မိုးလင်းသွားသော ညတစ်ည

ချမ်းသာစရာ အကြောင်းရော ဒီတစ်သက်ရှိပါတော့မလားလို့ သူတွေးမိတယ်။ တစ်နေ့နေ့ ခြေကုန်လက်ပန်းကအောင် ကုန်းကြောင်းလျှောက်ရလွန်းလို့လည်း ခြေထောက်တွေ ဆင်ခြေထောက်ကြီးတစ်ခုလို့ ရောင်ကိုင်းလို့။ ဒီကြားထဲ ပခုံးနှစ်ဖက်ပေါ်က ထမ်းဆိုင်းကြီးကလဲ လေးလံလိုက်တာလွန်းပါရော။ ဈေးရောင်းစားနေတာဖြစ်လို့တာ ပါးစပ်ကထုတ်ဖော်မပြောပြတာ။

 လျှောက်လိုက်ရတာလည်း မြေပြန့်မဟုတ်။ မှော်ဒေသမှာ လမ်းတွေဆိုတာ တော်ကြာ မြင့်သွားလိုက်၊ တော်ကြာ နိမ့်ဆင်းသွားလိုက်နဲ့။ တောင်တက်၊ တောင်ဆင်းလုပ်ရတာလဲမလွယ.်ဘူး။ ဒီကြားထဲ လမ်းတစ်လျှောက်မှာ ဥဒဟိုသွားလာနေကြတဲ့ မြေစာသယ်ကားကြီးတွေရဲ့ ရန်ကိုလည်း ကြည့်ရှောင်ရသေးတယ်။

အသွားမတော် တစ်လှမ်းဖြစ်သွားရင်ဖြင့် လျှော်ကြေးကနောက်မှ လောလောဆယ်က အသက်ကို အရင်ပေးဆပ်ရမှာ ဓမ္မတာ။ တစ်ကိုယ်ရည်တစ်ကာယသမားဆိုရင်ဖြင့်တော်ပါသေးရဲ့။ ခုတော့ မမုံရွာရဲ့ ဆယ်ပေသာသာ အခန်းကျဉ်းကျဉ်းလေးထဲမှာ ကလေးသုံးယောက်နဲ့ မိန်းမကကျန်ပါသေးရဲ့။

တစ်ရွာမပြောင်း သူကောင်းမဖြစ်ဆိုတဲ့ စကားပုံကို လက်ကိုင်ထားပြီး မှော်ဒေသ ဖားကန့်ကိုတက်လာလိုက်တာ အဆင်ပြေတဲ့ရက်က တစ်ရက်ဆို မပြေတဲ့ရက်က ရက်တစ်ရာလောက်ရှိပါရဲ့။ သေချင်တဲ့ ကျားတောပြောင်းခိုင်းလိုက်တဲ့အတိုင်းရယ်။ ခုလည်း အဆင်မပြေတာကြာပြီ။

မိန်းမကတော့ပြောရှာပါတယ်။ သူလည်းရွာထဲမှာ လက်သုပ်ဆိုင်လေးဖွင့်ချင်တယ်။ နားက နားကပ်လေးဖြုတ်လိုက်ရမလားတဲ့။ မဖြုတ်ပါနဲ့လို့ပြောလို့မရတဲ့ အခြေအနေမှာ အသာတကြည်ခေါင်းငြိမ့်ရုံမှလွဲလို့ သူလည်း ဘာမှမတတ်နိုင်။ သည်လို တိုလီမိုလီ အဝတ် ၊ စောင်၊ ခြင်ထောင်ထမ်းရောင်းရတာလည်း မစွံတာကြာပြီမဟုတ်လား။

အဆင်မပြေလို့ “မိန်းမရယ် ငါလည်း ဈေးရောင်းရတာ မစွံတော့ဘူး ကျောက်ရှာရင်ကောင်းမလား “ လို့တိုင်ပင်ကြည့်လိုက်တော့ “ ကိုအေးစံရယ် ထိုင်နေရင်အကောင်း ထသွားမှ ကျိုးမှန်းသိနေပါဦးမယ် ဒီမယ် ကျမတော့ ကလေးသုံးယောက်နဲ့ မုဆိုးမအဖြစ်မခံနိုင်ဘူး အဆင်မပြေရင်ရွာမှာ လယ်ပြန်စိုက်မယ်“တဲ့။

ကောင်းရော။ တစ်နေ့တစ်နေ့ သေလိုက်ကြတဲ့ရေမဆေး ကျောက်ရှာသမားတွေရဲ့အကြောင်းကို မိန်းမက အိမ်မှာနေရင်း သတင်းရပ်ကွက်က ခိုင်လုံစွာရရှိထားတယ် တူပါရဲ့ ချဉ်ချဉ်တူးတူး ခါးခါးသီးသီး ကိုမျက်စိ စုံမှိတ် ငြင်းနေလရဲ့။ သူ့ခမျာမှာလည်း ကျောက်လုပ်ကွက်တည်ရှိရာ ကုမ္ပဏီတွေ တည်ရှိရာသို့ ခြေဦးကိုလှည့် ထမ်းဆိုင်းကို ထမ်းရတာလည်း ပခုံးထက်မှာ အညိုအမည်းတွေစွဲလို့ နွားသာဆိုလျှင် ဘို့ရယ်လို့ လက်ညိုးထိုးပြလို့ရတယ်။ တကယ်။

ပြောကြပါတယ်။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး၊ ချက်မပိုင်လျှင် နောက်ပြင်ရန်ခက် သည့်အမျိုး ဟုသတဲ့။ တစ်ခါ တစ်ခါကျရင် စဉ်းစားမိပါတယ်။ အိမ်ထောင်ပြုမိလိုက်တာ မဟာအမှားတော်လို့။ မိန်းမကကြားရင် တွေ့ရာခွက်ကောက်ပေါက်နေမှဖြင့် အခက်ရယ်။ ရှာလိုက်ရတဲ့ငွေ လောက်ငှတယ်ရယ်လို့မရှိ။ ကုန်ဈေးနှုန်းကလည်း မှော်ဒသမှာ ကြီးလိုက်သမှ ခေါင်ခေါင်ကိုခိုက်လို့။ ကြည့်လေ။

ဝက်သားက အသားဆို 12000

နံသား အဆီဆို 8000-9000ကြား

ငါးဆို 4500-5000

 ကြက်က 7000 ။ ကဲ အသားတစ်နှပ်စားရဖို့အရေး ကုန်ရှာလိုက်စမ်း အေးစံရယ်လို့ ပြောနေသယောင်ရယ်လေ။ ဟင်းသီး ဟင်းရွက်ကိုကြည့်ဦးမလား။

ကိုက်လန်တစ်စီး 250-300

ကန်စွန်းရွက် တစ်စီး 100-150

ပန်းမုန်လာပွင့် တစ်ပွင့် 700-1000

ဂေါ်ဖီထုပ် တစ်ထုပ် 1500-1800 ကျန်တာတွေတော့မပြောချင်တော့ပါဘူး ။ လျှာဖျားကပ်နိုင်တယ်ဆိုရုံလေးပါ။

ကလေးတွေက အသားဟင်းစားချင်လှချည်ရဲ့လို့များပြောလိုက်ရင် မိန်းမနှင့် သူက ခေါင်းချင်းဆိုင်ပြီး “ ကိုအေးစံ ကြားတယ်နော် ဒီနေ့တော့ ခေါင်းအုံးလေးတစ်အုံးလောက်တော့ ရအောင်ရောင်းခံစမ်းပါ 2000ဖိုး 3000ဖိုးလောက် ကလေးတွေကို ဝယ်ကျွေးလိုက်ချင်လို့ ကျမလည်း အသုပ်အအဆင်မပြေဘူး ဒီအတိုင်းဆို မြေစာပုံတတ်ရောင်းရတော့မယ်နဲ့တူပါရဲ့ ဒီမယ် ကိုအေးစံ ရှင်ဘယ်လို သဘောရလဲ“ လို့မေးလာရင် သူ့ လည်ချောင်းတွေ တစ်ဆို့နေတတ်တယ်။

ဒီအတိုင်းဆိုရင်တော့ သူအသက် 40ကျော် 50နားနီးရင် ကျန်းမာရေးတွ ချွတ်ချုံကျလို့ လူလည်းဘုန်းဘုန်းလဲနိုင်ပါရဲ့။ လမ်းတစ်လျှောက်ရှူလိုက်ရတဲ့ ဖုန်လုံးတွေ တလှိမ့်လှိမ့်။ နှာခေါင်းစွပ်ကလည်း တစ်ခုကို 200 ဆိုတော့ နေ့တိုင်းဝယ်စွပ်ရရင်မချောင်ရေးချ မချောင်။ ခုလည်း ဆောင်းရာသီဆိုတော့ ကုမ္ပဏီတွေကို စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ တွေပတ်ရောင်းနေရတာပါ။

ကုမ္ပဏီတွေက ဝန်ထမ်းတွေကလည်း လက်ငင်းကျတယ်လည်းရှိ၊ လပေးကျတယ်လည်းရှိနဲ့ အပတ်မလည်နိုင်ပြန်ဘူး။ သွားရတဲ့ ခရီးအတိုင်းတာကလည်း တစ်နေ့ကို မိုင်30ထက်မနည်းနိုင်ဘူးထင်ပါရဲ့။ ဒီနေ့တော့ မိုးချုပ်မှ အိမ်ခန်းကျဉ်းလေးကိုပြန်ရောက်တယ်။ ခရီးရောက်မဆိုက် မိန်းမကပြောတ.ယ်။

“ ကိုအေးစံ ကျမတော့ရွာပြန်ချင်ပြီတော် တော်တော့မသိပေမယ့်လို့ ကျမတော့ လက်သုပ်စုံရောင်းတာလည်း မစွံပါဘူး။ သူများဆိုင်တွေကတော့ စွံကြပါရဲ့။“

“ ဟ သူများဆိုင်တွေ စွံပြီး မင့်ဆိုင်မစွံတာ ဘာကြောင့်လဲဟ မင်းလက်တိုလို့နဲ့ထင်ပါရဲ့ကွာ စဖွင့်ကာစရက်မှာ နည်းနည်းပိုထည့်လိုက်ပေါ့ဟ“

“ တော်ဘာသိလို့လဲ ကျမက လက်တိုလို့မဟုတ်ဘူးရှင်ရဲ့သူတွေနဲ့ကွာတာတစ်ခုရှိတယ်“

သူနည်းနည်းတော့ စိတ်ဝင်စားသွားတယ်။

“ ဘာလဲ မြရင်ရဲ့“ မိန်းမက အသံကို ခပ်အုပ်အုပ်ပြောတယ်။ ဘေးခန်းတွေကြားမှာ စိုးလို့နဲ့တူပါတယ်။

“ ရှင်မသိဘူးလား သူတို့က အပျို ကျမက အအို တော်ရေ အအို“

“ ဟေ“

သူနည်းနည်းသဘောပေါက်သလိုတော့ရှိလာတယ်။ ဟုတ်ပါတယ်။ မှော်ထဲမှာက အပျိုတွေရှိတဲ့ ဆိုင်တွေ ၊ ဖွင့်တဲ့ဆိုင်တွေက ပိုပြီ လူစည်ကားတတ်တာပါပဲ။

“ နောက်သူတို့က အသုပ်တစ်မျိုးတည်းရောင်းတာမဟုတ်ဘူး “ `

` ဟ ဘာတွေထပ်ရောင်းသေးလို့လဲ မြရင်“

 “ အရက်တို့ ဘီယာတို့ အမြည်းတို့ပေါ့ အဲဒါကြောင့် မစွံတာ နေ့လည်နေ့ခင်းအပျင်းပြေစားချင်သူလောက်ပဲလာကြတာ ညနေဆိုရင်တော့ လူပြတ်သွားလိုက်တာ အိပ်တောင်ငိုက်တယ် ရွာက ပါလာတဲ့ အရင်းအနှီးကုန်လို့ နားကပ်ဖြုတ်ထားရတဲ့ ကျမတို့မှာ ဘယ်မှာ အရင်းအနှီးထပ်ဖြည့်လို့ အဆင်ပြေမလဲ ကိုအေးစံရယ်“

“ရှိသေးတယ် အရက်ဘီယာအပြင် ဘာညာဘာညာတွေလေ “

“ ဟာ ဒီမိန်းမနှယ်“

 မြရင်ပြောတာလည်း ဟုတ်လောက်ပါရဲ့။ ရွာထဲမှာရှိသမျှ အရက်ဆိုင်တွေ ဘီယာဆိုင်တွေ အကင်ဆိုင်တွေမှာသာ လူတွေစည်ကားနေတတ်တာ သူလည်းမြင်နေရပါရဲ့။ မိန်းမက ရေမဆေးပေးမလုပ်လို့သာ သူငြိမ်နေရတာ။

လက်တွေက စိန်တူကိုကိုင်ချင်နေပြီ။ သူလည်း သွားရင်းလာရင်းနဲ့ ကျောက်သဘော ဟိုစပ်စပ် ဒီစပ်စပ် မေးမြန်းစူးစမ်းထားတာတွေ ရှိတာပေါ့။ လမ်းမှာ ဈေးရောင်းရင်း ကျောက်တစ်တုံးစ နှစ်တုံးစကိုလည်း သူကောက်ကိုင်တတ်နေပြီ။ သူလမ်းမှာ ရေမဆေးအချင်းချင်းပြောနေ ဆိုနေကြတဲ့ ကျောက်အကြောင်းကိုလည်း နားစွင့်တတ်နေပြီ။ ခက်တာက သူခြေစလှမ်းဖို့မရဲ့။ ကံကောင်းလျှင်တစ်ချက်၊ ကံမကောင်းလျှင် တစ်သက်ဆိုတော့ လန့်တာလည်းပါပါရဲ့။ ဒီအတိုင်းလုံးချာလည်ရိုက်နေရင်တော့ ရွာကိုပြန်ပြောင်း ဘဝကိုပြန်ကျောင်းရတော့မှာပါပဲလေ။

“ ကိုအေးစံ တော်ဘာတွေ စဉ်းစားနေတာလဲ ကျမပြောတာကြားလား“

“ ဟေ ဘာလဲ“

“လုပ်ပြီ ရှင်ကလေ ဒီမယ် နောက်နှစ်ဆို အကြီးကောင် ကျောင်းထားလို့ရပြီ ရှင့်သဘော ဘယ်လိုလဲ ဒီမှာပဲထားမလား ရွာပြန်ပို့မလား“ မိန်းမစကားကိုကြားတော့ သူရင်လေးသွားတယ်။ ဪ ပိုက်ဆံကုန်ရှာနေလိုက်တာ အကြီးကောင် အရွယ်ရောက်လို့ကျောင်းနေအရွယ်ဖြစ်နေတာတောင် သူမေ့လို့နေတယ်။

“ ငါ့သဘောကတော့ ရွာပြန်ပို့လိုက်တာကောင်းတယ် ဒီမှာ ကလေးဒုက္ခရောက်လိမ့်မယ် ပညာရေးလည်းနောက်ကျလိမ့်မယ်ဟ“

“ ဟုတ်တယ် ဆရာ အင်အားကလည်း မလုံလောက်ဘူးကြားတယ် ကိုအေးစံအကြံကောင်းတယ်“

“ မိုးတွင်းဆို သွားရလာရနဲ့ ကလေးအန္တရယ်များပါတယ် မြရင်ရာ အန္တရာ.ယ်ကင်းကင်းရွာမှာပဲ ပြန်ထားလိုက်ရအောင်“

“တော့် သဘောပါတော်“

 အင်း ငါ့ဝမ်းပူဆာ မနေသာဆိုတာထက် ဝမ်းရေးထက် ပညာရေးကလည်း ပိုပြီးအရေးကြီးနေပါလား။ သူ့ကိုပဲကြည့် ပညာမစုံတော့ အလုပ်ကရှား။ မလုပ်တတ်မကိုင်တတ်ဆိုတော့ ပိုပင်ပန်း။ ပညာရေးဆိုတာကို ဟိုအရင်က ဝမ်းရေးလောက်စိတ်မဝင်စားကြတော့ တော်ရုံရေးတတ်ဖတ်တတ်ဆိုတော်ပြီ။ မိန်းကလေးဆိုရွာမှာ 5တန်း6တန်းဆိုထုတ်လိုက်ပြီ။

 သူ့ကလေးတွေကိုတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ပညာတတ်ကြီးတွေဖြစ်အောင်ထားရမယ်။ သူတို့ လင်မယားလို အနေဆင်းရဲ အစားမဆင်းရဲအောင် လမ်းညွန်ရမယ်။ နဖူးကချွေး ခြေမကျမယ့် ချွေးအစား လေးအေးပေးစက်အောက်မှာ ချွေးစို့တာကမှ တော်ဦးမယ်မဟုတ်လား။

“ ကိုအေးစံ“

“ဟင်“

“ တော် မအိပ်သေးဘူးလား လေးနာရီတောင်ထိုးပြီ“

“ ဟာဟုတ်လား“ သူအတွေးတွေလွန်နေတာနဲ့ အချိန်လင့်သွားတာ မသိလိုက်။“

“ရှင ်မနေ့ညက ထမင်းလည်း မစားဘူးမလား“

 “ဪ အေး“

“ တကယ်တည်းတော် မနက်မိုးလင်းရင် ဈေးရောင်းရမယ့် ဟာကို မအိပ်သေးဘူး တော် ဈေးရော ထွက်နိုင်ပါ့မလား မထွက်နိုင်ရင် ခုကတည်းက ဆက်အိပ် တော်ကြာ သွားရင် လာရင်းနဲ့ ကားကျိတ်သေမှဖြင့် ကျမ မုဆိုးမလုံးလုံးဖြစ်နေဦးမယ်“

 “ ဟာ ဒီမိန်းမကလည်း မဦးမချွတ်“

 ဟူး…….. သူလေပူကို တစ်ချက်မုတ်ထုတ်ရင်း ဆက်အိပ်ရန် စိုင်းပြင်လိုက်ပါတော့တယ်။

သော်

14 comments

  • ဆူး

    December 15, 2010 at 1:37 pm

    ဇတ်လမ်းက တိုးလို့ တန်းလန်းကြီး

    • kai

      December 15, 2010 at 11:36 pm

      Happy Ending ကြိုက်တဲ့ပရိတ်သတ်နဲ့တူတယ်..။
      ကိုအေးစံ မနက်အိပ်ယာထ.. အထမ်းကြီးနဲ့လျှောက်အလာ.. မနက်အလင်းရောင်ဝိုးတဝါးထဲ.. လက်ကနဲ့တွေ့..ခြေမနဲ့ကလော်ကြည့်..။
      ပတ္တမြားငမောက်လောက် ရတနာအလုံးကြီးတွေ့..။
      ကောက်ပြိး..လျှောက်အလာ.. တရုတ်လောပန်တယာက်နဲ့တွေ့..။ အစိမ်းတွေ ၁သိန်းပစ်ပေးဝယ်သွား..။

      အိမ်ပြန်လာ..။
      အိမ်မှာ ရွာကနေငယ်ငယ်ထဲကထွက်သွားတဲ့ ဘကြီးရောက်နေ..။
      ဘကြီးက .. စကာင်္ပူမှာ သူထောင်ထားတဲ့ကုမ်မဏီမှာ အလုပ်လုပ်ဖို့လာခေါ်တာဖြစ်နေ..။
      ဒေါ်လာတသိန်းပြ..။ သားသမီးမရှိတဲ့ ဘကြိးက.. အတူလိုက်လာရင်…သူ့ကုမ်မဏီကိုပါလွှဲပေးမယ်ပြော..။

      အဲဒီလိုမျိုးလေးလား..။
      သားသမီးတွေကိုပါ.. တယောက်ပါရဒိုတစင်းစီပေးပြီး.. ဟော်တယ်တွေတက်နေခိုင်းပေးရဦးမလား..။
      🙂

  • koyinmaung

    December 15, 2010 at 9:20 pm

    ဘဝသရုပ်ဖေါ်ဇာတ်လမ်းလေးပါဘဲ…အားပေးသွားပါတယ်။။

  • MaMa

    December 16, 2010 at 1:27 am

    ဘဝအမောလေးတွေပေါ့လေ။ လူတိုင်းလူတိုင်း ကိုယ့်အပူနဲ့ကိုယ် ရှိကြတာချည်းပါဘဲ။ ဆက်ရေးပါ။ အားပေးပါတယ်။

  • search123

    December 16, 2010 at 3:01 am

    ဖားကန့်ကိုသွားပြီး စီးပွါးရှာကြတဲ့သူတွေ တော်တော်များများ အဆင်မပြေကြတာများတယ်နော်။

  • နွယ်ပင်

    December 16, 2010 at 4:35 am

    အရေးအသားရော ဇာတ်လမ်းလေးရော ကောင်းပါတယ် .. အားပေးသွားတယ်နော် .. ဆက်ရေးပါဦး …

  • အာဖျံ ကွီး

    December 16, 2010 at 6:42 am

    ချစ်ကောင်းသီချင်းပဲ ဆိုတော့မရ်
    “တချို.ကတော့ … သိပ်ခက်တရ် … တချို.ကတော့ သိပ်ကံကောင်း … တချို.ကျတော့ အရမ်းကိုဟုတ်နေကြတရ်လေ … တချို.ကျတော့ အမြဲတမ်းခက်နေပါလားဟေ့ ….” 🙁

  • Thaw Zin Loikaw

    December 16, 2010 at 11:22 am

    ဘဝသမားများဖတ်ရန်အတွက် http://itfriendships.co.cc/ တဆင့်ဖော်ပြပေးပါရစေနော်။ဆိုတဲ့winkyawaungရေ ပြန်လည်ဖော်ပြခွင့်တောင်းတာကျေးဇူးတင်ပါတယ်။ ဖော်ပြလို့ရပါတယ် ။ လာရောက်ဖတ်ရှုသွားလို့လဲ Member အားလုံးကိုလဲကျေးဇူးတင်ပါတယ်။

  • kai

    December 16, 2010 at 6:03 pm

    ဆိုင်ရာနိုင်ငံတွေမှာ… အမြဲနေကြတဲ့မြန်မာတွေ .. လူနည်းနည်းစုမိရင်… စာစောင်၊ဂျာနယ်..သတင်းစာပုံနှိပ်ထုတ်ကြစေချင်တယ်ဗျာ..။
    ဒီက စာတွေလည်း .ယူသုံးကြစေချင်တာပါ..။ (ဖြစ်နိုင်ရင်တော့)စာမူခလည်းပေးကြစေချင်တာပါ..။ ဒို့မြန်မာတွေလုပ်ရင်..ဘာမဖြစ်တာရှိမလဲ..။

    လုပ်ကြမယ်ဆို… ဆိုင်ရာနိုင်ငံတွေအထိ…မန္တလေးဂေဇက်က အခမဲ့.. ကူညီပေးချင်ပါတယ်ဆိုတဲ့အကြောင်း.. သတင်းဆောင်းပါးလေးရေးဦးမှပါ…။

  • MaMa

    December 17, 2010 at 3:15 am

    ိုဆြာခိုင်ရဲ့အကြံကို ထောက်ခံပါတယ်။ မန်းလေးဂေဇက်ကို အားပေးပါတယ်။ ပွိုင့်ရဖို့ထက် ကိုယ့်ခံစားချက်ကို ရေးလို့ရတာကို သဘောကျပါတယ်။

  • saunghnin@gmail.com

    December 17, 2010 at 4:13 am

    ဘဝကကြမ်းတမ်းတော့……အိပ်ပျက်ပေါင်းများပြီနေမှာပေါ့။

  • etone

    December 17, 2010 at 8:46 am

    စိတ်တောင်မကောင်ဘူး ဇာတ်လမ်းလေးက…။ အိမ်နီးရင် ထမင်းခေါ်ကျွေးလိုက်ပါတယ် သတို့မိသားစုကို သနားလို့ ။

Leave a Reply