သာကူ ချိုချိုလေး နဲ့ အချိုတည်းရအောင်

ဆူးDecember 14, 20101min1659

ထမင်းစားပြီး အချိုတည်းတတ်သူများ.. နေ့လည်း နေ့ခင်း အပျင်းပြေ အဆာပြေ စားတတ်သူများ အတွက် အရသာ ရှိရှိ သုံးဆောင်နိုင်အောင် တင်ပေးလိုက်ပါတယ်။

သာကူ ၁ဝသား ထန်ညှက် ၁ဝသား နှုန်းနဲ့ ချက်ရမှာပါ။
သာကူ ချက်မဲ့ အိုးထဲကို ရေနွေး အရင်တည်ပါ။ ရေနွေး ပွက်ပွက် ဆူသော အခါ ထန်ညှက် ထည့်တည်ပါ။ ထို့နောက် သာကူစေ့တွေ ထည့်ပြီး မီးအရှိန်လျော့ပြီး တည်ပေးပါ။ တချက်တချက် မွှေပေးလိုက်ပါ။ အိုးမကပ်တတ်ရင်တော့ အကြောင်း မဟုတ်ပေမဲ့.. ရွာကလူတွေကတော့ အိုးကပ်မှာ ကြောက်ရတယ်။ သာကူစေ့တွေ မျက်စိ မပျောက် တပျောက်ခင်မှာ မီးပိတ်ထားလိုက်ပါ။ အပူရှိန်နဲ့ အိုးထဲမှာ တင် သာကူများ ပွသွားပြီး ပြစ်သွားတတ်ပါတယ်။ စားခါနီးမှာတော့ အုန်းသီး ညှစ်ထားတဲ့ အရေကို ထည့်ပြီး သုံးဆောင် နိုင်သလို သွေးတိုးတတ်တဲ့ လူကြီး များ အတွက်ကတော့ ကျန်းမာရေးနဲ့ ညီညွတ်စွာ နို့ ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။ နွားနို့ မဆင်မပြေလည်း နို့စိမ်း ထည့်စားနိုင်ပါတယ်။ သို့သော် အုန်းနို့ထည့်မှ.. အုန်းသီး နံ မွေးမွေးနဲ့ လျှာပေါ် အရသာ ပိုပြီး လေးလေး ပင်ပင် ရှိတယ်လို့ ခံစားရပါတယ်။
ပုံထဲမှာ ပါတဲ့ အလုံးလေးများကတော့ မုန့်ကြာစေ့ ပါ။ တချို့ကတော့ ကန်ဇွန်းဥ တွေ ထည့်ပါတယ်။ ကန်ဇွန်းဥ ထည့်မယ် ဆိုရင်တော့ ကန်ဇွန်းဥကို ထန်ညက် အနည်းငယ် ထည့်ပြီး ပြုတ်သင့်ပါတယ်။ (ကန်ဇွန်းဥများ ပျော်ပြဲ မသွားအောင်ပါ) ပြီးနောက်တွင် အခွံခွာ အတုံးကလေးများ တုံးပြီး သာကူ အိုးထဲ ထည့်ပြီး အပူပေးလိုက်ရင်ဖြစ်ပါပြီ။
မုန့်ကြာစေ့ပါ ထည့်စားမယ် ဆိုရင်တော့.. ကောက်ညှင်းမှုန့်ကို ဝယ်ပြီး ရေနဲ့ နယ်လိုက်ပါ။ ထို့နောက်တွင် ရေနွေးပွက်ပွက် ဆူထဲသို့ ကောက်ညှင်းမှုန့် နယ်ပြီးသား ကို အလုံးလေးများ လုပ်ပြီး ရေနွေးထဲသို့ ထည့်ပါ။ ကျက်သော အလုံးလေးများ ရေပေါ်ပေါ်လာပါလိမ့်မယ် ရေအေး ထဲသို့ ဆယ်ထည့်ထားပါ။ ရေထဲ မထည့်ထားပါက အလုံးကလေးများ စည်းလုံးညီညွတ်မှု ရသွားနိုင်လို့ပါ။
ဆူးကတော့ ကောက်ညှင်းမှုန့် နယ်တဲ့ အထဲကို သကြားရေ ထည့်နယ်ပါတယ်။ အရသာ ချိုမြမြ ဖြစ်အောင်ပါ။ ထို မုန့်ကြာစေ့ကလေးများကို နွားနို့နှင့်လည်း အရသာ ရှိစွာ စားသုံးနိုင်ပါသည်။
အမေရိကန် မနက်စာ လိုပေါ့.. အကြွတ်ကြော် မုန့်ဖတ်ကလေးတွေနဲ့ နွားနို့ စိမ်သောက် နေရတယ် ဆိုရင် အချိန်အနည်းငယ် ပေးပြီး မုန့်ကြာစေ့ လုပ်ပြီး နွားနို့ နဲ့ စိမ်းသောက်ကြည့်ပါ စားကောင်းပါ၏။
အရသာကတော့ နို့စိမ့်စိမ့်ကလေးမှာ ချိုမြမြ အိအိလေး တလုံးချင်းစီကို တချက်စီ ဝါးလိုက်ပြီး မနက်စာ ဇိမ်ခံ စားမိပါက အလုပ်ချိန် မေ့သွားလို့ အလုပ် နောက်ကျ သွားနိုင်တဲ့ အထိ အရသာ တွေ့ပါလိမ့်မယ်။

9 comments

  • doekalay

    December 14, 2010 at 2:52 pm

    ဆူးရေမုန် ့ပဲရောင်းမလား။ဟင်းပဲရောင်းမလားတော ့မသိဘူး။စာပဲရေးစမ်းပါဗျာ။

  • weiwei

    December 14, 2010 at 3:02 pm

    သာကူကျိုနည်း ကောင်းကောင်းသိပါ၏ .. သာကူဆနွင်းမကင်းလုပ်နည်း သိချင်ပါသည် …

  • ဆူး

    December 14, 2010 at 3:12 pm

    သာကူ ဆနွင်းမကင်းကတော့ မကပ်တဲ့ ထမင်းအိုးနဲ့ သာ ထည့်ချက်လိုက်.. သာကူတွေ အိုးထဲမှာ အတုံးလိုက်ကလေး ဖြစ်သွားရင် ခပ်ပြီး အုန်းဆီချက်နဲ့ စားပေးတော့.. အလွယ်ကူဆုံးဘဲ

  • bigcat

    December 15, 2010 at 2:00 am

    ဘိန်းမုန့်လုပ်နည်းလည်း ပြောပါအုံး။

  • ဆူး

    December 15, 2010 at 5:20 am

    ဘိန်းမုန့် မလုပ်တတ်ဘူး။ ဟင်းထဲကို ဘိန်းထဲချက်ရင်တော့ စားကောင်းတယ် ကြားဘူးတယ်

    • kai

      December 28, 2010 at 8:43 am

      ဘိန်းမုန့်ထဲက ဘိန်းစေ့က … ဘိန်းဖြုထွက်တဲ့..ဘိန်းပင်က ..ဘိန်းစေ့နဲ့မတူတာ… ဘိန်းဆူး သိမယ်လို့ထင်ပါတယ်.။ ( ဘိန်းလျှာလိပ်သွားပြီ)
      ဟင်းထဲ ဘိန်းထည့်ချက်တာတော့ သိပ်မသိဘူး..။ ဆေးခြောက်ထည့်ချက်ရင်တော့ .. ကောင်းတယ်..။

    • ဆူး

      December 28, 2010 at 1:10 pm

      ဘိန်းဖြူနဲ့ မုန့်လုပ်တဲ့ ဘိန်းစေ့ မတူတာ သိသားဘဲ တမင် နောက်ပြောင်ပြောတာ.. သဂျီးက ဒါလေးတောင် ဓါတ်မပေါက်ဘူး။

  • char too lan

    December 15, 2010 at 8:26 am

    သာကူကြိုက်တယ်အမ လုံးဝမလုပ်တတ်ဘူး ခုလုပ်ထားတာစားကောင်းမယ့်ပုံပဲ ကျေးဇူးတင်တယ်ဆြာဆူး

  • ဆူး

    December 27, 2010 at 1:42 pm

    နှစ်သစ် တခု ကူးပြောင်းတော့မယ်။
    သာသာယာယာ ကူးပြောင်းအောင် သာကူ စားကြလို့ ၂၀၁ဝ ပြည့်နှစ် ကူးတဲ့ အချိန်မှာ စားခိုင်းတယ်။ သာကူ အိမ် ရ အိမ် ဝေခိုင်းတယ်။ ဒါမျိုးတွေ ရှိခဲ့ဘူးတယ်။ ဘာရယ်တော့ မဟုတ်ပေမဲ့။ ၂၀၁၁ ကူးပြောင်းတော့မယ်။ နှစ်သစ်ကို သာသာယာယာ ကူးပြောင်းအောင် သာကူ စားဖို့ သာကူ အလှူ လုပ်ဖို့ သတိပေးလိုက်တယ်။ ယုံချင်ယုံ မယုံချင်နေပေါ့နော်.. မနှစ်က နာမည်ကြီးခဲ့တာပါ။

Leave a Reply