ဗိုလ်ချုပ်ဟောင်း၏ သားကို နေရွှေသွေးအောင် လူလွှတ်၍ ရိုက်ခိုင်း

စေနDecember 21, 20101min1467

ဗိုလ်ချုပ်ဟောင်း၏ သားကို နေရွှေသွေးအောင် လူလွှတ်၍ ရိုက်ခိုင်း

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မြေး နေရွှေသွေးအောင်(ဖိုးလပြည့်) က ၎င်း၏ နောက်လိုက်များအား စေလွှတ်ပြီး ဗိုလ်ချုပ်ဟောင်း ဝင်းလှိုင်၏သား ဝင်းထွေးလှိုင်ကို ရိုက်နှက်ထိုးကြိတ်စေခဲ့ကြောင်း သတင်းရရှိသည်။
နေရွှေသွေးအောင်သည် ရန်ကုန်မြို့ရှိ လစ်လပ်နေသည့် ဝန်ကြီးဌာနပိုင် မြေနေရာများနှင့် ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်များကို ငွေကြေးရယူ လုပ်ကိုင်ဆောင်ရွက် ပေးနေကြောင်း၊ ၎င်းပြောဆိုထားသည့် မြေနေရာကို ကာကွယ်ရေး ဝန်ကြီးဌာန ပစ္စည်းဝယ်ယူရေး (ကက ဝယ်) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ဝင်းလှိုင်၏သား ဝင်းထွေးလှိုင်ကလည်း ဝင်ရောက် လုပ်ကိုင်ရန် ကြိုးစားရာမှ ပြဿနာ စတင်ခြင်းဖြစ်သည်ဟု သိရကြောင်း စစ်အစိုးရနှင့် နီးစပ်သူ လုပ်ငန်းရှင်တဦးက ဧရာဝတီ သို့ ပြောသည်။

“ဝင်းထွေးလှိုင်ကို ဖိုးလပြည့်က ဒီနေရာဟာ သူဦးထားတဲ့အတွက် နောက်ဆုတ်ဖို့ သူငယ်ချင်း တယောက်က တဆင့် တားခိုင်း တယ်။ ဒါပေမယ့် ဝင်းထွေးလှိုင်ကလည်း ဗိုလ်ချုပ်သားဆိုတော့ ဖိုးလပြည့်လည်း သောက်ဂရုမစိုက်ဘူးလို့ ပြန်ပြောလိုက် တယ်”ဟု ၎င်းက ဆိုသည်။

ထိုသို့ နှစ်ဦးနှစ်ဘက် ပြောဆိုနေချိန်တွင် အနား၌ ဖိုးလပြည့်ကိုယ်တိုင် ရှိသည့်အပြင် ဖုန်း၏ စပီကာလည်း ဖွင့်ထားသည့်အတွက် နေရွှေသွေးအောင်က စိတ်ဆိုးပြီး ၎င်း၏ နောက်လိုက်များအား စေလွှတ်ခါ ဝင်းထွေးလှိုင်အား ရိုက်နှက်ရန် ခိုင်းစေခဲ့ကြောင်း၊ ဝင်းထွေးလှိုင် အိမ်မှထွက်အလာ ခြံဝမှစောင့်၍ ရိုက်နှက်ထိုးကြိတ်သည့်အတွက် ဝင်းထွေးလှိုင်မှာ မျက်နှာတွင် ဒဏ်ရာ ရရှိသွားကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြောသည်။

ထိုသို့ ရိုက်နှက်သူများမှာ နေရွှေသွေးအောင်အနားတွင် တာဝန်ယူထားသည့် ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့် ရှိသူများ ဖြစ်သည် ဟု သတင်းများထွက်ပေါ်နေကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ရိုက်နှက် ထိုးကြိတ်ခံရသည့် ဝင်းထွေးလှိုင်မှာ အသက် ၃၁ နှစ်ခန့်ရှိ ဂေါက်သီး ကစားသမား တဦးဖြစ်ပြီး ကြေးစား ဂေါက်သီး ကစားသမားအဖွဲ့ PGA (Professional Golfers’ Association) အသိအမှတ်ပြုခံရသူ တဦးဖြစ်ကြောင်း သိရသည်။

၎င်း၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ် ဝင်းလှိုင်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တပ်မမှူး အဖြစ် တပ်မ ၈၈ တွင် တာဝန်ယူခဲ့စဉ်က ဗိုလ်မှူးတဦး ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးအား ဂေါက်သီးရိုက် သင်ကြားပေးခဲ့သူ ဖြစ်ကြောင်း၊ ယခု ဗိုလ်ချုပ်မှူးကြီး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူထားသည့် ဗိုလ်ချုပ် နေဝင်း ပြီးလျှင် ဗိုလ်ချုပ်မှူးကြီး၏ မျက်နှာသာအပေးခံရဆုံးသူဟု နာမည်ကြီးသူဖြစ်ကြောင်း လည်း သိရသည်။

ထို့အပြင် ဗိုလ်ချုပ် ဝင်းလှိုင်မှာ ကာကွယ်ရေး ဝန်ကြီးဌာန ပစ္စည်းဝယ်ယူရေး(ကက ဝယ်) ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် ၏ မန်နေဂျင်း ဒါရိုက်တာ၊ စစ်အစိုးရပိုင် မြဝတီဘဏ် ၏ ဥက္ကဋ္ဌ တာဝန်အသီးသီး ဆောင်ရွက်ခဲ့ပြီးနောက် စစ်တပ်မှ သက်ပြည့်ပင်စင် ယူခဲ့သူ ဖြစ်သည်။

ယခု အရိုက်ခံမှုနှင့် ပတ်သက်ပြီး ဗိုလ်ချုပ် ဝင်းလှိုင်မှ စစ်တပ်အတွင်းရှိ သူ၏ လုပ်ဖော်ကိုင်ဖက်များနှင့် ရဲတပ်ဖွဲ့သို့ ဖိအားပေးပြီး တရားခံကို ဖော်ထုတ်စေကြောင်း၊ သို့သော် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိ ဗိုလ်ချုပ် နေဝင်းက ၎င်းကိစ္စကို လုပ်ကိုင်ခဲ့သူမှာ နေရွှေသွေးအောင် ဖြစ်နေသည့်အတွက် ဆက်လက်မလုပ်ရန် ပြောဆိုခဲ့ကြောင်း စစ်တပ်အသိုင်းအဝန်း သတင်းများအရ သိရသည်။

နေရွှေသွေးအောင်သည် ပြီးခဲ့သည့် နှစ်ကလည်း အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ သား ဗိုလ်ကြီး ဟောင်း တဦးဖြစ်သော တေဇာစောဦး နှင့် ဝန်ကြီး ဦးစိုးသာ၏သားတို့ လုပ်ကိုင်နေသည့် “7 Lekker” ကော်ဖီဆိုင်ကို ၎င်း ၏ နောက်လိုက်များ စေလွှတ်၍ ဖျက်ဆီးခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ ဝန်ထမ်းတဦးက ပြီးခဲ့သည့်လအတွင်းက ရန်ကုန်မြို့ လမ်း ၅ဝ ရှိ မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် ရုံးချုပ်၌ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ကိုယ်ရေးအရာရှိ ဗိုလ်ကြီးတဦးသည် နေရွှေသွေးအောင်၏ ကားရှေ့မှ ပိတ်ရပ်မိသည့်အတွက် ၎င်း၏ ဆုံးမဩဝါဒကို ၂ နာရီခန့် နားထောင်ခဲ့ရသည်ဟု ပြောသည်။

ယခုအခါ နေရွှေသွေးအောင်သည် ဗိုလ်ချုပ်မှူးကြီး၏ အရှိန်အဝါဖြင့် ဆိပ်ကမ်းတွင် အကောက်ခွန် ဥပဒေအရ ဖမ်ဆီးထားသည့် ပစ္စည်းများ၊ အထူးသဖြင့် ကားကဲ့သို့သော တားမြစ်ပစ္စည်းများကို အခကြေးငွေယူ၍ ကုမ္ပဏီတချို့အတွက် သွားရောက် ထုတ် ယူပေးခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်နေသည်ဟု သတင်းရရှိသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နိုင်ငံတော် ခရီးစဉ်များနှင့် ယခုနှစ် စက်တင်ဘာလအတွင်း သွားရောက်ခဲ့သည့် တရုတ်ပြည် ခရီးစဉ်တွင် ဇနီးဖြစ်သူ ဒေါ်ကြိုင်ကြိုင်အပြင် သမီးများဖြစ်သည့် ကြည်ကြည်ရွှေ၊ ခင်ပြုံးရွှေနှင့် အေးအေးသစ်ရွှေ၊ မြေးဖြစ်သူ နေရွှေသွေးအောင် တို့ကိုပါ ခေါ်ဆောင်သွားသည်ကို တွေ့ရသည်။

ဝီကီလိစ်မှ မကြာသေးမီက ပေါက်ကြားခဲ့သော ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ပေး သည့် လျှို့ဝှက်စာတွင် ၂၀၀၈ ခုနှစ်က နာမည်ကြီး မန်ချက်စတာ ယူနိုက်တက် ဘောလုံးအသင်းကို ဝယ်ပေးရန် နေရွှေသွေးအောင်က အဖိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ပြောဆိုခဲ့ကြောင်း၊ သို့သော် နာဂစ်မုန်တိုင်းကြောင့် လူအများ ဒုက္ခရောက် နေချိန် ဖြစ်သည့်အတွက် ဝေဖန်ခံရမည်ကို စိုးရိမ်ပြီး နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများကို ဘောလုံးအသင်း ထောင်စေပြီး မြန်မာနေရှင်နယ်လိဂ်ဟု ပြုလုပ်စေခဲ့ကြောင်း ရေးသားထားသည်။

နေရွှေသွေးအောင်သည် မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း မျိုးလှိုင်ဝင်းကို ခေါ်ယူ၍ နည်းပြစေပြီး ၂၀၀ရ ခုနှစ် အာရှအကောင်းဆုံးဆုရ ဂျပန်ဘောလုံးသမား နာကာတာအား ဖိတ်ခေါ်၍ သုဝဏ္ဍကွင်းတွင် စမ်းသပ်ကစားရာ နေရွှေသွေးအောင် ဝင်ရောက်ကစားပြီး နှစ်ဂိုးသွင်းခဲ့သည်။

ယခုအခါ ထိပ်တန်း စစ်ဗိုလ်ချုပ်များနှင့် စီးပွားရေးသမားကြီးများ အကြားတွင် ၎င်းတို့၏ သားသမီးများအား ဗိုလ်ချုပ်မှူးကြီး၏ မြေး နေရွှေသွေးအောင် နှင့် ထိပ်တိုက် ပြဿနာမဖြစ်ဘဲ နေထိုင်ကြရန် ပြောဆိုနေကြကြောင်း သိရသည်။

from http://www.irrawaddy.org/bur/index.php/news/5293-2010-12-21-03-50-39

7 comments

  • aungkyawkhant

    December 21, 2010 at 5:12 am

    တော်တော်ဆိုးပါလားကြားရတာ…..ဒီသတင်းသေချာတယ်ဆိုရင်တော့..ဗိုလ်ချုပ်မှုးကြီးနဲ့သူ့ရဲ့မိဘအုပ်ထိန်းသူတွေကို အသိပေးတိုင်ကြားသင့်တယ်လို့ထင်တယ်

  • လင်းဝေကျော်

    December 21, 2010 at 7:38 am

    လာပါပြီနောက်တစ်ယောက်

  • etone

    December 21, 2010 at 8:31 am

    လက်ညှိုးညွှန်ရာ ရေ ဖြစ်တဲ့ခေတ်ပါလား ဟရို့ … 😀 နည်းနည်းနောနော ကုသိုလ်မဟုတ်ဘူးနော် ။ ကျိန်စာဝလေ လှလေဆိုတာ ဒါကိုပြောတာဖြစ်မယ် ။

  • cobra

    December 21, 2010 at 9:16 am

    သူတို့ချင်းကိုက်နေကြပါလား.။

  • nyimalay

    December 21, 2010 at 9:37 am

    where is ‘ Nga Mite Thar’….. i want to punish him …… call him infront of me ……. :=

    Just kidding 😛 Kyauk par dal Kyauk par dal 🙁

  • Maung Dae`

    December 21, 2010 at 9:53 am

    အလကားပါ အနောက်မှာ သခင်ရှိလို့ အမြီးနန့် ဟောင်တဲ့ခွေးလိုပဲ…. တစ်ယောက်ချင်း one by one ဆိုရင်… အသံတောင် ထွက်ရဲမယ့်ကောင် မဟုတ်ဖူး…

  • winkyawaung

    December 21, 2010 at 4:14 pm

    အမှိုက်ကစပြီး ပြသဒ်မီးလောင်တယ်ဆိုတဲ့ စကားပုံရှိတယ်လေ။

Leave a Reply