်ပြီး ရရှိသောငွေများကို နိုင်ငံရေး အကျဉ်းသား မိသားစုများအား ကူညီရေး၊ HIV/ AIDS ဝေဒနာရှင်များအား စောင့်ရှောက်ရေး စသည့် လူမှုရေး ကိစ္စရပ်များအတွက် အသုံးပြုမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်တဦးက ပြောသည်။

ပို့စ်ကတ်များကို ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက် ဝိုင် ယွန်းတို့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံအတွင်း လာရောက် သတင်းယူနေကြသော ပြည်တွင်းပြည်ပ သတင်းထောက် များအား စတင်ရောင်းချခြင်းဖြစ်ပြီး သတင်းထောက် များက အလုအယက် ဝယ်ယူခဲ့ကြသည်။

ပို့စ်ကတ်များကို နွေဦး၊ ဆောင်းဦး၊ နွေရာသီ၊ ဆောင်းရာသီ၊ ဇာပန်ထိုး ပညာ၊ ပန်းနုရောင်ပန်းများ၊ အနီရောင်ပန်းများ ဟူ၍ အမည်များပေးထားပြီး ပို့စ်ကတ်နောက်ကျောတွင် ပို့စ်ကတ်နှင့် သက်ဆိုင်သော အကြောင်းအရာ၊ နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် အတွင်း ရေးဆွဲထားသည် ဆိုသော စာများ ရေးထိုးထားပြီး အောက်တွင် “အောင်ဆန်းစုကြည်” ဟု ရေးထိုး ထားသည်။
ရာသီအကြောင်း ရေးဆွဲထားသော ပို့စ်ကတ်များ နောက်တွင် “ဤပန်းချီကားသည် ရာသီ စီးရီးထဲမှ တခုဖြစ်ပြီး ကျမ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ကွန်ပျူတာဖြင့် ရေးဆွဲထားခြင်း ဖြစ်သည် (This is one of the “seasons” series that I draw on my computer during my last term of house arrest)” ဟု ရေးသားထားသည်။

အနီရောင်ပန်းများ ဆိုသောပို့စ်ကတ် နောက်ကျောတွင် “ကွန်ပျူတာဖြင့် ပထမဆုံး ပန်းချီဆွဲရန် ကြိုးစားခဲ့ခြင်း (My first attempt at drawing on the computer) ဆိုသော စာသားကို ရေး ထားကာ ပန်းနုရောင် ပန်းများ ဆိုသော ပို့စ်ကတ် နောက်ကျောတွင်မူ “ကျမ၏ ပန်းများ စီးရီးထဲမှ တစိတ်တပိုင်း (Part of my “Flowers” series)” ဟု ရေးထားသည်။

ဇာပန်းထိုးခြင်းပညာဆိုသော ပန်းချီကားတွင်လည်း “ကျမ ကလေး ဘဝက အလွန်ညံ့ဖျင်းခဲ့သော ဇာပန်းထိုးပညာကို အမှတ်ရသည့် အနေဖြင့် (I called this “Embroidery” because it reminds me of the cross stitch lessonsat which I was so bad when I was a little girl) ဟူ၍ ရေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပို့်စ်ကတ် ပန်းချီကားများကို ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချခြင်းဖြင့် လူမှုရေး ရန်ပုံငွေရှာမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်တာဝန်ခံတဦးဖြစ်သူ မဖြူဖြူသင်းက ပြောသည်။

မှတ်ချက် ။ ။ဧရာဝတီမှ ဖော်ပြပါသည် ။

5 comments

  • kai

    December 10, 2010 at 9:52 am

    ဒေါ်အောင်ဆန်းစုကြည်က … စာအုပ်တအုပ်လောက် ထပ်ရေးဖို့ကောင်းတယ်..။
    ဒေါ်လာသန်းဂဏန်းအသာလေးပဲ..။
    မန္တလေးဂေဇက်က ..အကျိုးအမြတ်မယူ. ..ထုတ်ဝေသူလုပ်ချင်ပါတယ်ဗျို ့..။

    • bigcat

      December 11, 2010 at 2:19 am

      ကျနော့်ကို ဒေါ်လာသောင်းဂဏန်းပဲပေးပါ။ ဒေါ်စုပုံကို မျက်နှာဖုံးတင်ပြီး ရေးပေးမယ်။

  • maungmoenyo

    December 11, 2010 at 2:21 am

    Freedom From Fear ဖတ်ဖူးကြပါလိမ့်မယ်။ စင်တင်သင့်တဲ့စာအုဖြစ်သလိုမြန်မာလူမျိုးတို့ရဲ့အဓိကလိုအပ်ချက်ကိုတိုက်ရိုက်မီးမောင်းထိုးပြတဲ့စာအုပ်ခုပါ။ မြန်မာလိုဘာသာပြန်ထားတာကိုလဲ online မှာတခါတွေ့ဘူးလိုက်ပါရဲ့။ မြန်မာ့ခေတ်အဆက်ဆက်သမိုင်းကိုလည်းသုတေသီတဦးရဲ့ရှုထောင့်ကနေတင်ပြထားတယ်။ ခေတ်ကောင်းရင်ကျောင်းသုံးဖတ်စာအုပ်အဖြစ်တောင်ပြဌာန်းဘို့ကောင်းမယ်ထင်တယ်။ သူ့ရဲ့စာအုပ်တွေအများကြီးထွက်လာစရာအကြောင်းရှိလာပြီလေ…။ သူ့ကိုတွေ့ဆုံ interview လုပ်ကြသူတွေတန်းစီနေပြီဆိုဘဲ။ ဗိုလ်ချုပ်ကတော်များကတောင်စိတ်ဝင်စားကြတယ်ဆိုဘဲ…။

  • MaMa

    December 11, 2010 at 8:10 am

    ပို့စ်ကဒ် တစ်ခုချင်း သေသေချာချာ တွေ့ချင်တယ်။ ဆိုင်ရာမှတ်ချက်လေးတွေပါ တင်ပေးရင်ကောင်းမယ်။ အပြင်မှာ ရောင်းရင်လည်း ရောင်းကောင်းမှာသေချာတယ်။

Leave a Reply