အိမ်ထောင်ကျခြင်း (၄) သူ့ဘက်ကိုယ့်ဘက်

ashinindakaDecember 20, 20101min1397

သာယာချမ်းမြေ့ပြီး အိုအောင်မင်အောင် ပေါင်းစုံနိုင်ဘို့

နောင်ဘဝမှာလဲ ပြန်လည်စုံဆည်းဘို့

လိုက်နာရမဲ့အချက်က
နံပါတ် (၁) သမသီလ ဖြစ်ဖို့ လို့ပြောပါတယ်။
နံပါတ် (၂) သမသဒ္ဓါ ဖြစ်ဖို့လို့ပြောပါတယ်။
(အရင်ပို့စ်တွေမုှာ ရှင်းပြပြီး)

နံပါတ် (၃) က သမစာဂ ဖြစ်ဖို့လိုပါတယ်။
သမစာဂဆိုတာ
စာဂ – ထောက်ပံ့မှု၊ ပေးကမ်းမှု၊ လှူဒါန်းမှု၊ သမ – တူညီတာ။

ဆိုတော့ သမစာဂဆိုတာ
ထောက်ပံ့မှုတူညီ၊ ပေးကမ်းမှုတူညီတာ၊ လှူဒါန်းမှုတူညီတာကို ပြောတာ။

လင်မယားဖြစ်ပြီဆိုရင် ပျော်ပျော်ရွှင်ရွှင်ချမ်းချမ်းမြေ့မြေ့နဲ့သက်ဆုံးတိုင်
အိုအောင်မင်းအောင်ပေါင်းဆုံဘို့ နောက်အရေးကြီးတဲ့အချက်တစ်ချက်က
သမစာဂ – တူညီတဲ့ထောက်ပံမှုရှိရပါမယ်။ ထောက်ပံ့မှု တူညီရပါမယ်။

အိမ်ထောင်ကျလို့ လင်ရယ် မယားရယ်လို့ဖြစ်လာပြီဆိုရင်
အရင်မိဘနှစ်ဦးသာ ရှိရာက
သူ့ဘက်က မိဘနှစ်ဦး၊ ကိုယ့်ဘက်က မိဘနှစ်ဦးဆိုပြီး
မိဘက လေးဦးဖြစ်လာပါတယ်။

မိဘလေးဦးဖြစ်လာသလို သူ့ဘက် ကိုယ့်ဘက် ညီအစ်ကို မောင်နှမ၊
သူ့ဘက် ကိုယ့်ဘက် ဆွေမျိုး၊ သူ့ဘက်ကိုယ့်ဘက် သူငယ်ချင်းဆိုပြီး
အသိုင်းအဝိုင်းလဲ တိုးပွါးလာပါတယ်။

ဒီလို သူ့ဘက်ကိုယ့်ဘက် ရှိလာတဲ့ တိုးပွါးလာတဲ့ အသိုင်းအဝိုင်းကို
ထောက်ပံ့တဲ့နေရာမှာ တူညီမှုရှိရပါမယ်။
သို့မှသာ ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်သည်တွေဖြစ်လာမှာ ဖြစ်ပြီး
သက်ဆုံးတိုင် အိုအောင်မင်းအောင်ပေါင်းဆုံရမှာပါ။

ဟိုတလောက စင်္ကာပူက ဇနီးမောင်နှံအကြောင်းကြားလိုက်ပါသေးတယ်။
ဇနီးလုပ်တဲ့သူက သူ့မိဘတွေကိုတော့ စင်္ကာပူကို အကြာကြီး ခေါ်ထားပြီး
လင်လုပ်တဲ့သူရဲ့ မိဘတွေ တစ်ပတ်လောက်လာလည်တာကို
ဆူကြီးအောင့်ကြီးနဲ့ မကြည်မဖြူဆက်ဆံတာကို တွေ့ရကြောင်း ကြားရပါတယ်။

ဒီမှာရှိတဲ့ ကိုယ်နဲ့သိတဲ့ ဇနီးမောင်နှံလဲ ဒီလိုဘဲ။
သူ့တူလေး ၁ဝ တန်းအောင်တော့ ဝယ်ပေးလိုက်တဲ့ပစ္စည်း
လစာ တစ်လစာနဲ့တောင် မလောက်ဘူးတဲ့။
ကိုယ့်တူ ၁ဝ တန်းအောင်လို့
အဝတ်အစားလေး တစ်စုံဝယ်ပေးတာကို ဒီနေ့အထိပြောလို့မပီးသေးဘူးလို့
ခင်ပွန်းလုပ်တဲ့သူက လာပြောဘူးပါတယ်။

ဒါတွေဟာ သူ့ဘက် ကိုယ့်ဘက် မကြည့်တတ်တာပါ။
သူ့ဘက်ကိုယ့်ဘက် ထောက်ပံ့မှု မတူညီတာပါ။

ဒီလို ထောက်ပံ့မှုမတူညီရင် ဒီလင် ဒီမယား သက်ဆုံးတိုင်
အိုအောင်မင်းအောင် ပေါင်းဆုံရဘို့ မလွယ်ကူပါဘူး။
သက်ဆုံးတိုင်ပေါင်းဆုံရသည်ထား၊၊
(မတတ်သာလို့သာ မျိုသိပ်အောင့်အီးသည်းခံနေရတာ ဖြစ်တဲ့အတွက်)
ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်မှာ မဟုတ်ပါဘူး။

ဒါတင်မကပါဘူး။
သမစာဂမှာရှိတဲ့ စာဂ ဆိုတဲ့စကားလုံးကို
ပေးကမ်းလှူဒါန်းမှုလို့လဲ ဘာသာပြန်ရပါတယ်။ စာဂနဲ့ ဒါန အဓိပ္ပါယ်တူပေါ့။

ဆိုတော့ ပေးကမ်းလှူဒါန်းတဲ့နေရမှာလဲ တူညီဘို့ သမစာဂဖြစ်ဖို့ လိုအပ်ပါတယ်။
ပေးကမ်းလှူဒါန်းတဲ့နေရာမှာ လင်ရော မယားပါ စိတ်တူ ကိုယ်တူ လှူဒါန်းသင့်ပါတယ်။
လင်က သိန်းတစ်ရာလှူဒါန်းလိုပေမဲ့ မယားစိတ်ပါမှ လှူဒါန်းတာ အကောင်းဆုံးပါဘဲ။

ဒီလို လင်ရော မယားပါ စိတ်တူ ကိုယ်တူ အလိုတူလှူဒါန်းပါမှ
(အထက်တစ်နေရာမှာ ပြောခဲ့သလို)
တူညီတဲ့အကျိုးတရားတွေ ရမှာဖြစ်တဲ့အတွက်
ဖြစ်လေရာဌာန၊ ဖြစ်လေရာဘဝမှာ တစ်နေရာတည်း တစ်ဘဝတည်းမှာဖြစ်ပြီး
ပြန်လည်ဆုံစည်းရမှာပါ။

7 comments

  • kai

    December 21, 2010 at 9:59 am

    အနောက်နိုင်ငံတွေမှာ .. ဘဏ်အကောင့်ကအစ .. တန်းတူရှယ်ထားတာမို ့.. ဒီပြသနာ သိပ်မရှိသလောက်ဖြစ်သွားပါတယ်..။ ၂ယောက်လုံးအလုပ်လုပ်ရတယ်ဆိုတော့လေ..။
    ဒါက မိသားစုသုံးဖို့အတွက်ပေါ့လေ..။
    ကိုယ့်မိတ်ဆွေ..။ ဆွေမျိုးထောက်ပံ ့ပေးကမ်းချင်ရင်တော့ .. ကိုယ်ရှာတဲ့ငွေထဲက ပေးကြကြေးပဲ..။
    စိတ်ကြိုက်လှူသလောက် ..ကိုယ်ကဗိုက်မှောက်ရမယ်ပေါ့..။
    ဆိုတော့ ..
    ဘဏ်အကောင့်က ၃ခုဖြစ်မယ်..။ ၁ခုက.. ဂျိုင့်အကောင့်(၂ယောက်သုံး)
    ကျန်တာက .. ကိုယ်ပိုင်အကောင့်တခုစီ.။
    ကိုယ်ပိုင်တော့ ..တချို ့က .ကိုယ့်နောင်ရေးအတွက် .. ဆေ့ဗင့်န်းအကောင့်ဆိုပြီး..စုငွေအကောင့်သီးသန့် ထပ်ဖွင့်တယ်..။
    ငွေပိုရင်ပိုသလို ..အတိုးပိုရအောင် .. ၁ဝနှစ် ၂ဝ စသဖြင့် .. ထုတ်လို့မရအောင်လုပ်ထားတယ်..။

    ကလေးရှိရင်.. ၂ယောက်ပေါင်းပြိး ..ကလေးစားရိတ်(ကျောင်းစရိတ်၊ ကောလိပ်စရိတ် တက္ကသိုလ်စားရိတ်.စသည်) အတွက်အကောင့်တခုဖွင့် ..ကြိုထည့် ..နည်းနည်းချင်းစုပေးထားရတယ်..။
    အစိုးရဆောင်ရမဲ့ ..အခွန်ငွေ သက်သာတာမို ့ အဲဒီလိုလုပ်ဖို့ .. စံနစ်ကဖန်တီးထားတာပါ..။

    • ashinindaka

      December 21, 2010 at 10:03 am

      ဒါလဲ တကယ့် သမစာဂပဲ။ တူညီတဲ့ ထောက်ပံ့မှု တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ သမShare ပေါ့။

  • etone

    December 21, 2010 at 10:20 am

    ဟုတ်တယ်နော် အဲ့ဒီလို ဘက်မညီရင် ပြသနာတက်နိုင်တယ် ။

  • bigcat

    December 23, 2010 at 1:40 am

    ထောက်ခံပါသည်။ ဘာသာ၊ ဂိုဏ်းဂဏဆိုတဲ့ အပြင်ပန်းဆောင်ပုဒ်တွေအစား အကျင့်စရိုက်ချင်းတူဖို့ အဓိကကျသည်ထင်ပါသည်။ အားလုံးတူရင်တော့ ပိုကောင်းတာပေါ့လေ၊ ဒါပေမဲ့ ၂၁ရာစု အားလုံးကူးလူ ဆက်ဆံသွားလာနေတဲ့ခေတ်မှာ ကိုယ့်အသိုင်းအဝန်းလေးတခုကိုပဲ ဘောင်ခတ်ထားဖို့ ကြိုးစားမယ်ဆိုရင်တော့ သူများကအတင်းတွန်းဖွင့်ခံရတဲ့အခါမှ ပိုနာမှန်းသိပါလိမ့်မည်။ ပိတ်လည်းပိတ်ထားခဲ့ကြလို့ နှစ်ရာကျော် သူ့ကျွန်ဘဝနေခဲ့ရပြီးပါပြီ။ ဒါကြောင့် ကိုယ့်ဖက်ကမညံ့အောင် ကြံစည်အားထုတ်ဖို့သာရှိကြောင်းပါ ဘုရား။

  • လင်းဝေကျော်

    December 23, 2010 at 10:35 am

    အကောင့် ၃ခုဖွင့်တာတော့ကောင်းတယ်။
    ယောကျာင်္းတွေအတွက် ဟိုဖိုးဒီဖိုးလေး ဥ ထားစရာမလိုတော့ဘူးပေါ့။

Leave a Reply