လုပ်ငန်းခွင်နောက်ကွယ်က စာမျက်နှာ(၂)

လုပ်ငန်းခွင်နောက်ကွယ်က စာမျက်နှာ(၂)

(၁)

စာရေးသူတို့ဟာ လုပ်ငန်းခွင်ပေါ်မှာ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ သီချင်းနားထောင်ခြင်း၊ သူငယ်ချင်းများနှင့် ရောက်တက်ရာရာပြောခြင်းတွေကိုပြုလုပ်လျှက်ရှိပါတယ်။ ဒါမှလည်း စိတ်ပျော်ရွှင်စရာ ကျေနပ်စရာတွေဖြစ်လာနိုင်တာပါ။ ခုပြောချင်တာကတော့ လုပ်ငန်းခွင်ပေါ်က လူတစ်ချို့အကြောင်းပါ။ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ့်ကိုယ်ပိုင်အချိန်တွေကို ကောင်းကောင်းအသုံးချနေချိန်မှာ အမြင်စောင်းသူတစ်ချို့ရဲ့ အကြောင်းလေးပါ။ စာရေးသူတို့ဟာ ရုံးထိုင်စာရင်းကိုင်တွေပါ။

ဒါဆိုရင်တော့ အလုပ်ဟာ တစ်နေကုန်လုပ်ရသည်လည်းရှိမယ်၊ မလုပ်ရတာလည်းရှိမယ်ဆိုတာကို အားလုံးကသဘောပေါက်ကြမှာပါ။ အရေးကြီးရင်ကြီးသလို လုပ်ကြရတာပါ။ စရိတ်ငြိမ်းလုပ်ရတဲ့ ကုမ္ပဏီဆိုတော့ တစ်နေ့အလုပ်ချိန်ဟာ (၈)နာရီမဟုတ်ပါပဲ မအိပ်ခင်စပ်ကြားအထိလုပ်ရတာလို့ပြောရရင် မှားအံ့မထင်ပါဘူး။ မြို့ပေါ်ကရုံးတွေလို မနက်ကိုးနာရီမှ ရုံးတက်ရတာမဟုတ်ပါဘူး။ မနက် ရနာရီလောက်ကစပြီး လုပ်ငန်းခွင်ဝင်ရပါပြီ။

          အစိုးရရုံးပိတ်ရက်ဆိုတာ ဖားကန့်လို ဒေသက ပုဂ္ဂလိကကုမ္ပဏီတွေမှာ မရှိပါဘူး။ အခါကြီးရက်ကြီးတွေမှာလည်း အလှည့်ကျလည်ရတဲ့ အခြေအနေပါ။ မဟာသင်္ကြန်ရက်ဆိုတာလည်း အလှည့်ကျ ထွက်လည်နေကြရတာပါ။ ဆိုတော့ ကိုယ့်အားလပ်ချိန်ဆိုတာကို အလကားအကုန်မခံနိုင်ပါဘူး။

အကျိုးရှိရင်ရှိသလို အသုံးချနေကြရတာပါ။ လုပ်ငန်းခွင်မှာက ဆိုင်ရာ ဌာန ဌာနတွေမှာ ကိုယ့်တာဝန်ကိုယ်စီနှင့် မနက်၆နာရီ ညနေ ၅နာရီ အလုပ်ဆင်းနေကြရတာပါ။ သူ့နေရာ နှင့်တူ အားလပ်ချိန်ဆိုတာရှိပါတယ်။ စာရေးသူတို့ဟာ အများအမြင်မှာတော့ အရိပ်ထဲမှာနေ ကောင်းကောင်းစား၊ ကောင်းကောင်းနေရတာလို့ မြင်ရမယ့်အခြေအနေပါ။

စာရေးသူတို့ စိတ်ညစ်ရဆုံးအချိန်တွေရှိတယ်ဆိုတာ သူတို့တွေ မသိကြပါဘူး။ အထူးသဖြင့် အထက်လူကြီးတွေကို အနီးကပ်ဆက်ဆံရတာတွေ၊ အဆူအမောင်းခံရတာတွေပါ။ အနီးကပ်နေရတဲ့သူတွေက ဘယ်တော့မှ အဆူအမောင်းမခံရတာတော့မရှိပါဘူး။အနည်းနှင့်အများကတော့ ခံကြရတာချည်းပါ။ ဒါကို ဘယ်လိုမြင်ကြသလဲဆိုတော့ စာရေးသူတို့ဟာ ဘယ်လောက်မှ မလုပ်ရပါပဲ လစာကောင်းကောင်းရတာ၊ အများနှင့်မတူတဲ့ နေရာကောင်းတွေရတာတွေဟာ ဖားကြတယ် အကပ်ကောင်းတယ်ဆိုကြပါတယ်။ ရှိပါသေးတယ်။ ပြန်ကြားရတာတဲ့စကားရှိပါတယ်။ အခြောက်တိုက် ကြည့်မရဘူးဆိုတာက ပါသေးတာပါ။

ဆိုတော့ စာရေးသူတို့ ထော်လော်ကန့်လန့်မနေပါပဲ၊ ဆက်ဆံရေးညံ့ဖျင်းမှုမပါပဲ ဒီလိုတွေပြောခံရတော့ စာရေးသူတို့နားတွေဟာလည်း အဝင် အထွက် စည်းချက်မှန်လာပါတော့တယ်။

          အများနှင့် ဆက်ဆံနေရတဲ့ လုပ်ကွက်ရုံးဖြစ်တာနှင့်အညီ တစ်နေ့တစ်နေ့ လူပေါင်းများစွာနှင့်ဆက်ဆံနေကြရတာပါ။ အချိန်ပြည့် ရုံးမှာရှိနေရမယ်လို့ သက်မှတ်ထားတာမရှိပေမယ့်လို့ စာရေးသူတို့ဟာ ရုံးမှာနေပေးတတ်ကြပါတယ်။ ကိုယ်ပိုင်အားလပ်ချိန်မှာတော့ အများနည်းတူ လွတ်လပ်စွာနေချင်ကြတာ ဓမ္မတာပါ။ သူတို့တွေက အားမှရုံးလာတဲ့အချိန်ဟာ စာရေးသူတို့ နားနားနေနေ နေကြတဲ့အချိန်တွေနှင့် တိုးနေတတ်တာ။ ဥပမာ နေ့လည်စာထမင်းစာနေတာ၊ စာဖတ်နေတာ၊ မှိန်းမောနေတာတွေပါ။

အဆိုးဆုံးကတော့ ထမင်းစားနေချိန်မှာ အလိုက်ကန်းဆိုးမသိစွာဖြင့် အပြင်ထွက်ချင်လို့ လက်မှတ်ယူတာ စတာတွေဟာ နားလည်မှုရှိစွာဖြင့် စောင့်စိုင်းသင့်တာပါ။ ခုတော့ ကိုယ်က ခဏလေး ထမင်းစားနေတယ် စောင့်ဦးလို့ပြောမိတဲ့အခါတွေမှာ ပြောဆိုဆက်ဆံသွားတတ်ကြတာတွေဟာ စိတ်ညစ်စရာတွေပါ။ ဆိုးဆိုးရွားရွားဆက်ဆံတတ်သူတွေကို စာရေးသူတို့ကလည်း နယူသန်ရဲ့ တန်ပြန်သက်ရောက်မှု နိယာမ သဘောတရားအတိုင်းပြန်လည် တုံ့ပြန်မိတော့တာပါ။

           နောက်မှ ပြန်လည်စဉ်းစား ဆင်ခြင်ရပါတော့တယ်။ လူ့စိတ်ဆိုတာကလည်း အမြဲကောင်းနေတတ်တာမျိုး မဟုတ်တော့ အနည်းနှင့် အများ ကြက်ခေါင်းဆိတ်မခံဖြစ်နေတတ်တာပါ။ ညဆိုလည်း ညမို့။ နေ့ဆိုလည်း နေ့မို့။ စိတ်ပျက်စရာတွေများလှပါတယ်။

(၂)

စာရေးသူတို့ဟာ ခုချိန်မှာ ကိုယ်ဖြစ်ချင်တာကို ကိုယ်လုပ်လိုက်လို့ရပေမယ့်လို့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို နှလုံးသွင်းနေရတဲ့ အရွယ်ရောက်နေကြတာပါ။ စိတ်သွားတိုင်းကိုယ်ပါလိုက်ရင်တော့ တုတ်တပျက် ဓားတပျက်ဆိုတာ တစ်ခဏလေးအတွင်းမှာ ဖြစ်သွားနိုင်ပါတယ်။

လူငယ်ဆိုတိုင်း သွေးကြွနေရမယ့် အရွယ်မဟုတ်တော့လည်း ကိုယ့်ကိုကိုယ်ပြန်လည်ဆင်ခြင်နေရတာပါ။ နှစ်တွေ လေးနှစ်ကျော် ငါးနှစ်လောက်ရင်းခဲ့ပြီးမှ မဖြစ်စလောက်အမှားမျိုးနှင့် ကိုယ့်ဘဝကို အမှားအယွင်းမခံနိုင်ပါဘူး။

          ဒီတော့ သီ်းခံရေးတရားကိုပဲ အားလုံးက နှလုံးသွင်းပြီး ကြံ့ကြံ့ခံနေရတော့တာပါ။ ကြာရှည်ဆိုရင်လည်း ကြားဖူးခဲ့တဲ့ စကားတစ်ခုလို့ သီးခံသင့်မှ ခံတော့မည်လို့များ ဆိုမိချင်ဆိုမိဦးမှာပါ။

          နဂိုက သွေးဆူလွယ်တဲ့ ပုရိသမဟာယောကျာ်းတွေဟာ စိတ်ကိုထိန်းဖို့ရာ အင်မတန်ခက်ပါတယ်။ ကြာတော့ စာရေးသူတို့ရဲ့မျက်နှာတွေဟာ လူတိုင်းကို လိုက်လိုက်လျောလျောဆက်ဆံတတ်တဲ့ မျက်နှာမျိုးတွေမဟုတ်တော့ပါဘူး။

အမြဲသစေ ပုတ်သိုးနေတတ်တဲ့မျက်နှာတွေဖြစ်ဖြစ်လာပါတယ်.။ ကိုယ့်စိတ်နှင့်ကိုယ် ဖြစ်မှန်းမသိဖြစ်နေတဲ့ မျက်နှာထားတွေကို အချင်းချင်းလက်တို့ သတိပေးမှ ပြင်ကြရတာပါ။ ဒါလည်း အပြောကမလွတ်ချင်ပါဘူး။ တစ်လောကလုံး သူတို့လုပ်စာထိုင်စားနေတဲ့အတိုင်း ဆိုတဲ့စကားက စာရေးသူတို့လည်း အပြောခံရတာပါပဲ။

          စာရေးသူက သူတို့တွေအစားမောမိပါတယ်။ သူများအကြောင်းကို သူတို့တွေ စဉ်းစားပြောဆိုနေကြတာ မပင်ပန်းဘူးလားပေါ့။ နေ့ရှိသ၍ ကိုယ့်စိတ်ကိုယ်အပင်ပန်းခံပြီး သူတို့ပြောနေကြရတာပါ။ တစ်ခါတစ်ခါ စာရေးသူတို့တောင်မသိရတဲ့အခြေအနေပါ။ ပြန်ကြားရတယ်ဆိုတာကလည်း အတော်လေးကြာမှပါ။ ငါတို့တောင်မသိတဲ့ ဟာကို သူတို့ ဘာလို့ ဒီလောက်ဖြစ်နေရပါလိမ့်လို့ စာရေးသူ ခေါင်းခြောက်စွာ တွေးမိရတဲ့အထိပါ။

          စာရေးသူလည်း သူတို့နှင့် အပြိုင်မမိုက်ဝင့်ပါဘူး။ နောက်ပိုင်းစာပေတွေဖတ်ရှုတော့မယ်ဆိုရင် တရားစာအုပ်လေးတွေကို ဝယ်ဖတ်ရတော့တဲ့အထိပါ။ ကိုယ့်အကြောင်းမကောင်းကြားလာလေ တရားစာအုပ်ကို များများဖတ်လေ လုပ်ရပါတယ်။ ဒါမှလည်း စာရေးသူရဲ့စိတ်ကို မဆွနိုင်မှာပါ။

မေတ္တာရှင် (ရွှေပြည်သာ)၊ ရဝေနွယ်(အင်းမ)၊ အရှင် ဆန္ဒာဓိက စတဲ့ တရားစာအုပ်တွေက စာရေးသူရဲ့ စိတ်ကို အင်မတန် ပျော်ဝင်စေတဲ့ တရားစာအုပ်တွေပါ။ ရဝေနွယ် (အင်းမ)ရဲ့ စိတ်ညစ်ရင်ရေချိုးပါ စာအုပ်ကိုဖတ်ပြီး စိတ်ညစ်တိုင်းရေပဲချိုးမိတော့မလိုက ခဏခဏပါ။

ခုတော့လည်း ခံနိုင်ရည်ဆိုတာကို တကူးတက ကျင့်ကြံစရာမလိုပါပဲ အလိုလို ကျင့်မိသားဖြစ်သွားပါပြီ။ နောက်ဆုံးတော့ လူတိုင်းကို စိတ်ထဲက ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ  ကောင်းကောင်းမွန်မွန် ကျေကျေနပ်နပ်ဖြစ်အောင် ဆက်ဆံတတ်သွားတော့တာ။ ရေလိုက် ငါးလိုက်ဆိုတာကို ကောင်းကောင်းကြီး လက်ခံကျင့်သုံးနေရတော့တာပါ။ စာရေးသူ့ရဲ့ သူငယ်ချင်းတွေကလည်း ထိုနည်းလည်းကောင်း ကျင့်ကြံကြတော့ ပျော်သလိုလိုခံစားရတာပါ။ နေတတ်ရင်ကျေနပ်စရာကြီးဆိုတာ ဒါမျိုးနှင့် တူပါတယ်။

          အထက်လူကြီးနှင့် အောက်က ဝန်ထမ်းတွေကို ဆက်ဆံပုံပြောင်းလဲ ဆက်ဆံကြည့်တော့ အဆိုးကြီးမခံစားရတော့။ ဘယ်လောက်ပဲ အလုပ်ရှုပ်ပါစေ သူတို့တွေရဲ့ လိုအင်ဆန္ဒကို လိုက်လျော ကြပါတယ်။ ရှုပ်လွန်းမကရှုပ်ရင်တော့ ခေတ္တစောင့်စိုင်းပေးပါလို့ ပြောရတော့မယ်ထင်ပါရဲ့။

          လုပ်ငန်းခွင်ပေါ်က အကြောင်းတွေကိုရေးရင်တော့ ကုန်နိုင်မယ်မထင်ဘူး။ လုပ်ငန်းခွင်နောက်ကွယ်က စာမျက်နှာ (၁)ကို တင်မိပြီးတော့ (၂) ကိုတင်လိုက်ရတာပါ။ နောက်များရေးစရာကြုံရင်တော့ ရေးရပါဦးမယ်။ လုပ်ငန်းခွင်ပေါ်မှာ လူတိုင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာစွာနှင့် အလုပ်လုပ်နိုင်ကြပါစေ။

သော်