တစ်သက်မမေ့နိုင်ပဲ အကြိုက်တွေ့စေမယ့် ပန်းဂေါ်ဖီသုပ်

နွယ်ပင်December 15, 20101min1268

ပန်းဂေါ်ဖီဆိုရင် အများအားဖြင့်က ကြော်စားကြတာများပါတယ် ။နွယ်ပင်ကတော့ တစ်ခါတစ်လေ အပြောင်းအလဲလေးအနေနဲ့ သုပ်စားလေ့ရှိပါတယ် ။
ပန်းဂေါ်ဖီကို သုပ်စားမယ်ဆိုရင် ပါ0င်တဲ့ ပစ္စည်းတွေက အရွယ်တော် ပန်းဂေါ်ဖီ အပွင့်ကို လေးပုံပုံ တစ်ပုံစာလောက်ပဲ လိုအပ်ပါတယ် ။ ခရမ်းချဉ်သီး (2) လုံး ကြက်သွန်ဥနီ
(2) လုံး အကြော်စုံ အနည်းငယ် (လက်ဖက်ထဲ တည့်စားသော) ၊ ပုစွန်ခြောက်မှုန့် နဲ့ သံပုရာသီး (1) လုံး ။ ငရုတ်သီးစိမ်း အနည်းငယ် ။ ဆီ စိမ်းအနည်းငယ် နှင့် ယိုးဒယားငံပြာရည် အနည်းငယ် လိုအပ်ပါသည် ။

ရေစင်စင်ဆေးထားသော ပန်းဂေါ်ဖီကို ခပ်သေးသေး (သေးနိုင်သမျှသေးအောင်) လှီးပါ ၊ အရိုးတံများမပါပါစေနှင့် ။ ထို့နောက် ခရမ်းချဉ်သီးနှင့် ကြက်သွန်နီဥကို ခပ်ပါးပါးလှီးဖြတ်ပါ ။ အကြော်စုံကို လေးစိတ်ကွဲ (သို့) မညက်တညက်ထောင်းပါ ။ ထို့နောက် ပန်းဂေါ်ဖီ ၊ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ အကြော်စုံ ၊ ပုစွန်ခြောက်မှုန့် တို့နှင့်အတူ ဆီအနည်းငယ်ထည့်ပြီး အားလုံးကိုရောပြီး နယ်ပါ။ ပြီးရင် ငရုတ်သီးစိမ်းကို ခပ်ပါးပါး လှီးဖြတ်ပြီးထည့်ပါ ၊ သုံရာသီးကိုညှစ်ထည့်ပါ ( ဒီအသုပ်တွင် သံပုရာသီးက အဓီကဖြစ်သဖြင့် နည်းသွားလွန်းပါက အစိမ်းစော်နံပြီး များပါက အလွန်ချဉ်ပါသည်။ မနည်းမများ ဖြစ်အောင် ဂရုစိုက်ပါရန်) ။ အချို့မှုန့် နှင့် ငံပြာရည် အနည်းငယ်ထည့်းပြီးသုပ်လိုက်ရင်တော့ တစ်သက်မမေ့နိုင်ပဲ အကြိုက်တွေ့စေမယ့် ပန်းဂေါ်ဖီသုပ်လေး ရပါပြီ ။

8 comments

  • bigcat

    December 15, 2010 at 5:42 am

    ပန်းဂေါ်ဖီထုပ်ကို အရိုးတံမပါအောင်လှီးမှတော့ ဘာကျန်တော့မှာလဲ။ အပြင်ကရံထားတဲ့ အရွက်နဲ့အရိုးတံကိုပြောတာလား၊ အသားနဲ့တွဲထားတဲ့ အရိုးတိုင်ကိုပြောတာလား။ ပန်းဂေါ်ဖီကို ငါးပိကြော်နဲ့တွဲပြီး သုပ်စားဖူးတယ်။ ငတ်နေလို့လားမသိ ကောင်း၏။

    • နွယ်ပင်

      December 15, 2010 at 5:49 am

      ပန်းဂေါ်ဖီမှာ အပြင်ကရံထားတဲ့ အရွက်နဲ့ အရိုးက စားလို့မရဘူးမဟုတ်လား ….. အသားနဲ့တွဲထားတဲ့ အရိုးတိုင်ပါ ဦးကြောင်ကြီးရယ် နည်းနည်းလေးတော့ပါရင် ကောင်းပင်မဲ့ ကြော်စားသလောက် အရိုးတံတွေပါပါရင် ပန်းဂေါ်ဖီက အစိမ်းသုပ်ဆိုတော့ အစိမ်းစော်နံလို့ အပေါ်က ပန်းပွင့်ကြီးပဲ သုပ်စားရင် ပိုကောင်းလို့ပါ ….

  • weiwei

    December 15, 2010 at 5:45 am

    ပန်းဂေါ်ဖီစိုက်တဲ့သူတွေက ပိုးသတ်ဆေးတွေ တော်တော်သုံးရတယ် … ရေဆေးရုံနဲ့ မသန့်စင်နိုင်ပါဘူး .. ဖြစ်နိုင်ရင်တော့ ရေနွေးပူထဲမှာ တစ်ပွက် နှစ်ပွက်ဆူအောင်တည်ပြီးမှ ရေအေးနဲ့ပြန်ဆေးပြီး သုတ်စားသင့်ပါတယ် …

  • ဆူး

    December 15, 2010 at 6:02 am

    ကောင်းမကောင်းတော့ မသိဘူး.. ပန်းကော်ဖီ ကို ရှလကာရည်နဲ့ စိတ်ပြီး ခဏ စိမ်လိုက်ရင် ကြွတ်ကြွတ်ကလေး ဖြစ်သွားတယ်။ အဲဒီ လို စိမ်ပြီးမှ သုတ်ရင် အစိမ်းစော် မနံ နိုင်တော့ဘူး။ အရိုးတံလည်း အသုံးကျတာပေါ့.. အသုတ်ကောင်းပါတယ်။ ဒီအချိန်ကတော့ ပန်းကော်ဖီ လှိုင်လှိုင်ပေါနေပြီလေ။ အသစ် အဆန်း ဖြစ်တာပေါ့။

  • bigcat

    December 15, 2010 at 6:11 am

    ကိုကြောင်ကြီးတို့ဆီမှာ ဈေးတောင်တက်သွားတယ်။ လက်သီးဆုပ် နှစ်ဆုပ်စာလောက် ပန်းဂေါ်ဖီထုပ်ကို သုံးကျပ် ၁၉ပြားတောင် ဖြစ်နေတယ်။ နွယ်ပင်ဆိုတဲ့လူ ပန်းဂေါ်ဖီထုပ်တွေများ ဒိုင်ဖွင့်ရောင်းနေလား မသိဘူး။

  • char too lan

    December 15, 2010 at 8:40 am

    သုပ်ပီးသားပုံလေပါရင်ကောင်းမှာပဲဂျာ ~~
    ငမ်းလို့ရတာပေါ့နော့် !! 🙂

  • paukpauk

    December 15, 2010 at 3:08 pm

    အတတ်ဟောလိုက်မည် နွယ်ပင် ဆိုသော စားဖိုမှူး တရုတ်ပြည်မှ ဖြစ်ရမည်။
    ရန်ကုန် သံပုရာသီးမျိုး တရုတ်ပြည်မှာ မရှိပါ။
    သံပုယို သီးသာ ဖြစ်ပါသည်။
    အခွံထူပြီင်္း အရည်မရွှမ်းပါ။
    တရုတ်ပြည်မှာ ဒါပဲ စားရပါသည်။

  • ဆူး

    December 15, 2010 at 3:23 pm

    ပေါက်ပေါက် တို့ကတော့ ပေါက်ပေါက် ပေါက်ပေါက်နဲ့တောင် ပေါက်သေးတယ် အဲဒီ ပုံတတွေက အင်တာနက်က ရှာထားတဲ့ ပုံတွေ ဖြစ်ဖို့များတယ်။ ကိုယ်ဟာကို ရိုက်မယ် ဆို အဲဒီလောက် မလှဘူး

Leave a Reply