Tibet ခရီးစဉ် (၁)

weiweiDecember 10, 20101min818
ရထားအထဲမှ ခရီးသည်များ

2005 ခုနှစ်တုန်းက အိန္ဒိယ ဗုဒ္ဓဂါယာကို မိဘနှစ်ပါး၏ ကျေးဇူးဖြင့် ဘုရားဖူးသွားခဲ့ဖူးပါတယ်။ အဲဒီတုန်းက ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး အသွင်မတူတဲ့ ကိုးကွယ်ဆည်းကပ်မှုတွေကို တွေ့ခဲ့ရပါတယ်။ အဲဒီထဲမှာ တိဗက်ဘုန်းတော်ကြီးတွေရဲ့ ဘုရားရှိခိုးပုံနဲ့ တိဗက်ဘုန်းကြီးကျောင်းတွေကို အထူး စိတ်ဝင်စားမိပါတယ်။ တိဗက်ကို ကိုယ်တိုင်သွားပြီး ကြည့်ချင်လိုက်တာလို့ ဆန္ဒပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်။

အဲဒီဆန္ဒရဲ့ စေ့ဆော်မှုကြောင့် တရုတ်ပြည်မှာ ကျောင်းသွားတက်စဉ် နွေရာသီကျောင်းပိတ်ရက် (2008 ဇူလိုင်လ) မှာ ကျွန်မတို့ သူငယ်ချင်း (၃) ယောက် တိဗက်ကို သွားလည်ဖို့ စီစဉ်ကြပါတယ်။ ခရီးကလဲဝေး ကုန်ကျစရိတ်ကလဲများမှာဆိုတော့ အသက်သာဆုံးနဲ့ အဆင်အပြေဆုံးဖြစ်အောင် အမျိုးမျိုးနည်းလမ်းတွေနဲ့ ကြံစည်ကြရပါတယ်။ လေယာဉ်နဲ့သွားရင် လေယာဉ်ခက ဈေးကြီးတယ်။ ရထားနဲ့သွားပြန်ရင်လဲ ပေကျင်းကနေ (၄၈) နာရီ စီးရမှာ .. နောက်ဆုံးတော့ ရထားနဲ့သွားပြီး လေယာဉ်နဲ့ ပြန်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ရထားလက်မှတ်ကို ပေကျင်းက သူငယ်ချင်းတစ်ယောက်ကို ကြိုပြီး ဝယ်ခိုင်းထားပါတယ်။ ရထားမှာ ထိုင်ခုံအထူးတန်း၊ ထိုင်ခုံရိုးရိုးတန်း၊ အိပ်စင်အထူးတန်းနဲ့ အိပ်စင်ရိုးရိုးတန်းဆိုပြီး (၄) မျိုးရှိတဲ့အထဲက ကျွန်မတို့က အိပ်စင် ရိုးရိုးတန်းလက်မှတ်ကိုဝယ်လိုက်ပါတယ်။ တစ်ယောက်ကို ၈၅ဝ ရွမ် ပေးရပါတယ်။ ကျွန်မတို့ (၃) ယောက်က (၃) နေရာနေကြတာဆိုတော့ ပေကျင်းမှာ စုရပ်လုပ်ပြီး သွားကြဖို့ စီစဉ်လိုက်ပါတယ်။ ပေကျင်းကိုသွားဖို့ ကျွန်မနေတဲ့နေရာကနေ ရထားတစ်ည စီးရပါသေးတယ်။

စစချင်းဆောက်နဲ့ထွင်းဆိုသလိုပါပဲ။ ပေကျင်းမှာ ဘူတာတွေအများကြီးရှိတာကို သတိမထားမိပဲ ကျွန်မတို့ ဘူတာမှားပြီး သွားမိပါသေးတယ်။ ရောက်သွားမှ မှားမှန်းသိပြီး နောက်ထပ်ဘူတာကို တက်စီနဲ့အမြန်သွားလိုက်ရတာ ကံကောင်းလို့ အချိန်မှီတယ်ဆိုရုံလေးရောက်သွားပါတယ်။ ဘုရား တရားတပြီး အထုတ်အပိုးတွေနဲ့ အသဲအသန် ပြေးခဲ့ရသေးတယ်။ အဲဒီတုန်းက ပေကျင်းအိုလံပစ်ကျင်းပခါနီးအချိန်ဆိုတော့ တက်စီတွေက ဘူတာနဲ့အဝေးကြီးမှာပဲ ရပ်ခွင့်ရှိတဲ့အချိန်ပေါ့။ ဇောနဲ့အသဲအသန်ပြေးခဲ့ရပြီး ရထားပေါ်ရောက်မှ အသက်ရှုနိုင်ခဲ့တာကလဲ ဒီခရီးမှာ အဓိက အမှတ်တရဖြစ်ခဲ့ပါတယ်။ ပြန်စဉ်းစားကြည့်လိုက်တော့ သဲထိတ်ရင်ဖို ဇာတ်ကားတစ်ကား ရိုက်ခဲ့ရသလိုပါပဲ။

ရထားက ပေကျင်းအနောက်ဘူတာကနေ ည ၈ နာရီခွဲမှာ စထွက်ပါတယ်။ ရထားက မှန်အလုံ အဲယားကွန်းအပြည့်နဲ့ အိပ်ခန်းလိုမျိုးတစ်ခုမှာ ၃ ထပ် ကုတင် ၂ ခု နဲ့ ၆ ယောက်အိပ်လို့ရပါတယ်။ ကုတင် ၂ ခုကြားမှာ ပြူတင်းပေါက်တစ်ခုနဲ့ ခြေရင်းဘက်အခြမ်းမှာလဲ ပြူတင်းပေါက်ပါပါတယ်။ ၄၈ နာရီဆိုတော့ စားစရာအလုံအလောက်ထည့်သွားရပါတယ်။ ခေါက်ဆွဲခြောက်ဗူး၊ သောက်ရေဗူး၊ အသီးအနှံ၊ မုန့်နဲ့ ကော်ဖီ ယူသွားပါတယ်။ ရထားပေါ်မှာ ရေနွေးအပူ အချိန်ပြည့်ယူလို့ရပါတယ်။ ကျွန်မတို့ခရီးက ဧဝရတ်တောင်ခြေအထိရောက်မှာဆိုတော့ အဝတ်အစားတွေကို ဆောင်းတွင်းဝတ်တွေပါယူရလို့ ခရီးဆောင်အိပ်ကြီးကြီးနဲ့ ထည့်သွားရပါတယ်။

ပေကျင်းအနောက်ဘူတာကနေ ညဘက် စထွက်တာဆိုတော့ အိပ်လိုက်သွားပါတယ်။ ကျွန်မတို့က အလယ်အိပ်စင် (၂) ခုနဲ့ အောက်ထပ်အိပ်စင် (၁) ခုကို ဝယ်ထားခဲ့တာပါ။ ဈေးနှုန်းအနဲငယ်ကွာလို့ပါ။ အောက်ဆုံးအိပ်စင်က ဈေးနဲနဲပိုကြီးလို့ တစ်ခုပဲ ဝယ်လိုက်တယ်။ အရင်ညကလဲ တစ်ညရထားစီးပြီး ပေကျင်းကို လာထားတာဆိုတော့ ပင်ပန်းနေတာနဲ့ အိပ်လို့ကောင်းပါတယ်။ မနက်အာရုံတက်တာနဲ့ လှပတဲ့ရှုခင်းတွေကို စတင်မြင်လိုက်ရပါတယ်။ ပေကျင်းကနေ စထွက်ပြီး မြို့ကြီးတွေမှာ ရပ်ပါတယ်။ ခရီးသည်တွေ အတက်အဆင်းရှိတယ်။ ကျွန်မကတော့ တရုတ်စာလုံးတွေကို သိပ်မမှတ်နိုင်လို့ လမ်းမှာဖြတ်သွားခဲ့ရတဲ့ မြို့တွေကို မမှတ်မိတော့ပါဘူး။ ရထားပေါ်ကနေ မြင်ရတဲ့ရှုခင်းတွေကို ငေးကြည့်ရင်း သိပ်လှတယ်လို့ထင်တာတွေကို ဓါတ်ပုံရိုက်ခဲ့ပါတယ်။ ရထားပေါ်ကဆိုတော့ ဓါတ်ပုံရိုက်ရတာ သိပ်တော့ အဆင်မပြေဘူးပေါ့။

မနက်စာကို ကော်ဖီနဲ့မုန့်နဲ့စားတယ်။ နေ့လည်စာကိုတော့ ခေါက်ဆွဲဗူးရေနွေးဖျောစားလိုက်တယ်။ ထမင်းဝယ်စားရင် ဈေးကြီးလို့။ အပျင်းပြေ နေကြာစေ့စားလိုက် ပါလာတဲ့ အသီးအနှံတွေစားလိုက် ပတ်ဝန်းကျင်ကလူတွေကို အကဲခတ်လိုက် ထင်ရာမြင်ရာတွေကို ဗမာလိုပြောလိုက်နဲ့ စိတ်လွတ်လက်လွတ်ပါပဲ။ ညနေကျတော့လဲ ခေါက်ဆွဲပဲ ထပ်စားပြီး မှောင်လာတော့ စကားတွေပဲပြောရင်း အိပ်လိုက်ကြပါတယ်။ ရေချိုးလို့မရတာကလွဲလို့ ကျန်တာအားလုံး သန့်သန့်ပြန့်ပြန့်နဲ့ အဆင်ပြေပါတယ်။

နောက်တစ်နေ့ မိုးလင်းချိန်မှာတော့ ထူးခြားလာပါတယ်။ ရထားက ပင်လယ်ရေမျက်ပြင်အထက် မီတာ ၃၀၀ဝ ဆီကို တဖြည်းဖြည်းဦးတည်နေပါပြီ။ ပထမနေ့ ပေကျင်းကထွက်လာတုန်းက နွေရာသီ (၃၅ ဒီဂရီစင်တီဂရိတ်) လောက်အထိ ပူတဲ့နေရာကနေ ရထားစစီးခဲ့တာပါ။ တစ်ရက်ပဲ ရထားစီးရသေးတယ် ဆောင်းရာသီကို ချက်ခြင်းရောက်သွားပါတော့တယ်။ အနွေးထည်တွေထုတ်ဝတ်ရတယ်။ ရထားကလဲ အဲယားကွန်းအအေးပေးထားရာကနေ အပူကို ပြောင်းပေးပါတယ်။ ရထားဘေးပတ်ဝန်းကျင်မှာ ဖွေးဖွေးဖြူနေတဲ့ နှင်းတွေကို တအံ့တဩတွေ့လိုက်ရတယ်။ တောင်တန်းတွေကလဲ သစ်ပင်ကြီးတွေမရှိတော့ပဲ ပုံစံတွေအမျိုးမျိုးနဲ့ တစ်သက်မှာ ပထမဆုံးမြင်ဖူးတဲ့ရှုခင်းမို့လို့ ကြည့်လို့ မဝနိုင်အောင်ပါပဲ။

ကျွန်မအရှေ့တည့်တည့်က ကုတင်မှာလဲ ခရီးသည်အသစ်တစ်ယောက်ရောက်လာပါတယ်။ အဲဒီခရီးသည်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးအလုပ်လုပ်တဲ့ ဖရော်ဖက်ဆာ ဒေါက်တာတစ်ယောက်ဖြစ်ပါတယ်။ သူက တိဗက်ဒေသက သဘာဝ ပါတ်ဝန်းကျင် အခြေအနေတွေကို ကွင်းဆင်းလေ့လာချင်လို့ ရထားစီးတာလို့ပြောပါတယ်။ လမ်းတောက်လျှောက်မှာလဲ မြေဆီလွှာထိမ်းသိမ်းထားတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်ထားတာတွေ့ခဲ့ရပါတယ်။ ကျွန်မတို့နဲ့ တစ်နေကုန် အဖွဲ့ကျပြီး သူ့အတွေ့အကြုံတွေကို ပြောပြပါတယ်။

နေ့လည်ထမင်းစားချိန်ရောက်တော့ ကျွန်မတို့ ခေါက်ဆွဲကို မစားချင်တော့ပါဘူး။ ထမင်းစားချင်စိတ်ပေါက်လာပါပြီ။ ခေါင်းလဲ နဲနဲမူးလာပြီ။ အဲဒါနဲ့ ထမင်းရောင်းတဲ့ရထားတွဲကိုသွားပြီး ထမင်းသွားစားပါတယ်။ ရိုးရိုး ခပ်ပေါပေါ ထမင်းဟင်းကို စားတာတောင်မှ တစ်ယောက်ကို ၂၅ ရွမ်ကျလို့ နှမြောရပါသေးတယ်။ ခေါက်ဆွဲဗူးက တစ်ဗူးမှ ၃ ရွမ်ပဲ ပေးရတာလေ။ ဒါပေမယ့် ထမင်းစားမှ ရင်အေးမှာမို့ ထမင်းတစ်နပ်တော့ စားလိုက်ကြပါတယ်။ မိုးအုံ့လာပြီး မိုးဖွဲဖွဲရွာလာတာတဲ့ ရှုခင်းကိုလဲ ကြုံခဲ့ရသေးတယ်။ နွေ မိုး ဆောင်း ၃ ရာသီလုံးကို ၂ ရက်အတွင်းမှာ ကြုံခဲ့ရတယ်။ အံ့ဩစရာကောင်းတဲ့ရှုခင်းတွေကြည့်ရင်း ဓါတ်ပုံရိုက်ရင်း ပရော်ဖက်ဆာနဲ့ စကားလက်ဆုံးကျရင်းနဲ့ပဲ အဲဒီနေ့ည ၈ နာရီမှာ လားဆားမြို့ ဘူတာကို ရထားဆိုက်သွားပါတယ်။

ကျွန်မတို့က ခရီးသွား ကုမ္ပဏီတစ်ခုနဲ့ဆက်ထားတာဆိုတော့ ကျွန်မတို့ကို ခရီးသွားလမ်းညွှန်ကောင်မလေးတစ်ယောက်က ကားနဲ့လာကြိုပြီး တည်းခိုရမယ့် ဟိုတယ်ကို ပို့ပေးပါတယ်။ အဲဒီနေ့ညကတော့ ပတ်ဝန်းကျင်အပြောင်းအလဲဒါဏ်ကြောင့် တော်တော်မူးသွားပါတယ်။ နေထွက်ချိန် နေဝင်ချိန်ကလဲ ပေကျင်းစံတော်ချိန်နဲ့လွဲနေတာကြောင့် အလေ့အကျင့်မရသလိုလဲဖြစ်နေပါတယ်။

နောက်အပိုင်းတွေကျမှ လျှောက်လည်တဲ့ အကြောင်းတွေ ဆက်လက်ဖော်ပြပါအုန်းမယ် …

လမ်းမှ ဘူတာတစ်ခု

** ရထားပေါ်မှ ရိုက်ခဲ့သော ဓါတ်ပုံများကတော့ လျှပ်တစ်ပြက်ရိုက်ချက်များ (၁) (၂) (၃) မှာ ပြန်လည်ကြည့်နိုင်ပါတယ် **

8 comments

  • weiwei

    December 10, 2010 at 3:37 pm

    ခရီးသွားစတိုင် ဆောင်းပါးဖြစ်အောင် အသေးစိတ်ပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ် … နောက်အပိုင်းတွေမှာလဲ အသေးစိတ် ပြည့်ပြည့်စုံစုံ ရေးပါအုန်းမယ် …

  • unclegyi1974

    December 10, 2010 at 4:32 pm

    မဝေ ရေ လမ်းဘူတာဆိုပေမဲ့အတော်သပ်ရပ်တယ်နော်
    သန့်ရှင်းရေးလဲအတော်ကောင်းပုံရတယ်ပြောင်
    လက်နေတာဘဲ မြို့ဘူတာလားတောဘူတာ
    လားမြန်မာပြည်နဲ့ဆိုဘယ်မြို့လောက်ဖြစ်နို်င်မလဲ
    ဒီတသက်ရောက်ဖို့မရှိဆိုတော့တင်ပေးတဲ့ပုံ
    တွေဘဲစောင့်ကြည့်တော့မယ်

  • weiwei

    December 10, 2010 at 4:43 pm

    တောဘူတာပေါ့ အန်ကယ်ကြီးရာ … ဗမာပြည်အနေနဲ့ဆို ကြားဘူတာ သာစည်ဘူတာလို အဆင့်မျိုးပေါ့ … ရထားထဲကပုံတွေပြချင်ပေမယ့် လူပါနေလို့ … နောက်ခရီးသွားရင်တော့ လူမပါတဲ့ပုံ များများရိုက်ခဲ့မယ် …

  • ဆူး

    December 10, 2010 at 4:46 pm

    အတွေ့အကြုံ ရေးတော့ ဗဟုသုတရတာပေါ့.. ကောင်းတယ်.. နောက်များလည်း ထပ်ရေးပါအုန်း စောင့်ဖတ်နေမယ်။

  • ဆူး

    December 10, 2010 at 4:48 pm

    ရေပူ အချိန်မရွေးရတယ်ဆိုတော့.. ဓါတ်ဘူးလိုမျိုးမှာ.. ဆန်အမှုန့်ကြိတ်ပြီးသား ထည့်ယူသွားပြီး ရေနွေးစိမ်လို့ ပွလာရင် ထမင်း မဖြစ်ပေမဲ့.. ဆန်ပြုတ်လိုတော့ ဖြစ်မလားဘဲနော်.. အဲဒါနဲ့ ငါးပိချက် နဲ့ စားရင် ရင်အေးနိုင်မယ် ထင်တယ်။ တွေးကြည့်မိတာ..

  • maungmoenyo

    December 11, 2010 at 2:12 am

    မဝေဝေရဲ့ခရီးသွားဆောင်းပါးတွေစင်တင်လောက်ပါပေတယ်။ စုဆောင်းပြီးစာအုပ်ထုတ်ပါလား။ တခါဖတ်ပြီးနောက်တခါပြန်ဖတ်ချင်ရင်ရှာရတဲ့အလုပ်ကလက်ဝင်သားကလား။ ဒါမှမဟုတ်online blog လုပ်ရင်လဲအားရင်အားသလိုသွားဖတ်နိုင်မယ်မဟုတ်လား။

  • kai

    December 11, 2010 at 9:34 am

    နယူးယောက်က.. မြေအောက်ဘူတာရုံတခုကို…အခြေအနေမဲ့တယောက်နဲ့တွဲပြီး ဓါတ်ပုံတင်ပေးကြစေလိုပါတယ်…။ ညမအိပ်တဲ့မြို ့ကြီးရဲ့ လွတ်လပ်မှုတွေကို ခံစားလို့ရသွားအောင်ပါ..။
    နယူးယောက်က … ရွာသားများ…ဒေါင်ဒေါင်ဒေါင်…။

Leave a Reply