ဖျက်မိုးနဲ့ဖျက်လူ

MZSDecember 15, 20101min97

ဖျက်မိုး

          ယခုအချိန်ကာလ ဒီဇင်ဘာလသည် လပွတ္တာဒေသအတွင်း စိုက်ပျိုးထားသော စပါးများရင့်မှည့်သည့် အချိန်ကာလ ဖြစ်သည်။ ဤဒေသရှိ တောင်သူများအနေဖြင့် နိူဝင်ဘာလကုန်မှ စတင်၍ ဇန်နဝါရီလအထိ အောင် သက်လျင်၊ သက်လတ်၊ သက်ကြီးအစရှိသည့် စပါးများအား သက်တမ်းအလိုက် ရိတ်သိမ်းမှုအား ပြုလုပ်ရပါသည်။ ပုံမှန် ရာသီဥတုအခြေအနေဆိုပါက ယခုကာလသည် မိုးတိမ်ကင်းစင်သောကာလ ဖြစ်ပြီး တောင်သူ လယ်သမားများအတွက် မျှော်လင့်ချက်များနှင့် ပြည့်ဝသောကာလ၊ ငွေရွှင်သောကာလဖြစ်သည်။ လပွတ္တာကဲ့သို့သော မြစ်ဝကျွန်းပေါ်ဒေသရှိ တောင်သူများအတွက်မူ ယခုနှစ် ယခုအချိန်သည် အခြားဒေသ များရှိ တောင်သူများထက် အရေးကြီး၏။ သူတို့အတွက် နာဂစ်မုန်တိုင်းဒါဏ်ရာများ ကျက်စပြုနေအချိန်၊ ပြီးခဲ့သော ဇူလိုင်လကုန်မှ စတင်၍ သုံးပွင့်ဆိုင်ဗဟိုအဖွဲ့(TCG) အစပြုသော ကူညီပံ့ပိုးရေး အဖွဲ့အစည်း တော်တော်များများ ရပ်ဆိုင်းသွားခဲ့သောအချိန်၊ နာဂစ်မုန်တိုင်းလွန်ပြီးနောက်ပိုင်း ပထမဦးဆုံး သေသေချာချာ ပြန်လည်ပြုလုပ်နိူင်ခဲ့သော စပါးစိုက်ပျိုးရေးနှင့် ၎င်းမှရရှိလာမည့် အမြတ်အစွန်းစသည်ဖြင့် မျှော်လင့်ချက်တို့ ပြန်လည်နိူးထစပြုလာသော အချိန်လည်း ဖြစ်သည်။

          သို့သော် ရာသီဥတုက တောင်သူတို့အား မျက်နှာသာမပေးခဲ့ပါ။ ဂီရိမုန်တိုင်း စတင်အားယူချိန်မှ စ၍ မကြာခဏဆိုသလို ရွာသွန်းနေသောမိုးသည် တောင်သူတို့၏ မျှော်လင့်ချက်တစ်စိတ်တစ်ပိုင်းအား ပျောက် ကွယ်စေခဲ့သည်။ အထူးသဖြင့် မိသားစုအင်အားနည်းပါး၍ လုပ်အားမလုံလောက်သော မိသားစုများအနေဖြင့် ပို ၍ ထိခိုက်ရသည်။ စပါးရိတ်သိမ်းသည့် ကာလတွင် မိုးရွာသွန်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် ပတ် သက်၍ လပွတ္တာမြို့နယ်ရှိ တောင်သူတစ်ဦးဖြစ်သူ ဦးစိုးဝင်းမှ`ဒီအချိန်မှာ မိုးရွာတယ်ဆိုတော့ ပေါ်ဆန်း (သက်ကြီး)ပဲစိုက်စိုက်၊ ကောက်ကြီး(သက်လတ်စပါး)ပဲစိုက်စိုက်၊ သက်ငယ်ပဲစိုက်စိုက် အနည်းနဲ့အများတော့ ထိခိုက်မှုရှိတာပဲ။ ဦးလေးက ပေါ်ဆန်းတွေ စိုက်ထားတယ်။ စပါးတွေက မမှည့်သေးဘူး။ ဒါပေမယ့် မိုးများတော့ အပင်တွေ ကျိုးကုန်တယ်။ ဒါကြောင့် အဖျင်းအမှော်တွေ များလိမ့်မယ်။ အပင်တွေကျိုးကုန်တော့ လိုအပ်တဲ့ အာဟာရတွေ အသီးတွေဆီကို မရောက်နိူင်တော့ဘူး။ အနည်းဆုံး တစ်ဧကကို လေးငါးတင်းတော့ အထွက် နည်းမယ်ထင်တယ်။ သက်လတ်နဲ့ သက်ငယ်စိုက်တဲ့လူတွေ ပိုဆိုးမယ်။ သူတို့က ကောက်ရိတ်တုန်း၊ ရိတ်ပြီးကာစဆိုရင် မိုးမစိုအောင် မလုပ်နိူင်ရင် အညှောင့်ထွက်ကုန်မှာပဲ။ အနည်းဆုံး တစ်ဧကကို ဆယ်တင်း လောက်တော့ အထိအခိုက်ရှိမယ်ထင်တာပဲ။´ ဟု ပြောခဲ့သည်။ လပွတ္တာဒေသအတွင်း တစ်ဧက ပျမ်းမျှ စပါးအထွက်နှုန်းမှာ ၅ဝတင်းခန့်သာ ရှိသဖြင့် အခါမဟုတ်မိုးကြောင့် တောင်သူများ၏ ထိခိုက်မှုအား မှန်းဆ ကြည့်နိူင်မည် ထင်သည်။

ဖျက်လူ

          လွန်ခဲ့သော ၆လခန့်က ၂၀၁ဝ ဇွန်လ၌ မိုးစပါးများ စတင်စိုက်ပျိုးမည့် အချိန်တွင် လပွတ္တာဒေသရှိ တောင်သူများအတွက် မျိုးစပါးဝယ်ယူရန် အခက်အခဲများ ပေါ်ပေါက်ခဲ့သည်။ နာဂစ်လွန်ကာလ ၂၀၀၉ခုနှစ် အတွင်း စိုက်ပျိုးခဲ့သည့် စပါးများ၏ အထွက်နှုန်းမှာ မျှော်မှန်းထားသလောက်မရရှိခဲ့ခြင်း၊ အခြား စားဝတ်နေရေး အခက်အခဲပေါင်းများစွာကို ဖြေရှင်းနေရခြင်းကြောင်း တောင်သူလယ်သမား မိသားစုများအတွက် ၂၀၁ဝခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မျိုးစေ့ဝယ်ယူရန် မတတ်နိူင်ပဲ ဖြစ်ခဲ့ရသည်။ ၎င်းအခက်အခဲအား ဖြေရှင်းနိူင်ရန် ဌာန ဆိုင်ရာများနှင့် အလှူရှင်အဖွဲ့အစည်းများ တတ်နိူင်သလောက်ဝိုင်းဝန်းပံ့ပိုးခဲ့ကြသည်။ ထိုကဲ့သို့သောအချိန်တွင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလီမိတက်အပါအဝင် ပုပ္ပလိကကုမ္ပဏီများမှ တောင်သူများ၏ အခက်အခဲအား ဝိုင်းဝန်းကူညီဖြေရှင်းရန်ဟု ဆိုကာ တောင်သူများအား စိုက်စရိတ်ထုတ်ချေးခြင်း၊ မျိုးစေ့ထုတ်ပေးခြင်း အား ရက်ရက်ရောရောဆောင်ရွက်ခဲ့ကြသည်။ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ပြောကြားချက်အရ ထိုကဲ့သို့သော ကုမ္ပဏီ(၁၀)ခုခန့် ဧရာဝတီတိုင်းအတွင်း လုပ်ငန်းဆောင်ရွက်နေကြောင်းသိရသည်။ ဦးပိုင်လီမိတက်အနေဖြင့် တစ်ဧကလျှင် စိုက်စရိတ် ၅သောင်းအား အတိုးငွေ ၂ကျပ် နှုန်းဖြင့် မည်သူမဆိုချေးယူနိူင်ကြောင်း၊ စပါးပေါ်ပါက ဒေသပေါက်ဈေးနှင့် တွက်ချက်ကာ စပါးအား ပြန်လည် ပေးဆပ်ရမည်ကြောင်း စသည်ဖြင့် ကျေးရွာဥက္ကဌများမှ တစ်ဆင့် ဆော်ဩကာ အချို့နေရာများတွင် တောင်သူများအား ခေါ်ယူပေးအပ်သည်အထိ ပင် ပြုလုပ်ခဲ့ကြသည်။ ထို့နောက်ကျေးရွာရယက ဥက္ကဌများအား သက်သေပြုကာ ငွေချေးယူမှုစာချုပ်များအား ချုပ်ဆိုခဲ့ကြသည်။ သို့သော် စာချုပ်မိတ္တူများအား ငွေချေးယူသူ တောင်သူများအားလည်းကောင်း၊ ကျေးရွာ ဥက္ကဌများအားလည်းကောင်း ပေးအပ်ခဲ့ခြင်းမရှိခဲ့ပေ။

          စပါးပေါ်ချိန်ကာလဖြစ်သည့် ယခုအချိန်တွင် အခါမဟုတ်သည့်မိုးနှင့်အတူ ကျေးရွာသားများထံ ရောက် ရှိလာသည်မှာ ဦးပိုင်လီမိတက်မှ ကိုယ်စားလှယ်များဖြစ်သည်။ တောင်သူများအနေဖြင့် အခါမဲ့မိုးဒါဏ်ကို ခံစား နေရချိန်တွင် မဖိတ်ခေါ်ပဲရောက်ရှိလာသော ဧည့်သည်ဖြစ်သော်လည်း မိမိတို့၏ စာချုပ်ကတိအရ ချေးငွေကို စပါးဖြင့် ပေးဆပ်နိူင်ရန် ကြိုးပမ်းကြရသည်။ ပြဿနာက ထိုအချိန်တွင် ပေါ်လာသည်။ တောင်သူများ ငွေချေး စာချုပ်ချုပ်ဆိုစဉ်က စပါးဖြင့် ချေးငွေကို ပြန်လည်ပေးဆပ်ရာတွင် ဒေသပေါက်ဈေးဖြင့် ပေးချေရန်ဟူ၍ သဘောတူညီထားရှိသော်လည်း ဦးပိုင်မှ ကိုယ်စားလှယ်များမှ တင်း (၁၀၀)လျှင် (၃၈၀,၀၀၀)ကျပ်သတ်မှတ် ကြောင်း၊ မြို့အရောက်သယ်ယူစရိတ်ကို တောင်သူများမှ ပေးချေရမည်ဖြစ်ကြောင်း ပြောဆိုလာသည်။ လက်ရှိ ကာလ လပွတ္တာမြို့ရှိ စပါး တင်း(၁၀၀)ပေါက်ဈေးမှာ (၄၀၀,၀၀၀)ကျပ်မှ (၄၂၀,၀၀၀)အထိဖြစ်သည်။ စပါးတင်း (၁၀၀)သယ်ယူရန်အတွက် အရပ်အခေါ် ဒိန်းဒေါင်း (ထော်လာဂျီ)တစ်ခေါက် ငှားခမှာ ပျမ်းမျှအားဖြင့် (၁၅,၀၀၀)ကျပ်မှ (၂၀,၀၀၀)ကျပ်အထိဖြစ်သည်။ သို့ဖြစ်၍ ဦးပိုင်သို့ ချေးငွေကို စပါးဖြင့် ပေးဆပ်ရန်မှာ တောင် သူများအတွက် တင်း (၁၀၀) ပေးရတိုင်း ပေးရတိုင်း (၅၀,၀၀၀)ကျပ်မှ (၆၀,၀၀၀)ကျပ်အထိ အရှုံးပေါ်မည့် သဘောဖြစ်နေသည်။ ထို့အပြင် ပုံမှန်စံနှုန်းအားဖြင့် (၁)တင်းသည် (၄၆)ပေါင်ဖြစ်သော်လည်း အဖျင်းအမှော်နှင့် ရေစိုနေမှုအတွက်ဟုဆိုကာ မည်သည့်စပါးကိုမဆို ဦးပိုင်က(၁)တင်းကို ပေါင်(၅၀)ဖြင့် သတ်မှတ်၍ ပေါင်နှုန်း ဖြင့်ဝယ်ယူသည်။ တောင်သူများအတွက် တင်း(၁၀၀)ပေးရတိုင်း (၈)တင်းခွဲခန့် ပိုပေးရမည့် သဘောဖြစ်သည်။ အတိုးနှုန်း ၂ကျပ်တိုးအား မက်မော၍ ငွေချေးလိုက်မိကာမှ ခေတ်သစ် ချစ်တီးနှင့် တွေ့ကြရသည်။

          ဥပမာအားဖြင့် လပွတ္တာမြို့ မြောက်ဘက်ရှိ ကျေးရွာတစ်ခုမှ တောင်သူ ဦးခွေးလေး၏ ဖြစ်စဉ်အား လေ့လာကြည့်ရာ သူသည် လယ်(၁၀)ဧက ပိုင်ဆိုင်သဖြင့် ချေးငွေ (၅)သိန်းချေးခဲ့မိသည်။ ယခုပြန်ဆပ်ရမည့် ချေးငွေအား စပါးတင်းဖြင့် တွက်ချက်ကြည့်ရာ ၅၀၀,၀၀၀/၃,၈၀ဝ = (၁၃၂)တင်းဖြစ်သည်။ တင်း(၁၀၀)လျှင် ၈တင်းခွဲခန့် ပိုပေးရမည်ဖြစ်သောကြောင့် (၁၃၂)တင်းတွင် (၁၂)တင်းခန့် ပိုပေးရမည်ဖြစ်သည်။ သို့ဖြစ်၍ စုစုပေါင်း ပေးဆပ်ရသည့် စပါးတင်းပေါင်းမှာ (၁၄၄)တင်းဖြစ်သည်။ (၁၄၄)တင်း၏ လပွတ္တာမြို့ပေါ်ပေါက်ဈေး မှာ ၁၄၄ x ၄၁၀ဝ = (၅၉၀,၄၀၀)ကျပ်ဖြစ်သဖြင့် ခြားနားချက် (၉၀,၄၀၀)ကျပ်ဖြစ်သည်။ ငွေချေးခဲ့သည့်ကာလ (၄)လဖြစ်သည့် အတွက် (၁)လအတွက် ပေးရငွေ (၂၂၆၀၀)ကျပ်ဖြစ်သည်။ စာချုပ်ပါ လစဉ်ပုံမှန် အတိုးငွေမှာ ၂ကျပ်တိုး ဖြစ်သောကြောင့် တစ်လလျှင် (၁၀,၀၀၀)ကျပ် ကျသင့်ကာ တစ်လအတွက် စုစုပေါင်းပေးရငွေ ပေါင်းအား တွက်ချက်ပါက ၃၂,၆၀ဝကျပ်ဖြစ်သည်။ ဦးပိုင်လိမီတက်မှ ၂ကျပ်တိုးဖြင့် ချေးငွေထုတ်ပေးသည် ဟုဆိုကာ စေတနာရှိသယောင်ယောင် ချေးငွေထုတ်ပေးကာ နံမည်ယူခဲ့သော်လည်း အမှန်တစ်ကယ်အားဖြင့် အတိုးနှုန်းမှာ ၆ကျပ်သာသာဖြစ်နေသည်။ မြန်မာ့ချေးငွေလုပ်ငန်းမှ သတ်မှတ်ထားသည့် နှုန်းထက် ၂ဆ ကျော်နေသည်။ တောင်သူ ဦးခွေးလေးက ‘နားလှည့် ပါးရိုက်ခံလိုက်ရသလိုပဲ။ အပေါ်ကို ဆွဲတင်မလိုလိုနဲ့ ပစ်ချတာပဲ။ ငါက ချေးထားတာ နည်းတော့ တော်သေးတယ်။ အချို့ဆို ၁ဝ သိန်း၊ သိန်း ၂ဝချေးထားတာ။ အဲဒီလူတွေတော့ ခုထက်ထိ စပါးမပေးကြသေးဘူး။’ ဟု ပြောခဲ့သည်။

          လပွတ္တာမြို့နယ်အတွင်းရှိ ကျေးရွာအများအပြားတွင် အထက်ပါကဲ့သို့ဖြစ်ရပ်များ ပေါ်ပေါက်နေ၍ တောင်သူများနှင့် ဦးပိုင်လီမိတက်အကြား တင်းမာမှုများ ပေါ်ပေါက်နေကြောင်းသိရသည်။ ကျေးရွာအုပ်စု ဥက္ကဌတစ်ဦးမှ ‘ ဟိုရက်ပိုင်းက မ.ယ.ကမှာ အစည်းအဝေးခေါ်ပြီး ညှိတာတွေရှိတယ်။ ဒါပေမယ့် မ.ယ.ကလည်း ဈေးနှုန်းကို မသတ်မှတ်ပေးနိူင်ဘူး။ တောင်သူတွေက စပါး(၂)တင်းအတွက် ပေါင် (၁၀၀) ပေးရတာကို တော့သဘောတူကြတယ်။ ဦးပိုင်က စာချုပ်ထဲမှာ တစ်မျိုး၊ အပြင်မှာ တစ်မျိုးလုပ်နေတာ အားလုံးသိတယ်။ ဒါပေမယ့် သူတို့က ရန်ကုန် ဆန်ကုန်သည်ကြီးများအသင်းက သတ်မှတ်တဲ့ဈေးလို့ပြောနေတော့ ဌာနဆိုင် ရာတွေကလည်း ဘယ်သူမှ ပြတ်ပြတ်သားသား ပြန်မပြောရဲကြဘူး။ ကျွန်တော့်ရွာက ချေးငွေများတဲ့ တောင် သူတွေကတော့ ပြန်မပေးသေးဘူး။ စပါးဈေး ပြတ်ပြတ်သားသားဖြစ်တဲ့အထိ စောင့်မယ်