အနုပညာနှင့် ကလေးဘဝ Creation

weiweiDecember 18, 20101min26523

အနုပညာနှင့် ကလေးဘဝ

null

ပြီးခဲ့တဲ့နေ့က ဆရာမ မေငြိမ်းရဲ့ စာပေဟောပြောပွဲနားထောင်ရင်းနဲ့ အနုပညာအကြောင်း တွေးမိခဲ့ပါတယ်။ ငယ်ငယ်တုန်းက အနုပညာဆိုတာ ဘာမှန်းမသိခဲ့ပေမယ့် အနုပညာအလုပ်တွေ အလိုအလျောက်လုပ်ခဲ့မိပါလားလို့ ပြန်တွေးမိပါတော့တယ် …

ကျွန်မတို့မိသားစုတွေ ဆွေမျိုးတွေထဲမှာတော့ အနုပညာရှင်တစ်ယောက်မှမရှိပါဘူး။ အများစုက အရောင်းအဝယ်အလုပ်ကိုပဲ လုပ်ကြပါတယ်။ ကျွန်မတို့ခေတ်မူလတန်းက ကျောင်းတက်ရုံနဲ့ပြီးတယ် .. ကျူရှင်မရှိသေးဘူး။ အချိန်တွေပိုတာပေါ့။ ရွှေသွေး၊ တေဇနဲ့ မိုးသောက်ပန်းကို ထွက်သမျှဝယ်ပေးပါတယ်။ အဲဒါတွေကိုပဲ အလုအယက်ဖတ်ခဲ့ရတယ်။ ညအိပ်ခါနီးရင် မေမေက ပုံပြောပြပါတယ်။ အများအားဖြင့် သီချင်းဆိုပြတာများတယ်။ ကျွန်မ အမေက ဝင်းဦးကို သိပ်ကြိုက်တော့ ဝင်းဦးသီချင်းအားလုံးကို အလွတ်ရပါတယ်။ ကျွန်မတို့ကို ခဏခဏဆိုပြတော့ ကျွန်မတို့လဲ ကလေးဘဝကထဲက ဝင်းဦးသီချင်းတွေကို အလွတ်ရနေပါတော့တယ်။

ကျွန်မ ၅ တန်းရောက်တဲ့အချိန်မှာတော့ အိမ်မှာ တီဗီနဲ့ ဗီဒီယိုစက် ဝယ်ဖြစ်ပါတယ်။ အစီအစဉ်အကုန်လုံးနဲ့ ရုပ်ရှင်တွေကို စကြည့်ဖြစ်ပါတယ်။ မေမေက ကျွန်မတို့ကို မကြည့်နဲ့လို့ မပိတ်ပင်ခဲ့ပါဘူး။ ည ၁ဝ နာရီထိုးရင် အိပ်ရမယ်လို့ပဲ စည်းကမ်းထားပါတယ်။ နောက်တစ်ခုကတော့ ကျွန်မက ဝတ္ထုစာအုပ်တွေ စပြီး ဖတ်နေပါတယ်။ စာအုပ်ကိုရွေးဖတ်နိုင်တဲ့အသိဉာဏ်မရှိသေးတော့ ကြုံရာကိုဖတ်ဖြစ်ပါတယ်။ မေမေကလဲ မအားတာနဲ့ ကျွန်မဘာစာအုပ်တွေဖတ်နေမှန်း သူမသိတာများပါတယ်။ အချစ်ဝတ္ထုတွေကိုစွဲပြီး ခိုးဖတ်တယ်။ တီဗီက စီးရီးတွေအကုန်ကြည့်တယ်။ တရုတ်ကား၊ အင်္ဂလိပ်ကား၊ ကုလားကားလဲ အကုန်ကြည့်ပါတယ်။ မကြည့်ရမနေနိုင်လောက်အောင်ကြိုက်ပါတယ်။ မေမေက စည်းကမ်းသိပ်မတင်းကြပ်ပါဘူး။ ဘောင်တစ်ခုပဲပေးထားတယ်။ အတန်းထဲမှာ အဆင့်ကျသွားရင် ရုပ်ရှင်မကြည့်ရတော့ဘူးတဲ့။ ရုပ်ရှင်မကြည့်ရမှာစိုးရိမ်တော့ အဆင့်မကျအောင် ကြိုးစားရပါတယ်။ ဘယ်လိုဖြေဖြေ အဆင့်မကျဘူး။ အဲဒီတော့ ရုပ်ရှင်တွေ ကြည့်စေသတည်းပေါ့ … ဘာလို့အဆင့်မကျလဲဆိုတော့ ကျွန်မက စာသင်ရင် အာရုံအရမ်းစိုက်ပြီး တစ်ခါထဲ အလွတ်ရအောင်လုပ်ပါတယ်။ မမေ့အောင်လဲ နည်းမျိုးစုံ အတွေးမျိုးစုံ မှတ်နည်းမျိုးစုံနဲ့မှတ်ပါတယ်။ အိမ်ရောက်တာနဲ့ လွယ်အိပ်ချပြီး ကစားနည်းပေါင်းစုံနဲ့ကစားတယ်။ ညဘက်ရုပ်ရှင်ကြည့်တယ်။ ကျောင်းပိတ်ရက် ဝတ္ထုခိုးဖတ်ပါတယ်။ ၈ တန်းအောင်တဲ့အထိ ကျူရှင်မတက်ပါဘူး။ ကစားချိန်၊ ဝတ္ထုဖတ်ချိန်နဲ့ ရုပ်ရှင်ကြည့်ချိန် လျော့သွားမှာစိုးလို့ပါ။

အဲဒီအကျိုးအနေနဲ့တော့ အလယ်တန်းအဆင့် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲတွေမှာ အနဲဆုံးနှစ်သိမ့်ဆုအမြဲရပါတယ်။ စာတွေကို စိတ်ကူးတည့်သလောက် ကွန့်ရေးတတ်တဲ့အကျင့်ကို အလယ်တန်းကထဲကရခဲ့ပါတယ်။ ကျွန်မရဲ့ အနုပညာ (creation) တစ်ခုကို အဲဒီအချိန်မှာ စလုပ်ခဲ့ဖူးတယ်။ အဲဒါကတော့ အကျီချုပ်ခြင်းဖြစ်ပါတယ်။ ဘိုမရုပ်ကလေးတစ်ခုကို ကျွန်မစိတ်ကူးယဉ်တဲ့ အကျီ ဘောင်းဘီ စကတ် ဒီဇိုင်းမျိုးစုံ ချုပ်ပေးပါတယ်။ သေးသေးလေးတွေဆိုတော့ လက်ချုပ်နဲ့ချုပ်ရပါတယ်။ ရသမျှမုန့်ဖိုးကို မုန့်မဝယ်စားပဲ ကြယ်သီး အပ်ချည်တွေဝယ်ရတယ်။ ပိတ်စအတိုအစတွေကိုတော့ မေမေ့အသိ အပ်ချုပ်ဆိုင်မှာ သွားတောင်းပါတယ်။ ပိတ်စလေးတွေ စပ်ပြီးလဲချုပ်ပါတယ်။ ကျွန်မတီထွင်ခဲ့တဲ့ အဝတ်အစားဒီဇိုင်းတွေ မျိုးစုံရှိခဲ့ဖူးပါတယ်။
ကျွန်မရဲ့စိတ်က အမြဲတမ်းလွတ်လပ်ပြီး တွေးနေတတ်ပါတယ်။ အချစ်ဝတ္ထုတွေဖတ်ပေမယ့် ၈ တန်းလောက်ရောက်တော့ စာရေးဆရာကို ရွေးဖတ်ပါတယ်။ အဲဒီအချိန်မှာ မင်းသိင်္ခလို စာရေးဆရာတွေကို စဖတ်တတ်လာပါပြီ။ အတွေးပါသလို ဗဟုသုတလဲပါပါတယ်။ ကျွန်မ ဘယ်လောက်အထိ စာဖတ်နိုင်သလဲဆိုရင် ၈၈ မှာ တစ်နှစ်ကျောင်းပိတ်လိုက်တာ စာအုပ်အငှားဆိုင်တစ်ဆိုင်က စာအုပ်အကုန်လုံးကုန်သွားပါတယ်။ အဲဒီခောတ်တုန်းကတော့ ကလျာ၊ ယုဝတီခင်စိန်လှိုင်၊ မစန္ဒာ၊ ငြိမ်းကျော်၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ တက္ကသိုလ်ဘုန်းနိုင် စသဖြင့် ထွက်ဖူးသမျှစာအုပ် အကုန်ဖတ်လိုက်ပါတယ်။ ဖတ်စရာမကျန်တော့ချိန်မှာ ဘာသာပြန်ဝတ္ထုတွေကိုပါ ဖတ်ပါတယ်။ စာရင်းစာအုပ်လေးနဲ့မှတ်ထားပြီး ဖတ်ပစ်လိုက်တာ၊ အဲဒီတုန်းက နေ့ချင်းပြန် ပြန်အပ်ရင် တစ်အုပ်ကို ၂၅ ပြားပဲ ပေးရပါတယ်။ တစ်နေ့ကို အနဲဆုံး ၃ အုပ် ဖတ်ပါတယ်။ ရုပ်ရှင်က အနဲဆုံး တစ်ကား ကြည့်ပါတယ်။ အဲဒီအချိန်မှာတော့ ဝါသနာပါလို့သာလုပ်နေခဲ့ပေမယ့် အကျိုးရှိတယ်လို့ မထင်ခဲ့မိပါဘူး။ စိတ်ကူးယဉ်တတ်သလိုတောင် ဖြစ်နေပါတယ်။ ဒါပေမယ့် ကျွန်မက မစန္ဒာရဲ့ အရိပ်ဆိုတဲ့ဝတ္ထုနဲ့ ဂျီဟောသူဝတ္ထုကို တော်တော်ကြိုက်လို့ အပိုင်တောင်ဝယ်သိမ်းထားခဲ့ဖူးပါတယ်။ တော်တဲ့ဇာတ်ကောင်တွေ၊ ယဉ်ကျေးတဲ့ဇာတ်ကောင်တွေကို အားကျမိခဲ့ပါတယ်။ အင်္ဂလိပ်ကားတွေကြည့်ရင်း အဖိုးက ဘာသာပြန်ပြရင်းနဲ့ ထပ်ခါထပ်ခါပြောနေတဲ့စကားတွေကို အလိုလိုနားလည်ပြီး အလွတ်ရနေပါတယ်။ တရုတ်သိုင်းကားတွေကြောင့် ကျွန်မတို့ မောင်နှမတွေ ခဏခဏသိုင်းချကြတာ လူကြီးတွေ မျက်စိနောက်ရတဲ့အထိပါပဲ။

အဲဒီအကျိုးဆက်အနေနဲ့ ကျွန်မက မြန်မာစာနဲ့ အင်္ဂလိပ်စာကို တော်တော်ရနေပါတယ်။ အထူးသဖြင့် စာစီစာကုံးကို မြန်မာစာမှာရော အင်္ဂလိပ်စာမှာပါ အိုင်ဒီယာနဲ့ အရေးအသားက ဆရာမက အတန်းထဲမှာ ပြန်ဖတ်ပြရလောက်အောင် ကောင်းနေခဲ့ဖူးပါတယ်။ ကျောင်းစာပြင်ပကို ကျော်တွေးတတ်တဲ့ အကျင့် အဲဒီအချိန်တုန်းကထဲက ရှိခဲ့တာကို အသက်တော်တော်ကြီးတော့မှ သတိထားမိပါတယ်။ နောက်ပိုင်း တက္ကသိုလ်ပညာရေးမှာကျတော့ ကျောင်းစာနဲ့တင်မလုံလောက်တဲ့အချိန်မှာ ကျွန်မရဲ့ အထက်တန်းက တွေးခေါ်နိုင်တဲ့အလေ့အကျင့်ကြောင့် အခက်အခဲမရှိခဲ့ပါဘူး။ နောက်ဆုံးအလုပ်လုပ်ချိန်မှာတော့ အလွန့်အလွန်အသုံးတည့်နေပါသဖြင့် ကလေးဘဝက မသိမသာနဲ့ ဝါသနာပါခဲ့တဲ့ အနုပညာနဲ့ ဖန်တီးမှုတွေဟာ အခြေခံအုတ်မြစ်အဖြစ် တစ်သက်လုံး အသုံးတည့်နေပါလားလို့ ဆင်ခြင်မိရင်း နောင်လာနောက်သားများလဲ ဖန်တီးခြင်း အနုပညာကို အလေးထားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ် ….

23 comments

  • manawphyulay

    December 18, 2010 at 11:23 am

    ဝတ္ထုတွေ ဖတ်အား ကောင်းတာပဲ ဗဟုသုတ ရမယ့်ဇာတ်လမ်းလေးတွေ များများရေးပေးပါလား မနောတို့လည်း လေ့လာလို့ရတာပေါ့။

  • weiwei

    December 18, 2010 at 11:32 am

    လောလောဆယ်အခြေအနေမှာတော့ ဇာတ်လမ်းလိုထွင်ရေးဖို့ အချိန်မရသေးလို့ ကိုယ်တွေ့အကြောင်းတွေနဲ့ အတွေးတချို့ပဲ ရေးဖြစ်အုန်းမယ် …
    ဆရာမ မေငြိမ်းက သူငယ်ငယ်က သူ့အဖေနဲ့ပတ်သက်ပြီးပြောတာကို နားထောင်ပြီး ကျွန်မ ငယ်ငယ်တုန်းကလဲ အနုပညာနဲ့နီးစပ်ခဲ့ပါလားလို့ သတိရရင်း အမေ့ကိုလဲ ကျေးဇူးတင်တဲ့စိတ်နဲ့ ဒီပို့စ်ကို ရေးလိုက်မိတာပါ …

  • nyimalay

    December 18, 2010 at 2:03 pm

    အန်တီဝေရေးသားသော ပိုစ်မှန်သမျအကုန်ကြိုက်ပါတယ်…. ပိစိကွေးလည်း စာရေးချင်ပါတယ် ဒါပေမယ့် ဘယ်ကဘယ်လိုစရေးရမှန်းမသိဖြစ်နေလို့ နောက်ပိုင်း အန်တီဝေတို့ဆီကနေ အတုခိုးပြီးလိုက်ရေးရန်ရည်ရွယ်ထားပါတယ်… ဒီလို ဗဟုသုတရမယ့် ပိုစ်လေးတွေများများတင်ပေးပါလို့တောင်းဆိုပါတယ်…….. ဂေဇက်မှမန်ဘာများအားလုံးကို ဘာလို့လည်းမသိဘူး ခင်မင်နေမိပါတယ်….. ပိစိကွေးကိုလည်းခင်ကြမယ်မဟုတ်လားဟင်…… ခင်မင်ကြပါနော် 🙂

    • weiwei

      December 18, 2010 at 2:31 pm

      ပိစိကွေးဆိုတော့ နံမည်ကြည့်ပြီး မျက်စိထဲမှာ ကလေးလေးပဲမြင်နေတယ် .. 🙂
      အန်တီဝေက စာရေးတာဆိုလို့ ဂေဇက်မှာစရေးပြီး ဒီမှာရေးထားတာအကုန်ပဲ ပိစိကွေးရေး… အားပေးတဲ့သူတွေရှိလို့ ဝမ်းသာပါတယ် …. ရွာထဲဝင်လာတဲ့သူ အားလုံးကို ခင်ပါတယ် ….

  • ဆူး

    December 18, 2010 at 2:17 pm

    ဆူး ကတော့ မဝေနဲ့ တခြားစီဘဲ.. ငယ်ငယ်က အိမ်မှာ စာတွေ ကျပ်မတ် သင်ကြားမှုကြောင့် အတန်းထဲမှာ အမြဲ အဆင့် ၁ ရနေပေမဲ့.. အသက်အနည်းငယ် ကြီးလာတဲ့ အချိန်မှာ စည်းကမ်း ဘောင်ထဲ အတင်းသွပ်သွင်းထားတဲ့ ခံစားချက်ကြောင့် စာဆို ဘာစာမှ ကို မမြင်ချင်ဘူး။ ဖတ်လည်း မဖတ်ဘူး။ ဝတ္တုတောင် အစ အဆုံး ဖတ်ခဲ့ဘူးတာ ၅အုပ်လောက်ဘဲ ရှိမယ်။ အသက်ပိုကြီးလာလေ.. စာကို မုန်းလေဘဲ။ အတန်းထဲမှာ သင်တာကို မှတ်ထားတယ် ပြန်ဖတ်ဖို့ ပြန်ကြည့်ဖို့ သိပ်တင်းကျပ်လွန်း နားပူလွန်းလို့.. မလွဲသာလို့ စားပွဲရှေ့မှာ ထိုင်နေရပေမဲ့ စာက စိတ်မပါ.. ပိုပြီး လူလည်ကျတတ်လာတော့ အချိန်သတ်မှတ်ပေးပြီး ကျက်ခိုင်းရင် ပါးစပ်က စာအသံထွက် မကျက်တော့ဘူး။ စာအုပ်တအုပ်နဲ့ စာရေးကျက်တဲ့ အကျင့်ကို လုပ်လိုက်တယ်။ လာကြည့်ရင် စာရေးနေတာဘဲ မြင်လိမ့်မယ်။ ထင်ရာမြင်ရာ လျောက်ရေးတာဘဲ။ အဲဒီလိုနဲ့ ဆန့်ကျင်လာတာ ရလဒ်ကတော့ စာညံတယ်။

  • ဆူး

    December 18, 2010 at 2:24 pm

    ဆူး မှာ ဝါသနာ ပါတဲ့ အလုပ်တခုရှိတယ် အားရင် ပုံဆွဲတတ်တယ်။ ပုံတူတွေ တော်တော် နီးနီးစပ်စပ် တူအောင် ဆွဲနိုင်ခဲ့တယ်။ ဝါသနာပါပေမဲ့ ကျောင်းစာအတွက် မြှောက်စားမခံရခဲ့ဘူး။ ဒီအတွက် စနစ်တကျ သင်ကြားခြင်း မရှိဘူး။ နီးစပ်ရာ ပုံတွေ လျောက်ဆွဲတတ်တဲ့ အကျင့်ရှိပေမဲ့.. အခုတော့ ခဲတံတောင် မကိုင်တာ ကြာတော့ မြင်တဲ့ အရာဝတ္ထုတွေရဲ့ အချိုးကို ကိုက်ညီအောင် မဆွဲနိင်တော့ဘူး။ သူများတွေတော့ မသိဘူး အာရုံစိုက်ရင် သိပ်မူးတာဘဲ။ ပန်းချီပုံတွေ အာရုံစိုက်ပြီး ဆွဲနေရင်လည်း မူးမူးလာတယ်။ သူငယ်အိမ်များ စောင်းနေလားတော့မသိဘူး။ အခုတော့ ဘာမှ မယ်မယ်ရရ အောင်မြင်တာ မရှိဘူး။ ဘဝမှာ လူအများ တော်လိုက်တာ ဆိုတဲ့ အကြည့်နဲ့ အားကိုးတကြီး လေးစားခံရတဲ့ အချိန်ကတော့ သင်တန်းမှာ စာသင်တဲ့ အချိန်တွေဘဲ။ အဲဒီ စာတွေလည်း အခုတော့ ကျောင်းပြန်လို့ ဦးနှောက်တွေလည်း မှိုတက်နေပြီ။

  • နေ ဘုန်းလျံ

    December 18, 2010 at 3:23 pm

    အော်ဆူးကို ငယ်တယ်ထင်ထားတာ တော်တော် လေးအသက်ကြီးနေပါပေါ့လား

  • jarnuu

    December 18, 2010 at 6:03 pm

    ဟုတ်ပါတယ် ငယ်ငယ်က အမေက ဝတ္ထုဖတ်လို့ငေါက်တာနဲ့ ခိုးခို်းဖတ်ရတာ အချစ်ဝတ္ထုတွေအပြင် အမေဖတ်တဲ့ သိုင်းစာအုပ်ကော မကျန်ဖတ်ဖြစ်ခဲ့တယ် နုနုရည်အင်းဝကော မိုက်မိုက်ပြည်ကာတွန်းကော ဖတ်တယ် ဒေါက်တာမတင်ဝင်းစာအုပ်တွေဆို အရမ်းကြိုက်တယ် ဖတ်ဖြစ်တယ် ခုတော့ တရားစာအုပ်တွေပဲဖတ်ဖြစ်တာများတယ် အလိမ္မာ စာမှာရှိတဲ့ ဘာစာပဲဖတ်ဖတ်ကောင်းတယ် ကိုယ်ယူတတ်ရင် ယူတတ်သလို ရမှာပဲ

  • bigcat

    December 18, 2010 at 11:07 pm

    ဒီလောက်တောင်စာတွေဖတ် သိုင်းလည်းတတ် အစဉ်အလာကြီးမားတဲ့ စက်မှုတက္ကသိုလ် ထွက်ဖြစ်ရဲ့သားနဲ့ ဒို့အရေးလောကမှာ မတွေ့ခဲ့တာတော့ နာသကွာ။ အတတ်ဟောလိုက်မယ် နိုင်ငံရေးစာတွေ မဖတ်ခဲ့ဘူးမဟုတ်လား။

  • maungmoenyo

    December 19, 2010 at 3:21 am

    ဘာစာဘဲဖတ်ဖတ် ဖတ်ဖြစ်ဘို့က အရေးကြီးတယ်လို့ ယူဆပါတယ်။ မောင်မိုးညိုတို့ငယ်ငယ်နဲ့အဖေလုပ်သူက နိုင်ငံရေးလောကက အရွယ်မတိုင်ခင်အနားယူရပါတယ်။ သူ့ဘဝသက်တမ်းတလျှောက်ရောက်လေရာနိုင်ငံ၊ဒေသတွေမှာ စာအုပ်ဝယ်စုတဲ့ဝါသနာကြောင့်သူအလုပ်အကိုင်ကင်းမဲ့ချိန်မှာ စာအုပ်တွေဟာသူ့ရဲ့ဘဝဖြစ်ခဲ့ရပါတယ်…။ သူမြတ်နိုးနိုးစုဆောင်းခဲ့တဲ့စာအုပ်ဘီဒိုကြီး (၅) ဘီဒိုလောက်ထင်ပါတယ်) တွေကစာအုပ်တွေ တောင်ပုံရာပုံထုတ်ပြီး ဖုံခါသန့်ရှင်းရေးလုပ်ရင်းက မတောက်တခေါက်အင်္ဂလိပ်စာနဲ့ဟိုလှန်သည်လှော် စပ်စုမိကြပါတယ်။ နေ့စဉ်လုပ်ရတဲ့အဲ့ဒီအလုပ်က တနွေကုန်လောက်အောင် များပါတယ်။ သူသပ်မြတ်နိုးခဲ့တဲ့ အဲ့ဒီစာအုပ်တွေက ဆက်ထိမ်းသိမ်းဘို့ခက်ခဲလို့ ရန်ကုန်ဝိဇ္ဖာသိပ္ပံတက္ကသိုလ်စာကြည့်တိုက်ကိုလှူတော့ တန်ဘိုးကြီးတဲ့စာအုပ်တွေမို့ တက္ကသိုလ်အာဏာပိုင်တွေကဝမ်းသာကြလို့ ထင်ပါတယ် လဖက်ရေတိုက်ပြီးအခမ်းအနားနဲ့ဂုဏ်ပြုလိုက်ကြပါတယ်။ နောက်နှစ်အနဲငယ်ကြာလို့ သူလှူလိုက်တဲ့စာအုပ်တွေ နဲနဲဖတ်ကြည်ခြင်လဆိုပြီးို့ ရန်ကုန်တက္ကသိုလ်စာကြည်တိုက်ကိုသွားတော့၊ ကန်ုသတ်စာအုပ်များစာရင်းဝင်လို့ဆိုပြီးဖတ်ဖို့နေနေသာသာ ကိုယ်လှူထားတာတွေ ဖြူသလားမဲသလားကြည့်ခွင့်မရခဲ့ပါဘူး။ အဲ့ဒီစာအုပ်တွေသတင်း အဖေကသေတဲ့အထိဘာသတင်းမရတော့ပါဘူး..။ နောင်လာနောက်သားတွေဖတ်နိုင်လေ့လာနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူလှူခဲ့တာတွေကို အကြိုးရှိအောင်အသုံးမချတတ်တဲ့အတွက် သူလဲတော်တော်စိတ်ထိခိုက်သွားပုံရပါတယ်။ အဖေစုထားတဲ့စာအုပ်တွေ ကပြည်ပနိုင်ငံတွေမှာတောင်မူရင်းစာအုပ်အဖြစ် အတော်ရှားပါးစာရင်းဝင်တွေဖြစ်နေပါပြီ။ သူနိုင်ငံတကာကိုသွားလာနိုင်စဉ်တုံးက (ဒုုတိယကမ္ဘာစစ်ကြီးပြီးခါစမို့) စဉ်းစားသာကြည်ပါတော့…။
    အဖေကစာဖတ်တာကိုအကန့်အသတ်မထားခဲ့ပါဘူး….။ ကြိုက်တာဖတ်၊ ဖတ်နိုင်သမျှှအမြတ်လို့ပြောလေ့ရှိပါတယ်၊ တခုဖြစ်နိုင်တာကအဲ့ဒီခေတ်အခါတုံးကလဲ ဖတ်ဘို့မသင့်တော်တဲ့စာပေမျိုးကလဲ ရှားသားကလား။ ရန်ကုန်ဆူးလေဘုရားလမ်းကအင်းဝစာအုပ်တိုက် ဟာသူ့ရဲ့တနေ့တာကိုကုန်လွန်စေတဲ့စာအုပ်တိုက်ပါဘဲ။ မောင်မိုးညိုတို့ညီအကိုတတွေ စာနဲ့ပေနဲ့နီဒစပ်ခဲ့ရတာကလဲဒါ တကြောင်းအပါအဝင်လို့ထင်ပါတယ်။ စာပေဗိမာန်ဟာမုလက လူထုတဲ့အားကိုးဘွယ်ရာစာပေဟင်လေးအိုးကြီးတခုဖြစ်ခဲ့ပါတယ်…။ စာပေကိုအစိုးရက ကန့်သတ်တယ်ဆိုပေမဲ့ သိပ်မဆိုးလှသေးပါဘူး။ နိုင်ငံက ဒေါ်လာမရှိရှားပါးလို့သာပြည်ပကမတင်ပို့နိုင်ခဲ့တာပါ။ သိပ်မဆိုးလှသေးပါဘူး။
    မောင်းမိုးညိုတို့ teenage ရောက်တော့ဝတ္ထုဖတ်တာကိုအဖေကသိပ် မတားပေမဲ့ အမေကသိပ်ကြိုက်ပုံမရပါဘူး။ ပီမိုးနင်း၊ ဒဂုန်ခင်ခင်လေး၊ သခင်တင်မြ၊ သခင်ချစ်မောင် ဂျာနယ်ကျော်ဦးချစ်မောင်၊ (မြန်အောင်)၊ ရန်ကုန်ဘဆွေ၊ ဆရာဝန်တင်ရွှေ ၊ ခင်ဆွေဦး၊ စသူတိုရဲ့စာအုပ်တွေက မောင်မိုးညိုရဲ့ကနဦးစာပေမိတ်ဆွေများ ဖြစ်ခဲ့ပါတယ်။ သူတို့အတွေရဲ့စာအုပ်တွေကလဲစင်တင်စာရင်းဝင်မို့ အဖေကဝယ်ပြီးစုဆောင်ိးထားပါတယ်။ နောက်လူပျိုဘဝရောက်တော့ အသဲစွဲဖြစ်ခဲ့တဲ့စာရေးဆရာက တက္ကသိုလ်ဘုန်းနိုင်ပါ…။ “ငါ့စာဖတ်၍မမြတ်တိုင်စေ မရှုံးစေသား……”ဆိုပြီးအစချီတဲ့ သူ့အဖွင့်စာသားနဲ့ဝတ္ထုတွေဟာ မောင်မိုးညိုရဲ့စိတ်ကူးယဉ်အိပ်မက်နယ်ကိုအတိုင်းမသိချဲ့ခဲ့ပါတယ်။ ‘ညီမလေးလို့ဘဲဆက်၍ခေါ်မည်..ခိုင်” ..ကစပြီး အကြောင်းမရှိအကြောင်းရှာပြီးလွမ်းလိုစိတ်၊ ဆရာဝန်ဖြစ်လိုစိတ်၊ ရည်းစားထားလိုစိတ်တွေဘဲဖြစ်လာသလားဘဲ….။
    ခြင်ထောင်ထဲဖယောင်းတိုင်ထွန်းပြီးဝတ္ထု ခိုးဖတ်ရတဲ့ ဘဝဆိုတာ တကယ်ရှိခဲ့တာပါနော်……။
    မောင်မိုးညို အကြံပြုချင်တာက…စာဖတ်တဲ့အကျင့်ကို…မွေးမြူယူကြပါရယ်လို့…။

  • နေ ဘုန်းလျံ

    December 19, 2010 at 4:44 am

    အဟား ဓိက က အမှန်တရားကိုမြင်ဖို့ ရေးကြီးတယ် ဘာ တွေဘဲရရ ကျွန်တော် လဲမနက်ဖြန် သဘက်ခါ ခင်ဗျားတို့ ဂုဏ်မက်တဲ့ နေရာရတော့မှာဘဲ…။

  • ဆူး

    December 19, 2010 at 1:34 pm

    ဦးမိုးညိုပြောမှ.. ဆူး အဖေ စာအုပ်တွေ အများကြီး ရန်ကုန်တက္ကသိုလ်မှာ သွားလှူဘူးတယ်။ လှူတာ လက်ခံတဲ့ ဆရာမတွေကတော့ ရှားပါးစာအုပ်တွေ ဖြစ်နေလို့.. သိမ်းဆည်းထားမှာပါတဲ့.. ကိုယ်လှူတဲ့ စာအုပ်ဖတ်ချင်ရင်တော့ အလှူရှင်နာမည်ပြောပြီး ခွင့်တောင်းရင်ပေးမယ်တဲ့.. အဲဒီလိုပြောဘူးတယ်။ ရှားပါးစာအုပ်တွေ ပျက်စီးသွားမှာ နှမျောစရာ ဆိုပေမဲ့ လူငယ်တွေ ဖတ်တော့ ဖတ်သင့်တယ်။

  • weiwei

    December 19, 2010 at 1:51 pm

    ခြင်ထောင်ထဲမှာ ဖယောင်းတိုင်ထွန်းပြီး ဝတ္ထုခိုးဖတ်ဖူးတယ် … အိမ်သာထဲ သွားပြီးလဲ ဝတ္ထုခိုးဖတ်ဖူးတယ် …
    အိမ်မှာကတော့ ဘာသာရေးစာအုပ်တွေ တော်တော်များများရှိတယ် … ဘုန်းကြီးကျောင်းတွေ စာကြည့်တိုက်တွေကို တော်တော်များများသွားလှူဖူးတယ် ….

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 19, 2010 at 2:08 pm

    စာဖတ်တာကတော့ ကောင်းတယ်
    တစ်ချို ့စာအုပ်တွေဆို လူတစ်ယောက်ရဲ ့ သူ ့တစ်ဘဝတာ သင်္ခန်းစာတစ်ခုကို
    စာအုပ်တစ်အုပ် ဖတ်လိုက်တာနဲ ့အကုန်သိမ်းကြုံးပြီး သိခွင့်ရသွားစေတယ်
    တစ်ချို ့ဆိုရင်လည်း ဗဟုသုတတွေအစုံပေါ့
    ဒါက ဆင်ခြင်တတ် ဆည်းပူးတတ်တဲ့သူတွေတွက်လို ့ဆိုရမှာပါ
    တစ်ချို ့ဆို စာအုပ်ထူကြီးတွေဖတ်ပြီး ကြောင်တောင်တောင် နဲ ့ စာကြောင်ဖြစ်တာလဲ တွေ ့ဘူးပြန်ရော

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 19, 2010 at 2:13 pm

    ဒီထဲမှာ စိတ်အလေဆုံးက သိုင်းဝတ္ထုအတွဲရှည်ကြီးတွေဖတ်တဲ့လူတွေ
    သူကြိုက်လို ့ဖတ်တာကိုတော့ ပြောရတော့အခက်သား
    ဘာဗဟုသုတများရလဲမသိဘူး
    တောင်ကြီးပက်လက် သိုင်းနဲ ့ချလိုက်တာ ဝုန်းဒိုင်း ဗျန်းဆိုပြီး ကြောက်မက်ဖွယ် အသံတွေတောင်ထွက်တယ်ဆိုဘဲ
    အောင်ပုကတော့ ဖိုက်တင်ပေးလို ့မဟန်ရင် ခွေးသိုင်းနဲ ့ မိရာကို ကိုက်တာဘဲ
    ပြီးရင် ပြေးသိုင်း
    ပြေးတာမှ တန်းးးးးးးးးးးးးးးးနေတာဘဲ

  • weiwei

    December 19, 2010 at 2:18 pm

    သိုင်းဝတ္ထုတော့ တစ်ခါမှ မဖတ်ဖူးဘူး … အတွဲတွေ သိပ်ရှည်လွန်းလို့ စွဲသွားမှာကြောက်ပြီး မဖတ်ဖြစ်ဘူး … ကျွန်မမောင်ငယ်ငယ်တုန်းက တရုတ်သိုင်းကားတွေကြည့်ပြီး ကျောင်းမှာ ရန်ဖြစ်တာ ဟန်ရေးပြနေတုန်း သူများထိုးတာခံရတာ ခဏခဏပဲ … 😛

  • ဆူး

    December 19, 2010 at 2:20 pm

    စာ အဖတ်နည်းလို့ သိုင်း ဝတ္တုလည်း မဖတ်ဘူးဘူး။ သိုင်းကား အရှည်ကြီး တော့ စလောင်းက လာသမျှ မရိုးနိုင် မျက်စိတွေ ပူထူသွားတဲ့ အထိ ကြည့်ဘူးတယ်။ တရုတ်စာ မတောက်တခေါက် သင်ပြီး တွေ့ကရာလူတွေကို ပေါက်ကရ လျောက်ရွီးပြီး ဘာသာပြန်ပေးဘူးတယ်။ မသိတဲ့ လူကို ရွီးတော့ နဲနဲတော့ ရှိန်တာပေါ့။

  • maungmoenyo

    December 20, 2010 at 3:32 am

    ဆရာပါရဂူ ရဲ့ ရှန်တိနိကေစာကြည့်တိုက် (အသေအခြာမမှတ်ိမိတော့) ရှေီပေါက်ကံမြို့မှာရှိတယ်ပြောတာကြားဖူးပါတယ်။ အဲ့ဒီစာကြည့်တိုက်အကြောင်းသိသူရှိရင်တင်ပေးကြပါလား။ လိပ်စာ ဖုံးနံပါတ်အပါအဝင်ပေါ့…။

  • နွယ်ပင်

    December 20, 2010 at 4:43 am

    နွယ်ပင်ကတော့ အဖေကိုကျေးဇူးတင်ရမယ် .. အဖေက ငယ်ငယ်ကလေးကတည်းက စာဖတ်ချင်စိတ်ရှိလာအောင် လေ့ကျင့်ပေးခဲ့တာ . နွယ်ပင် (2) တန်းလောက်ကတည်းကစပြီး ပုံပြင် စာအုပ်လေးတွေကနေ အသက် တဖြည်းဖြည်းကြီးလာတော့ ကြီးတဲ့ အလျှောက် ဖတ်သင့်တဲ့ စာအုပ်လေးတွေကို ဝယ်ပေးခဲ့တယ် .ဒါပေမဲ့ ဝတ္တူစာအုပ်တော့ ပေးမဖတ်ခဲ့ဘူး ငယ်ငယ်က(7) တန်း (8) တန်းလောက်တုန်းကတော့ ခိုးဖတ်တာပေါ့ . အခုတော့ ဘာစာအုပ်မဆို အပျော်ဖတ်ရော ဘာသာပြန်ရော ဘာသာရေးရော အကုန်လုံးကိုဖတ်တာပဲ .. အဖေကိုယ်တိုင်ကလဲ စာဖတ်တာ ဝါသနာပါသလို သူ့သမီးလေးကို တခြား ဘာမဟုတ်တာတွေနဲ့ အချိန်ကုန်မယ့်အစား စာဖတ်နေရင်းက စာထဲက ဟေုသုတတွေ အသိပညာ်တွေယူတက်အောင် လေ့ကျင့်ပေးခဲ့တာ အခုဆို စာအုပ်မြင်ရင် မနေနိုင်ဘူး စာအုပ်မဖတ်ဘဲနဲ့လဲ နေလို့မရတော့ဘူးလေ ….

  • weiwei

    December 20, 2010 at 4:57 am

    ကျွန်မစိတ်ထဲမှာ အနုပညာရယ်လို့ခံစားရတဲ့စာအုပ်တွေကတော့ ဆရာပါရဂူရဲ့ ဟိန္ဒီဘာသာပြန်စာအုပ်တွေပဲ … အဲဒီစာအုပ်တွေဖတ်တုန်းက အသက်ကလဲ ၂ဝ ကျော်လောက်ဆိုတော့ တော်တော်နားလည်နေတဲ့အရွယ်ပေါ့ … စာအုပ်နံမည်တွေကတော့ များလွန်းလို့ ချမရေးတော့ပါဘူး … အားလုံးထဲမှာတော့ သိဒတ္တ ဝတ္ထုကို အကြိုက်ဆုံးပဲ …
    ၁ဝ တန်းမှာ ပထမဆုံး ဂျူးရဲ့ အမှတ်တရဆိုတဲ့ ဝတ္ထုစာအုပ်သေးသေးလေးကို ဖတ်ဖူးတယ် … အခုထိ အမှတ်တရပါပဲ …

  • maungmoenyo

    December 21, 2010 at 2:13 am

    ဆရာပါရဂူဟာ မြန်မာနိုင်ငံမှာ ဟန္ဒီ နဲ့သက္ကတ ဘာသာကိုပြန်ဆိုပေးနိုင်တဲ့ တဦးတည်းသောစာပေပညာရှင် ဖြစ်နေပါပြီ။ ဆရာကြီးဦးဖေမောင်တင်နောက် တန်ဘိုးမဖြတ်နိုင်တဲ့ အဲ့ဒီဘာသာစကားကို ပြန်ဆိုနိုင်တဲ့သူရယ်လို့ သူဘဲကျန်ပါတော့တယ်။ “သိဒ္ဓတ္ထ” “အမ္ဗပါလီ” “စိတ္တရလေခါ” “ဂဏနိုင်ငံတော်”တို့ဟာတန်ဘိုးကြီးလှတဲ့ ကျမ်းကြီးတွေဖြစ်ပြီး၊ မြန်မာလူထုကို ကနဦးမိတ်ဆက်ပေးခဲ့ယုံမက၊ ဂေါတမမတိုင်မှီနဲ့ပြီးနောက်ခေတ် ရဲ့ ဂင်္ဂါမြစ်ဝှမ်းဒေသရဲ့ယဉ်ကျေးမှုကို ထိတွေ့ခွင့်ပေးခဲ့ပါတယ်…။
    မြန်မာလူထုအများစုကနားလည်လိုက်စားခဲ့တဲ့ ဗုဒ္ဓယဉ်ကျေးမှုဟာ အမွှန်းတွေနဲ့မလိုးလားအပ်တဲ့ချဲ့ကားမှုတွေ နဲ့ပြည့်သိပ်နေခဲ့ပါတယ်။ ဗုဒ္ဓ
    ရဲ့ပင်ကိုမူရင်းဘဝ နဲ့ အကျင့်အကြံကို အမှန်အတိုင်းချပြရေးသားခဲ့သူ ဟာ ဆရာပါရဂူဆိုရင်မမှားပါဘူး။
    ရန်ကုန်မှနေကြသူတွေက ဆရာ့ကိုလက်လှမ်းမှီအောင်ဆက်သွယ်ကြပြီး ပံ့ပိုးကူညီနိုင်တဲ့ နည်းလမ်းတွေဖေါ်ထုတ်ပေးနိုင်ရင်သိပ်ကောင်းမှာပါဘဲလို့…။

  • weiwei

    December 21, 2010 at 3:43 pm

    ငယ်ငယ်တုန်းကတော့ ကိုယ်ပိုင်စာကြည့်တိုက်ကလေးလုပ်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ် … တကယ်လဲ စာအုပ်ဝယ်စုရော ပိုက်ဆံမတတ်နိုင်ဘူး … မုန့်ဖိုးထဲကဝယ်ရတော့ များများမဝယ်နိုင်ဘူး … အလုပ်လုပ်တော့ ပိုဆိုးတယ် .. လစာကနဲ စာအုပ်ကဈေးကြီးလာရော …

    အခုတော့ ebook တွေပေါ်လာတော့ ဟန်ကျတယ် … ပိုက်ဆံလဲမကုန် နေရာလဲမကုန်တော့ဘူး …

Leave a Reply