” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းတစ်)

” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”

တစ်ရက်ကျနော်သူငယ်ချင်း ကိုထွေးရဲ့သား မောင်သက်ထွေး နဲ့ လက်ဖက်ရည်ဆိုင်မှာတွေ့ကြပါတယ်။
ဒီတော့ မာကြောင်းသာကြောင်းတွေ မေးပြီးစကားတွေဆက်ပြောဖြစ်ကြပါတယ်။
ထုံးစံအတိုင်း ကျောင်းပြီးပြီလား အခုဘာတွေလုပ်နေလဲ တို့ မေးလိုက်တော့ မောင်သက်ထွေးက
အဝေးသင်ဖြေရင်းအလုပ်ရှာနေတယ်လို့ဖြေရင်း ကျနော့်ကို မေးခွန်းတစ်ခုမေးရင်း သူ့ရင်ထဲက ခံစားချက်တွေကို
တောက်လျှောက်ကြီးပြောပါတော့တယ်။
” လေးပေါက်တို့ငယ်ငယ်တုန်းက အလုပ်တစ်ခုရဘို့ လွယ်သလား ?
သားတို့ခေတ်မှာတော့ အလုပ်တစ်ခုရဘို့ဆိုတာ သိပ်မလွယ်တာမဟုတ်ဘူး တော်တော်လေးကိုမလွယ်တာရယ်၊
အလုပ်တစ်ခုရဘို့အတွက် လျှောက်တော့မယ်ဆိုရင် လျှောက်လွှာဝယ်ရတယ်ဆိုတော့ စပိုက်ဆံကုန်ပြီ။
ပြီးတော့လိုင်စင်ဓါတ်ပုံနှစ်ပုံ၊လိုအပ်တဲ့စာရွက်စာတမ်းမိတ္တူကူးခ၊အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာ (ဒါကလဲအလကားရတာမဟုတ်ဘူးစာရွက်စာတမ်းကြေးလောက်တော့ ပေးရပါတယ်)။
အလုပ်ရမရတော့ မသိသေးဘူး အရင်ဆုံးထောင်ဂဏန်းလောက်ကတော့ ခုန်ထွက်သွားရော ။
ကိုယ်လျှောက်တဲ့အလုပ်က ကိုယ့်ကို မရွေးလို့ ဒါတွေပြန်ပေးရင်တော်သေး တစ်ချို့ကပြန်မပေးတော့ တစ်ခါလျှောက်ရင် တစ်ခါကုန်ပါဘဲ။
အင်တာဗျူး ဝင်ရပြီဆိုရင် ဘုရားလောင်း လောက်ကို အတတ်ပညာတွေစုံမှ အနေတော်ရယ်
မေးလိုက်တဲ့မေးခွန်းက နိုင်ငံတကာဗဟုသုတ ပြည်တွင်းဗဟုသုတ လုပ်ငန်းအတွေ့အကြုံစုံနေအောင်ဝိုင်းမေးကြတာ။
ကွန်ပြူတာ သုံးစရာ မလိုပေမယ့်လဲ မေးလိုက်ပါပြီ ကွန်ပြူတာ တတ်လား အင်တာနက်သုံးတတ်လား
စာရင်းအင်းနားလည်လား ဈေးရောင်းဘူးလား တရုတ်စကားတတ်လား ဘာညာကွိကွတွေ စုံနေအောင်မေးတော့တာပါဘဲ။
မဖြေနိုင်ရင်တော့ နားကားပြီပေါ့။
အဲတော့ လေးပေါက်ရာ ကျနော်တို့လူငယ်လေးတွေကလဲ အလုပ်မရသေးခင်စပ်ကြား အလကားနေမယ့်အတူတူ
အတတ်ပညာတစ်ခု တိုးတော့လည်းနည်းလားဆိုပြီး ပိုက်ဆံအကုန်ခံလို့သင်တန်းတွေတစ်ခုပြီး တစ်ခု တက်ကြရတာပေါ့လေးပေါက်ရာ”
နောက်တော့ သူနဲ့သာစကားတွေဆက်ပြောပြီး လက်ဖက်ရည်ဆိုင်က ထပြန်လာပေမယ့် သူမေးတဲ့မေးခွန်းကို ပြန်မဖြေနိုင်ခဲ့တာတော့ အမှန်ပါဘဲ။

နောက်အားတဲ့အခါမှ သူပြောတာလေးကိုပြန်တွေးမိတဲ့အခါမှာ
ကိုအောင်မောင်းနဲ့တွေ့တုံးက ပြောသွားတာလေးပါ ဆက်ပြီး သတိရလာပါတယ်။
” သူရဲ့အသိမိတ်ဆွေတွေနဲ့တွေ့ရင် သူတို့လေးတွေရဲ့သားသမီးများအတွက် အလုပ်ရှိရင်အကြောင်းကြားဘို့ ။
ဒါမှမဟုတ်ရင်လဲ အလုပ်သင်ဖြစ်ဖြစ် ခေါ်ထားလို့ရရင်လဲ ခေါ်ထားပေးဘို့ အကူအညီတောင်းတဲ့လူက ပိုပိုလို့များလာတယ်”လို့ ပြောသွားတာလေးကိုပါ။

ပြန်တွေးကြည့်တော့လဲဟုတ်ပါတယ်။
ခုခေတ်မှာ ဖွင့်ပေးလိုက်တဲ့ ဈေးကွက်စီးပွားရေးအရ ကုမ္ပဏီတွေ ပုဂ္ဂလိကလုပ်ငန်းတွေတိုးလာတာမှန်ပေမယ့်
လက်တွေမှာတော့ တိုးလာတဲ့လူဦးရေနဲ့လိုအပ်တဲ့အလုပ်အကိုင်နေရာ လူဦးရေပေါက်ဖွားနှုန်းက များနေပါသေးတယ်။
အဲတော့ ကျနော်တို့ ငယ်ငယ်ကရော အလုပ်တစ်ခုရဘို့ ခက်ခဲသလားဆိုတဲ့ မေးခွန်းလေးခေါင်းထဲ ထည့်ပြီး နောက်ကြောင်းပြန်လို့ စဉ်းစားမိပါတယ်။