ရင်မှဖြစ်သော်လည်း ရင်၌မရှိသောရတနာ

“ဟေ့ကောင် သူတောင်းစား မြန်မြန်လာစမ်း ဒီကို“ ထိုအသံကိုကြားလိုက်ရကတည်းက ဘေးအိမ်က ပုကွတို့ စခန်းထတော့မည်မှန်းသိလိုက်၏။ မကြာမှီမှာပင် ညနေခင်း သောင်းကျန်းသံကိုကြားရတော့မည်။ ကျနော်တို့လည်း စိတ်ကို အတော်လေးညစ်နေပါပြီ။ ကိုယ်ပဲအိမ်ပြောင်းပြေးရမလား။ ပုကွတို့ပဲ အိမ်ပြောင်းခိုင်းရမလား.။ ပုကွတို့ကိုတော့ ပြောင်းခိုင်းလို့ရမည်မဟုတ်။ ပြောင်းချင်းပြောင်းလျှင် ကျနော်တို့သာပြောင်းရမည်။ ပုကွတို့ကတော့ နေရာကတောင် တစ်နေရာရွေ့မည်မဟုတ်မှန်း ကျနော်ကောင်းကောင်းသိသည်။ဘေးအိမ်က ပုကွတို့မိသားစုကိုကြည့်လျှင် ကျနော် အလွန်စိတ်ညစ်ရ၏။ ဘာကြောင့်လဲဆိုတာကိုပြောပြပါမည်။

ပုကွတို့အိမ်က အတော်လေးကိုရပ်ကွက်ထဲမှာ နာမည်ဆိုးဆိုးထွက်တဲ့အိမ်ပါ။ ဘာကြောင့်လဲဆိုရင် ခိုးဆိုးလုရပ်နေသည့်သားသမီးလည်းမရှိပါပဲ နာမည်ဆိုးထွက်ရသလဲဆိုတော့ ပုကွတို့ လင်မယား၏ သားသမီးတွေအပေါ်ကို ဆက်ဆံပြောဆိုတာတွေကြောင့်ဟုပြော၍ရသည်။ ကြည့်ဦးလေ။ ပုကွတို့ သားသမီးတွေကိုပြောလိုက်ဆိုလိုက်ပုံများတော့ ခါးအောက်ပိုင်းဆဲရေးသံတွေ မနက်မိုးလင်းကနေ ညမိုးစုန်းစုန်းချုပ်သည်အထိပင်။ လင်ကပြောဆိုသည်ထားဦး။ မယားက တားပင်မတားမြှောက်ထိုးပင့်ကော်သူ။ လင်က ဘာပဲပြောလိုက်ပြောလိုက် ပုကွမယားကတော့ ခေါင်းကိုငြိမ့်ပြီး အလိုက်သင့်လုပ်ပေးရုံပ ဟု ကောင်းကောင်းတွေးထားသလားမသိ။ ညနေစောင်းရင်တော့ ပုကွက သူအရက်သောက်ဖို့အရေး တာဆူတော့၏။

“ဟေ့ကောင် မောင်သန်း အရက်သွားဝယ်“ မောင်သန်းပ မျက်စိပေကလပ်ပေကလပ်နှင့် အဖေလုပ်သူကိုကြည့်၏`။

“ဟ သွားလေး ငါ…….ကလေးသွား“ မောင်သန်းက ငိုမဲ့မဲ့နှင့်“ အဖေကလည်းပိုက်ဆံမှမပေးပဲနဲ့ ဘာနဲ့သွားမေးရမှာလဲ“ ပုကွတို့ လှုပ်လှုပ်ရွရွဖြစ်လာသည်။ `

“ဘာကွ ပိုက်ဆံဟုတ်လား ငါတို့လင်မယားနှစ်ယောက် နလန်မထူနိုင်တာ မင်းတို့တွေထွက်လာလို့ကွ မင်းတို့ကို ကျွေးမွေးလာတာ ငယ်ကတည်းက ပိုက်ဆံကလည်းကုန်လိုက်တာ တောက်တောက်လဲ ခုထိ မင်းတို့က ငါတို့အပေါ်မသိတတ်သေးဘူး သွားကွာ မင်းဟာမင်းရအောင်ဝယ်လာ မရရင် ပြန်မလာနဲ့ ထမင်းလဲ ဒီည ကျွေးမယ်မမှတ်နဲ့ ကြားလား“ မောင်သန်းလေးခမျာ ဘာမှမပြောနိုင်ရှာ မျက်ရည်တွေသာ သွင်သွင်စီးကျလာတော့သည်။

“ ဟေ့မိဌေး မိဌေး “

ပုကွမယားကတော့ စောင့်ကြီးအောင့်ကြီး သူတို့ သမီး အကြီးမကိုခေါ်နေပြီ။ ဘာတွေပူညံဦးမလဲ ကျနော် နားစွင့်မိသည်။

“ မိဌေး“

“ရှင်“

“ရှင်မလုပ်နဲ့ ဒီနားအရင်လာ“

“လာပြီ အမေ“

“ဒီစားပွဲပေါ်က ဝက်သားခွက် ဘယ်သူနှိုက်စားသွားလဲ ညည်းသိလား“

“ မသိ အမေ“

“ဘာ“ ပုကွမယားအသံက မိုးချိန်းသံထက်တောင်ကျယ်လောင်သလားအောက်မေ့ရသည်။

“ ညည်းမသိလို့ဖြစ်မလား ညည်းက အိမ်မှာအကြီး အစစ အရာအရာ ညည်းသိရမယ် ပြော အဲဒါ ညည်းအဖေ စားဖို့ချက်ထားတာ ခုတော့ တစ်တုံးလျှော့နေပြီ ဘယ်လိုလုပ်မလဲ ညည်းအဖေပြန်လာရင် သုံးတုံးမပြည့်ရင် ငါ့ ပါးကို ချမှာဟဲ့ “

“ အမေကလည်း သမီးမှ မသိတာ ဘယ်တတ်နိုင်မလဲ အဖေ့ကိုပြောလိုက်ပေါ့ အငယ်ဆုံးကောင် ချမ်းငြိမ်းကိုကျွေးလိုက်တယ်လို့“ မိဌေးက ပြီးပြီးရောပြောလိုက်သည်။

“ရပါလိမ့်မယ် အားကြီးကြီး ငါတောင်မစားရဲတာကို ဘယ်သေနာကောင်ကစားတာလဲ“

“အမေကို သမီးပြောချင်တာကြာလှပြီ အိမ်မှာဟင်းကောင်းချက်ရင် တစ်ခါမှ သမီးတို့ မောင်မနှမတစ်တွေစားရတယ်ကိုမရှိဘူး အဖေ့ပဲအကုန်ကျွေးတယ် သမီးတို့ကျတော့ ငပိရည်ကျို ချဉ်ပေါင်ရွက်ကြော်တောင် နှပ်မှန်တာမဟုတ်ဘူး လူလဲ ငပိရည်ဆော်နံနေပြီ အမေ“ ပုကွမယားဘာမှပြန်မပြောနိုင်။

“ကဲ ဟယ် ညည်းကများ တပြန်စီးပြောနေရသေး ငါမွေးလို့ လူဖြစ်လာတဲ့ဟာတွေ ငါကျွေးတာစားမစားနိုင်ရင် အိမ်ကထွက်သွားကြ ဘယ်နှယ့်တော် လင်ကုန်မယားနှစ်ယောက်တည်းရှိတာကမှ ထမင်းလက်ဆုံနှပ်မှန်အောင်စားရသေးတယ် ခုတော့ လင်တောင် အနိုင်နိုင်ကောင်းကောင်းကျွေးနေရတာ စား မစားနိုင်ရင် သွားကြအေ  ဟဲ့ ဒီည ညည်းအဖေ့အတွက် ဝက်သားဟင်းကို ညည်းဟာညည်းရှာဝယ် မရရင် ပြန်မလာနဲ့ ညည်း ဟာညည်း ဘယ်နေနေ“ ကျနော်ကြားနေရတာတွေက စိတ်ညစ်စရာတွေ။ ခဏနေတော့ မိဌေး အိမ်ရှေ့ကနေ ဆင်းသွားတာကိုတွေးသည်။ မိဌေးဘယ်များသွားမှာပါလိမ့်။ ဒီနှစ်ကျောင်းဖွင့်ရင် ကျောင်းမနေရတော့ဘူးဟု မိဌေးတို့မောင်နှမတွေပြောနေတာကို ကျနော် တစ်နေ့ကကြားလိုက်ရသေးသည်။

ကျနော်ကမနေနိုင်စွာဖြင့် မေးကြည့်မိသည်။

“သမီးတို့က ကျောင်းမနေနိုင်ရအောင် ညည်းအဖေ ပုကွ မထားတော့ဘူးလား“

“ ဟင့်အင်း ဦးမထားတော့ဘူးတဲ့ ပိုက်ဆံကုန်တယ်တဲ့ စာအုပ်ဖိုး ဘောပန်ဖိုးက အဖေ့အရက်ဖိုးမကလို့တဲ့ ပြောသေးတယ် ကျောင်းနေချင်ရင် ကိုယ့်ဟာကိုယ်ပိုက်ဆံရှာတက်ကြတဲ့ “

“ ဟင် သမီးတို့က  ဘယ်လို ပိုက်ဆံရှာမလဲ“

“ သမီးလဲ အလုပ်ရှာနေပါတယ် ခုတော့ရပ်ကွက်ထဲမှာ အဝတ်လျှော်မလားလို့ မောင်လေးမောင်သန်းက ဝပ်ရှော့မှာပညာသင်မယ်တဲ့ ဦးလေးသန်းဝင်းက သူ့ဝပ်ရှော့မှာ လာနေတဲ့ ပညာသင်ပေးမယ်ပြောလို့ မောင်သန်းက သွားချင်နေတယ်ဦး“

“ ဪ ဒါလဲကောင်းတာပဲ သွားရမှာပေါ့ ဟို မျိုးဇော်တို့ လွင်လွင်တို့ကရော “

“ သူတို့ကတော့ ကုန်စုံဆိုင်မှာ သွင်းပေးမယ်လို့ သူတို့ ဆရာမကပြောတော့ အလုပ်ရပြီ သမီးသာ အကြီးဖြစ်ပြီ း အချိန်မစီးတာ ဦးရဲ့ သမီးတို့ ဘာကြောင့်များ အဖေတို့အိမ်မှာ လူလာဖြစ်ရတာလဲဦး“

“`ဟေ“

“ သမီးတို့မောင်နှမတွေ ကံမကောင်းပါဘူးဦး ဟင်းကောင်းကောင်း မစားရ ဒီကြားထဲ ဆူလိုက် ဆဲလိုက် ရိုက်လိုက် ပုတ်လိုက်နဲ့ သမီးတို့ခေါင်းတွေလည်း အမေ့လက်ခေါက်နဲ့ ထူပူနေပြီ ကျောင်းလည်း ကောင်းကောင်းမတတ်ရဘူး ပိုက်ဆံကုန်တယ် ဘာညာနဲ့ အဖေက သူ့အရက်ဖိုးလောက်ပဲသိတာ အမေကလည်း ဘာထူးလဲ သူ့ယောကျာ်းပဲ သထာတာ သမီးတို့က သူတို့ သားသမီးတွေမဟုတ်တဲ့အတိုင်းပဲ  သမီးတို့ သူတို့ သားမီးအရင်းတွေမှ ဟုတ်ရဲ့လား ဦး“ ဪ မိဌေးရဲ့ စိတ်ထဲ ဘယ်လိုအတွေးတွေ ဘယ်လိုအမြင်တွေကများနေရာယူနေပြီလဲ။ ကျနော်လည်း ဖြေရမည်လား မဖြေရဘူးလား။ ဝေခွဲမရ။

“ သမီးတို့ ပုကွတို့ သားသမီးအရင်းတွေပါကွယ် ဦးက သိတာပေါ့ အိမ်ဘေးမှာ သမီးတို့ အဖေတို့နေတာပဲ ကြာကြာလှပေါ့ကွယ် သမီး တစ်ခြားဟာတွေလျှောက်မတွေးနဲ့ သမီးငရဲကြီးလိမ့်မယ် မိဘကို အမြင်မစောင်းပါနဲ့ကွယ်“

“ သမီးတွးကြည့်မိတာကိုပြောတာပါဦး သမီးကတော့ ကိုယ့်မိဘပဲဆိုတာကို သိပေမယ့် အငယ်လေးတွေက သမီးတွေးတာထက်ဆိုးတယ်ဦးရယ်“ မိဌေး မျက်ရည်တွေ ကျလာပြီ။ ကျနော်ဘယ်လိုပြောရမည်လဲ။

နောက်ပိုင်း ဒီထက်ပိုဆိုးလာသည်ကို နေ့စဉ်နှင့်အမျှ ကြားနေ သိနေ မြင်နေရသည်။ မောင်သန်းကတော့ ပျော်နေမလားမသိ။  မျိုးဇော်နှင့်လွင်လွင်လေးကလည်း ကုန်စုံဆိုင်မှာ အလုပ်ဝင်ကတည်း နောက်ပိုင်း ကုန်စုံဆိုင်ပိုင်ရှင်က ခေါ်နေလို့ ပြောင်းနေကြသည်။ မိဌေးမှာသာ အငယ်လေးနှစ်ယောက်ကိုငဲ့ကွက်ရင်း အိမ်မှာ ကပ်ကျန်နေရစ်သည်။ အငယ်လေ.နှစ်ယောက်ကလည်း ဘာဖြစ်ဖြစ် အစ်မကြီးပဲ တ ကြ၏။ နေ့တိုင်း ပုကွက ဆူလည်း မိဌေး ပုကွမယားက ခေါင်းခေါက်လည်း မိဌေး။ အဆိုးဆုံးက သမီးအပျိုအရွယ်ကို ပုကွက မိုက်ကန်းစွာ အရက်ဝယ်ခိုင်းခြင်းပင်။ မိဌေးက မဝယ်ချင် ဝယ်ချင်နှင့် သွားနေရသည်ကို ကျနော်ဘေးကနေကြည့်နေရုံပဲရှိခဲ့သည်။

တစ်နေ့က  မိဌေး အရက်ဆိုင်က ငိုပြန်လာ၏ ။

ကျနော်လည်းစိုးရိမ်ပန်စွာ“ ဘာဖြစ်လာတာလဲ သမီး“

ကျနော်မေးမှ မိဌေး ရှိုက်ကြီးတငင် ငိုပါလေတော့သည်။

“ သမီးအရက်မဝယ်ချင်ပါဘူးဆို အဖေက ဝယ်ခိုင်းတယ် အရက်ဆိုင်မှာ ဟိုဘက်ရပ်ကွက်က ကောင်တွေက သမီးကို ထိကပါးရိကပါးလာလာလုပ်တာကို အဖေက မသိဘူး အဲဒါသမီးပြောပြတော့ အဖေက အသားပဲ့ပါတာမဟုတ်ဘူးတဲ့ ညည်းက ခိုင်းလိုက်ရင် ဘယ်တော့မှ ကောင်းကောင်းမသွားဘူးတဲ့ ခု သမီးကို ဟိုကောင်တွေကလက်ကို်င်တယ် ဖက်နမ်းတယ် ဦး ဟီးဟီး..“ ဪ မိဌေးရယ်။

ဦး ဘာပြောရမည်လဲ။ ပုကွတို့ကိုပြောကြည့်တော့ ဘာဖြစ်လဲကွာ ကိုယ့်သားသမီးကိုခိုင်းတာ။ မင်းအပူပါလို့လားကွဟု ခုနှစ်အိမ်ကြားရှစ်အိမ်ကြားပြောတာနှင့်ပင် ကျနော်လည်း မဟာအရှက်တော် အကွဲမခံနိုင်စွာဖြင် ့ရေငုံနှုတ်ပိတ်နေလိုက်ပါတော့သည်။ ကျနော်ရင်မှ မဖြစ်တော့လည်း ရင့်နှင့်ရင်းပြီး မိဌေးလေးကို ကြည့်ရှူ စောင်မရမည်။ မည်သို့ပင်ဖြစ်စေ မိဌေးလေးကိုတော့ ကိုယ့်သမီးအရင်းလေးလို ကျနော် စောက်ရှောက်တော့မည်ဟု စိတ်ဆုံးဖြတ်ချက်ချလိုက်မိပါသည်။

10 comments

  • ဆူး

    December 13, 2010 at 1:52 pm

    သမီးအရင်းလို စောင့်ရှောက် ဆိုတော့ စောင့်ရှောက်ဖြစ်လားဟင်.. အရက်ဖိုး လိုတိုင်း လာတောင်း မလားဘဲ.. သူများ အရှုပ်ထုတ် ကိုယ့်မှာ တိုင်ပတ်လို့.. ဗျာများမှာလည်း တမှောက်ဆိုတော့.. တွေးမိတာနဲ့ တင်မလွယ်ဘူး။ စရိုက်ဆိုတော့ ခက်တယ်.. ကလေးတွေ ကံမကောင်းလို့ဘဲ ပြောရမှာဘဲ

  • weiwei

    December 13, 2010 at 2:33 pm

    စာရေးတာ ဖတ်လို့တော်တော်ကောင်းတယ် … မျက်စိထဲမြင်အောင် ရေးနိုင်တယ် … နောင်လဲ အားပေးပါ့မယ် …

  • nwelinoo

    December 13, 2010 at 3:34 pm

    ဒီလို မိဘတွေဆီ သားသမီးဖြစ်မှာ တကယ်ကြောက်စရာပဲ။ ကိုယ်ကမှန်သော်လည်း မိဘမို့လို့ ဘယ်နည်းနဲ့မှ မတုံ့ပြန်ကောင်း။ ဪဆိုးလိုက်လေခြင်း….။

  • etone

    December 14, 2010 at 3:49 am

    သားသမီး မကောင်းမိဘ ခေါင်းဆိုတဲ့စကားပုံမျိုးရှိခဲ့ပေမဲ့ အဲ့ဒီလို မိဘမျိုးအတွက် ဘယ်လို ခေါင်းစဉ်တတ်ရမလဲနော် ..။ ကိုယ်တိုင်မွေးထားတာမှဟုတ်ရဲ့လားလို့တောင် တွေးမိတယ် …။ မိဌေးကို စောင့်ရှောက်ချင်တဲ့ဦးလေးရေ ….. အဆင်ပြေမ ဲ့အလုပ်တစ်ခ ုရှာပေးလိုက်ရင်ဖြစ်ဖြစ် ၊ လုံလောက်တဲ့ အရင်းနှီးလေးတစ်ခု ထုတ်ပေးလိုက်တာက ပိုကောင်းတယ် ။ ကူညီရာလည်းရောက်ပါတယ် … ။ မဟုတ်ရင် ဦးလေးတောင် အချောင် ဆဲခံရတဲ့အထဲပါနေဦးမယ် …။

  • နွယ်ပင်

    December 14, 2010 at 4:36 am

    စာအရေးအသားကလဲ ကောင်းသလို ဇာတ်လမ်းကလဲ ကောင်းပါတယ် . အဲလိုမိဘမျိုးတွေကျတော့ ဘယ်လိုပြောရမလဲ သူတို့မှာ လူလာဖြစ်တဲ့ ကလေးတွေရဲ့ ကံပေါ့ ..

  • Thaw Zin Loikaw

    December 14, 2010 at 11:43 am

    ဒီဇာတ်လမ်းလေးက ကျနော်တို့နယ်က ကျနော့်အိမ်နီးနားချင်းမိသားစုရဲ့ တကယ့်ဖြစ်ရပ်လေးပါ ဇာတ်လမ်းထဲမှာ ဆက်မရေးဖြစ်တဲ့
    အကြောင်းကတော့ သူတို့ ဇနီးမောင်နှံနှစ်ယောက်လုံးဟာ နယ်စပ်ကိုထွက်သွားတာ ခုချိန်ထိပြန်မလာတော့ဘူးဆိုတာပါပဲ။ အိမ်ရောင်းပြီထွက်သွားလိုက်တာ ကြာလှပါပြီ။ မိဌေးတို့မောင်နှမတွေကတော့ အိမ်ဌားနေနေကြပါတယ်။ဇာတ်လမ်းထဲက မိဌေးလေးကလည်း အစ်မကြီးပီသစွာဖြင့် သူ့ရဲ့ မောင်နှမတွေအားလုံးနဲ့ ခုချိန်ထိ သူတို့ အမေအဖေပြန်လာမယ့်ရက်ကို စောင့်မျှော်နေတဲ့အကြောင်း အသိပေးလိုက်ပါရစေ ဇာတ်လမ်းထဲက ဦးဆိုတာကျနော်မဟုတ်ပါပဲ တစ်ခြားသူတစ်ဦးဖြစ်ကြောင်းပါခင်ဗျာ..။

  • tell U later

    December 15, 2010 at 6:33 pm

    လူတွေမှာ ကူညီချင်တာတောင် မကူညီနိုင်တဲ့အခြေအနေရှိတတ်ကြသလို ကူညီနိုင်တဲ့ အခြေအနေရှိရက်နဲ့လဲ မကူညီတတ်ကြပါဘူး
    ကူညီလိုက်တဲ့ ဦးကို လေးစားဂုဏ်ယူပါတယ် ကိုယ့်စေတနာက ကိုယ့်ကိုပြန်အကျိုးပေးမှာပါ

  • kai

    December 15, 2010 at 7:52 pm

    လူမှုရေးဥပဒေသအရဆိုရင်တော့ … မိဘနဲ့သားသမီးကြား .. ကြားလူမဝင်တာကောင်းပါတယ်..။ အရွယ်မရောက်သေးတဲ မိန်းကလေးငယ်ပါရင်.. ပိုတောင်သေချာသေးတယ်..။ ကြားလူဝင်ရင်..ကြားလူအထင်လွဲခံရဖို့ များပါတယ်..။

    ဖွံ ့ဖြိုးပြီးနိုင်ငံတွေကတော့ ဒါမျိုးကိစ္စ ဆိုရှယ်ဆားဗစ်ဆိုတဲ့.. လူမှုဖူလုံရေးရုံးက ..ရဲကတဆင့်ဝင်ပါလာမှာပဲ..။ ဘာလုပ်လဲဆိုတော့ … မိဘတွေကိုကျောင်းတက်ခိုင်းပြီး ကလေးထိမ်းနည်း..ဆုံးမနည်းသင်တယ်..။ ဒါတောင်မရရင်.. အစိုးရက ..ကလေးတွေ အစိုးရပိုင်သိမ်းသွားတာပဲ..။
    ခရစ်ယန်နိုင်ငံတွေကတော့ … ချပ်ချ်က ဝင်ပါနိုင်ပါလိမ့်မယ်..။
    မြန်မာပြည်မှာ.. ဒီလိုကိစ္စမျိုးကို ..ဒီလိုခေတ်ကာလမှာ….အာဏာပိုင်တွေကသာကိုင်တွယ်သင့်တယ်ထင်ပါတယ်ခင်ဗျား…။
    ဘယ်လိုလုပ်ရမလဲဆိုတော့.. အဲဒီနယ်ကတက်သွားပြိး လွတ်တော်အမတ်အဖြစ်အရွေးခံရတဲ့ ..အမတ်ကို..ဘေးအိမ်၁ဝအိမ်..ပေါင်းပြီးတိုင်စာပို ့ပါ..။ မိတ္တူကို ..မီဒီယာတခုခုကိုပေးပါ..။
    အဲဒါမျိုးလုပ်ကြပါ…

  • အာဖျံ ကွီး

    December 16, 2010 at 5:59 am

    ဖတ်ရတာ တော်တော်စိတ်မကောင်းဖြစ်မိတရ် ………… 🙁

    ကိုယ်တွေ မိုက်ပုံများ …. ဒီလောက်အလိုလိုက်တဲ့ မိဘအပေါ်မှာ …. ဆိုးရတာနဲ. … နွဲ.ရတာနဲ. …. စိတ်ပူအောင်လုပ်ရတာနဲ. ….

    (မနေ.ညကတောင် အာဖျံကွီး အိမ်ပြန်နောက်ကျတော့ အမေမှာ မျက်လုံးအဝိုင်းသားလေးနဲ. သစ်ကုလားအုပ်လည်ပင်း ဖြစ်နေပီ။ ်စိုးရိမ်စိတ်ကလေးနဲ. … ဘာလို.နောက်ကျရတာလဲသမီးရယ် … လို.မေးတော့ … ဘယ်ကိုမှမသွားဘူး … အမေစိတ်ပူအောင်လို. အပြင်မှာ ***တမင်တကာ*** internet သုံးနေခဲ့တာ … အမေကတော့အခုမှစိတ်ချတဲ့ပုံနဲ. …. နောက်ဆိုရင် ဖုန်းကြိုဆက်ထားပါသမီးရယ် … အမေစိုးရိမ်လွန်းလို. ရင်တွေတောင်တုန်နေတရ်တဲ့ ……..)
    အဲလို … အဲလို … အာဖျံကွီး ဆိုးပုံပြောပါတရ် ……………

    ဒီပို.စ်ထဲက သားသမီးတွေဆိုရင် မေတ္တာငတ်နေကြရှာတရ် …
    ကိုယ့်မှာသာ အလကား အခမဲ့ ဘုံးပေါလအော ရတဲ့ မေတ္တာတွေကို …. 🙁
    အမေရယ် …. နောက်ဆိုရင် စိတ်ပူအောင် မလုပ်တော့ပါဘူး။ 🙁

    • bigcat

      December 17, 2010 at 12:21 am

      ကွီးကွီး မိန်းခေးဆိုတာကို ဓါတ်ပုံမြင်ရမှ ကိုကြောင်ကြီး ယုံမယ်ကွယ်။

Leave a Reply