လင်္ကာဝီကျွန်း (၅)

ashinindakaDecember 10, 20101min1397

ကားဆရာဒကာလေးလိုက်ပို့လို့ ၃ နာရီခွဲလောက်မှာ
ဒေါက်တာမဟာသီယာပြတိုက်ကို ရောက်ပါတယ်။
ဒေါက်တာမဟာသီယာဆိုတာ မလေးရှားကို
ကမ္ဘာကိုသိအောင် လုပ်ပေးတဲ့ပုဂ္ဂိုလ်လို့ ပြောရင်မှားမယ်မထင်ဘူး။

ဒေါက်တာမဟာသီယာရဲ့ နာမည် အပြည့်အစုံက
Mahathir bin Mohamad ဖြစ်တယ်။
၁၉၂၅ – ခုနစ် ဇူလိုင် ၁ဝ ရက်မှာ မွေးတယ်။
အခုသက်ရှိထင်ရှားရှိသေးတယ်။
(လောလောယ်ဆယ် ဩစတေးလျနိုင်ငံမှာ ဆေးကုသမှု ခံယူနေပါတယ်။)
သူ့အရင် ဝန်ကြီးချုပ် (၃) ယောက်ရှိခဲ့တယ်။
(1) Tunku Abdul Rahman
(2)  Tun Abdul Razak
(3) Hussein Onn
သူဟာ မလေးရှားနိုင်ငံရဲ့ လေးယောက်မြောက်ဝန်ကြီးချုပ်ဖြစ်တယ်။

၁၉၈၁ – ခုနစ်က ဝန်ကြီးချုပ်စဖြစ်လာပြီး
၂၀၀၃ -ခုနစ်အထိ ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့လို့
အာရှမှာ အကြာဆုံးဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေထဲမှာ
တစ်ယောက်အပါအဝင်ဖြစ်ခဲ့တယ်။

သူ ဒီလို နှစ်ပေါင်း ၂၂ နှစ်ကြာ ဝန်ကြီးချုပ်ရာထူးကို ထမ်းဆောင်တာဟာ
ရာထူးကို မက်မောလို့ မဟုတ်ပါဘူး။
အာဏာကို မက်မောလို့ မဟုတ်ပါဘူး။
ပြည်သူတွေက ခခယယတောင်းပန်ပြီး ဝန်ကြီးချုပ်လုပ်ခိုင်းလို့
ဝန်ကြီးချုပ်ရာထူးနဲ့ နိုင်ငံတာဝန်ကို ထမ်းဆောင်ခဲ့ရတာပါ။
၂၀၀၃ – ခုနစ် သူရာထူက နှုတ်ထွက်တော့လဲ
ပြည်သူအများစုက ဝိုင်းဝန်းတောင်းပန်ပြီး တားကြပါသေးတယ်။
တော်တဲ့ဝန်ကြီးချုပ်ဆိုတော့လဲ ဆင်းသွားမှာတောင် ကြောက်နေရတယ်။
နိုင်ငံကို အလုပ်အကျွေးပြုလုပ်ချင်သေးပေမဲ့ ဇရာက ခွင့်မပြုတော့လို့
အနားယူပါရစေတော့လို့ သူက  ပြည်သူတွေကို ခခယယ ပြန်တောင်းပန်ပြီး
ဝန်ကြီးချုပ်ရာထူးက နှုတ်ထွက်အနားယူသွားပါတယ်။
(မသေမချင်း ဝန်ကြီးချုပ်လုပ်ဖို့ အခွင့်အရေးရပေမဲ့ သူ မယူပါဘူး)
ဒို့လူတွေနဲ့တော့ အတော်ကွာပါတယ်။
ကွာခြားပုံနဲ့ ဆက်စပ်လို့ စလေဦးပုည ကဗျာကို သတိရမိတယ်။

စလေဦးပုညဆိုတာ ရေသည်ပြဇာတ်၊ ဒေါနဆီမေတ္တာစာ စတာတွေ ရေးခဲ့တဲ့သူ။
စာအရေးအသားကောင်းလွန်းလို့
စလေဦးပုညကို မင်းတုန်းမင်းကြီးက အတော် အလေးပေး မြှောက်စားတယ်။
တစ်နှစ်ကို ထောက်ပံ့ငွေ ခြောက်ရာလဲ ရသေးတယ်။
ဒါပေမဲ့ ကံအားလျှော်စွာ စလေဦးပုညရဲ့ လက်တစ်ဖက်က သေး(သိမ်) နေတယ်တဲ့။

ဒီအားနည်းချက်ကို အခွင့်ကောင်းယူကာ
ပြိုင်ဘက်ဖြစ်တဲ့ မနာလိုဝန်တိုစိတ်ဖြစ်ပြီး အစာမကြေဖြစ်နေတဲ့
အချုပ်တမ်း ဆရာဖေဆိုတဲ့သူက
ကဗျာစီ မောင်ပုညကိုတော့
ဆောင်ဂုဏ်ပြ ထုတ်လျှင်
တောင်ချုံက ပုတ်သင်လို
ကုတ်ကုတ်သင်လက်သေး။
မင်းမြှောက်လို့ သင်းလောက်ကျော်သည်
ထွင်းဖောက်နော် ဉာဏ်မျိုးနှင့်ဝေး လို့
ကဗျာရေးစပ် သရော်ပါလေရော။

ဦးပုညကို ဒီလို လုပ်တော့ ဘယ်ခံမလဲ။
ဦးပုည တစ်ပုညပဲ ရှိတယ်၊ ဘာမှတ်တုန်းဆိုပြီး
အချုပ်တမ်းဆရာဖေကို ကဗျာနဲ့  ပြန်ပက်တယ်။

ဂျပ်ကောင်လို ပန်းကြားက
သန်းစကားဆိုခါ
ရမ်းကားလို့ တုလာလျှင်
ဥပမာဆိုစို့။
ချေးပုံနှင့် မြင်းမိုရ်တောင်
ခင်းဆိုယောင် နှိုင်းလိုက်ပါဗျို့။
သေးကွက်နှင့် ပင်လယ်
နင်တကယ်ထင်လို့
သဘင်ဝယ် ယှဉ်မတို့လေနှင့်
သခင်တို့ဦးချီ။
အိုးမှုတ်လို အနေစားတွေက
ရွှေဖလား မနှိုင်းသင့်ပါပြီ။
ဥတုနှင့် ပုစွန်ဆီ
ဒွန်ပြီပြီ ယှဉ်တွဲလို့
စပ်ဖဲ အတွင်းခံ။
ရိုင်းလိုက်တဲ့ ဉာဏ်။
မိုးကြိုးနဲ့ အီးသံလို
ခရီးမှန် ကွာလှမ်းလို့လေး တဲ့။
ကွာပါတယ်နော်။ တခြားစီပါ။

ဒေါက်တာမဟာသီယာ ဝန်ကြီးချုပ်မဖြစ်ခင်တုန်းက မလေးရှားလူမျိုးတွေ
သားစိမ်းငါးစိမ်း စားရတဲ့ဘဝမှာပဲ ရှိသေးတယ်။
သူဝန်ကြီးချုပ်ဖြစ်လာတော့ မလေးရှားနိုင်ငံ ပြောင်းလဲလာလိုက်တာ။
နေ့ချင်း ညချင်းပဲ။

သူ့ကြောင့် မလေးရှားနိုင်ငံဟာ အာရှကျားတစ်ကောင်ဖြစ်လာရတယ်။
သူ့ကြောင့် မလေးရှားနိုင်ငံကို ကမ္ဘာက တလေးတစား ဆက်ဆံလာကြတယ်။
ကမ္ဘာက မလေးရှားနိုင်ငံကို တလေးတစားဆက်ဆံလာကြတယ်လို့ဆိုတာထက်
ကမ္ဘာက သူ့ကို တလေးတစားဆက်ဆံလာတယ်လို့ ပြောရင် ပိုမှန်မယ်။
ဒီစကားကို ဒီဒေါက်တာမဟာသီယာပြတိုက်က ထောက်ခံနေတယ်။
ဒီပြတိုက်ထဲမှာ နိုင်ငံအသီးသီးက နိုင်ငံ့ခေါင်းဆောင်ကြီးတွေက
ဒေါက်တာမဟာသီယာနဲ့ သူ့ဇနီးကို ပေးထားတဲ့
လက်ဆောင်ပစ္စည်းတွေကို ခင်းကျင်းပြသထားတာပါ။
နည်းတာမဟုတ်ဘူး။
နိုင်ငံတကာက ပေးထားတဲ့လက်ဆောင်ပစ္စည်းအမျိုးအစားပေါင်း
၉၀၀ဝ ကျော်ရှိတယ်လို့ဆိုတယ်။
တစ်ခါတစ်ခါခင်းကျင်းပြသရင် ၂၀၀ဝ လောက်ပဲ ပြသနိုင်တယ်တဲ့။
မတူကွဲပြားတဲ့ လက်ဆောင်ပစ္စည်းတွေကို အလှည့်နဲ့ ခွဲပြီး ပြသရသတဲ့။
ဒါ့ကြောင့် အဲ့ပြတိုက်ကို အနည်းဆုံး ၄ ကြိမ်လောက်ရောက်ဖူးမှသာ ဒေါက်တာမဟာသီယာတို့ဇနီးမောင်နှံကို ပေးထားတဲ့
လက်ဆောင်ပစ္စည်းတွေ အကုန်လုံးမြင်တွေ့နိုင်ကြောင်း သိရပါတယ်။
မြန်မာပြည်က ပေးထားတဲ့ ကျောက်မှုန့်လေးတွေနဲ့လုပ်ထားတဲ့
ဒေါက်တာမဟာသီယာတို့ ဇနီးမောင်နှံပုံတူလေးကိုလဲ မှတ်မှတ်ရရ တွေ့ခဲ့ရတယ်။

ဒီပြတိုက် တည်ဆောက်ထားပုံ အတော်ခန်းနားပါတယ်။ ၂ ထပ်တိုက်။
အကန့် သုံးကန့် ကန့်ထားပါတယ်။
Block (A), Block (B), Block (C) ဆိုပြီး Block သုံးခုပေါ့။

Block (A) မှာ
ဒေါက်တာမဟာသီယာကို လက်ဆောင်ပေးထားတဲ့
သစ်သားရုပ်တု၊ ယွန်းထည်ပစ္စည်း၊ ဖန်သား (မှန်သား) တွေနဲ့ လုပ်ထားတဲ့ အရုပ်မျိုးစုံအပြင်
ရတနာပစ္စည်းများ။ ဂီတအနုပညာပစ္စည်းများကို တွေ့ရတယ်။
သူရရှိခဲ့တဲ့ဘွဲ့လက်မှတ်၊ ဂုဏ်ပြုလက်မှတ်တို့ကိုလဲ တစ်နေရာမှာ
သီးသန့် စနစ်တကျ ပြသထားတာကိုလဲ သတိပြုမိခဲ့တယ်။
ဒေါက်တာမဟာသီယာက မွတ်စလင်ဆိုတော့ အစ္စလာမ်ဘာသာနဲ့ သက်ဆိုင်တဲ့ လက်ဆောင်ပစ္စည်းတွေကိုလည်း ဒီ Block A မှာ တွေ့ရပါတယ်။

Block B မှာ
ဒေါက်တာမဟာသီယာရဲ့ ဇနီး Dr. Siti Hasmah လက်ခံရရှိထားတဲ့
အဝတ်အထည်တွေအပြင် ငွေထည်၊ ကြေးထည့်ပစ္စည်းအမြောက်အများကို တွေ့ရပါတယ်။

Block C မှာတော့
သူ့ကို လက်ဆောင်ပေးထားတဲ့ ပန်းချီးကားချပ်တွေ၊ ရတနာပစ္စည်းတွေကို တွေ့ရမှာဖြစ်ပြီး
သူအငယ်တုန်းက အသုံးပြုခဲ့တဲ့ မော်တော်ဆိုင်ကယ်၊ ကားအမျိုးမျိုးအပြင်
ပါကစ္စတန်နိုင်ငံက လက်ဆောင်ပေးထားတဲ့
အနုပညာဆန်တဲ့ (လန်ချားလို) လှည်းကိုလဲ တွေ့ခဲ့ရပါတယ်။

ခြုံပြီးကြည့်လိုက်ရင် ဒေါက်တာ မဟာသီယာကြီးဟာ
သူရရှိခဲ့တဲ့လက်ဆောင်ပစ္စည်းတွေကို
သူမြတ်နိုးတွယ်တာမယ်ဆိုတာ ယုံမှားသံသယရှိဖွယ် မလိုပါဘူး။

ဒီလို သူမြတ်နိုးတဲ့ပစ္စည်းတွေကို
သူကိုယ်တိုင် တမြတ်တနိုး တရိုတသေထိမ်းသိမ်းထားပြီး
သူသက်ရှိထင်ရှားရှိစဉ်မှာပဲ
ပြတိုက်ဆောက်ပြီး ခင်းကျင်းပြသတာဟာ
အဓိပ္ပါယ်အများကြီးရှိမှာပါ။

နောင်မျိုးဆက်သစ်တွေ အတုယူ အားကျအောင်၊
မျိုးချစ်စိတ်ရှိအောင် ပြသတာလဲ ဖြစ်မှာပေါ့။

နိုင်ငံက ထွက်ရှိတဲ့ သယံဇာတ အရင်းအမြစ်တွေကို
နိုင်ငံအတွက်သာ အသုံးပြုရမယ်၊ ကိုယ်ကျိုးအတွက် အသုံးပြုလို့ကတော့
ဒီလိုလက်ဆောင်ပစ္စည်း လုံးဝ (လုံးဝ) မရနိုင်ဘူးလို့ ပြောချင်တာလား။

ငါ့နိုင်ငံသည် ငါ့အတွက် မဖြစ်စေပဲ
ငါသည် ငါ့နိုင်ငံအတွက်ဖြစ်စေရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့လုပ်မှသာ
ဒီလို လက်ဆောင်ပစ္စည်းတွေ ရနိုင်တယ်လို့ ပြောချင်တာလား။

သူသက်ရှိထင်ရှားရှိစဉ်မှာပဲ
ပြတိုက်ဆောက်ပြီး သူ့လက်ဆောင်ပစ္စည်းတွေကို ခင်းကျင်းပြသတာဟာ
ဒီထက်မကတဲ့ အဓိပ္ပါယ်တွေ ရှိအုံးမှာပါ။

http://www.dhammagarden.com/

7 comments

  • weiwei

    December 10, 2010 at 10:00 am

    သုတ ရသ အပြင် အတွေးအခေါ်ပါ အစုံပါလို့ ဖတ်ရတာ အလွန်ကောင်းပါတယ်ဘုရား …
    နောက်လဲ ရေးပါအုန်း …

  • koyinmaung

    December 10, 2010 at 3:05 pm

    နှိုင်းယှင်ရေးပြသွားတာလေးတွေအရမ်းကောင်းပါတယ် ရှက်ရကောင်းမှန်းမသိတော့လဲအခက်သားလါး….

    • ashinindaka

      December 11, 2010 at 12:06 am

      ရှက်တတ်တဲ့နေ့ဟာ ငတ်တဲ့နေ့ဖြစ်မှာမို့နေမှာပေါ့ဗျာ

  • bigcat

    December 11, 2010 at 5:58 am

    မဟာသီယာ အာဏာမမက်ဘူးဆိုတာတော့ မယုံလို့ ပုံပြင်မှတ်ပါတယ် ဦးပဇ္ဇင်း။ သူ့မွေးစားသား လိုလဲဖြစ်၊ ဒုဝန်ကြီးချုပ်လည်းဖြစ်တဲ့ အန်နဝါအီဗရာဟင်ကို လုပ်ကြံပြီး လိင်တူဆက်ဆံတယ်၊ လာဘ်စားတယ်ဆိုတဲ့ စွဲချက်တွေနဲ့ ရာထူးဖြုတ် ထောင်ချလို့ ကမာ္ဘမှာ ပွက်လောရိုက်ခဲ့တာ ဦးပဇ္ဇင်း ပညာရှိသတိဖြစ်ခဲ ဖြစ်သွားပုံရပါတယ်။ အခုလည်း အန်ဝါအီဗရာဟင်က အတိုက်အခံခေါင်းဆောင် အဖြစ်ရုန်းကန်နေဆဲ၊ အသစ်စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရဆဲပါ။ သူ့လက်ထက်မှာ မလေးရှားတိုင်းပြည် ကြီးပွားတိုးတက်လာတယ်ဆိုတာတော့ လက်ခံပါတယ်၊ ဒါကြောင့်လည်း အာဏာရှင်တပိုင်း အုပ်ချုပ်ရေးနဲ့ နိုင်ငံကိုငြိမ်ငြိမ်ဝပ်ဝပ် နှစ်ပေါင်းနှစ်ဆယ်ကျော် ချုပ်ကိုင်ထား နိုင်ခဲ့တာပေါ့။ ဒါပေမဲ့ ပြည်သူလူထုက တောင်းပန်လို့ အာဏာကို ယူထားရပါတယ် ဆိုတာတော့ ပြည်သူလူထုကို ဘယ်လိုအခြေအနေအောက်မှာ မေးခဲ့တာလည်း ဆိုတာနဲ့ပဲဆိုင်ပါတယ်။

    • ashinindaka

      December 11, 2010 at 6:05 am

      အာဏာမက်သင့်သလောက် မက်ပါတယ်။ ဒီဝန်ကြီးချုပ်ရာထူးကို ပထမအကြိမ် နှုတ်ထွက်ဖို့ ကြိုးစားတုန်းက ပြည်သူတွေက တောင်းပန်ပြီး ဆက်လုပ်ရတယ်။ နောက်ဆုံး ၂၀၀၃ ခုနစ်ကတော့ တကယ့်ကို မလုပ်ချင်တော့လို့ဆင်းသွားတာပါ။ အဏ္ဏဝါကိစ္စတွေကတော့ အာဏာ ပါဝါတွေအပြင် အခြား နိုင်ငံ့အတွက် နိုင်ငံရေး၊ နိုင်ငံ့အတွက် စီးပွါးရေးနဲ့ နိုင်ငံ့အတွက် လူမှုရေးတွေပါ ပါဝင်ပတ်သက်နေမယ်လို့ထင်မိပါတယ်။ ကျေးဇူး။

Leave a Reply