တရုတ်ပြည်မှ တက်စီများ

ဒီနေ့ အပြင်သွားတော့ တက်စီစီးဖြစ်တယ်။ ခါတိုင်းအပြင်ထွက်ရင် မလိုအပ်ပဲ စကားသိပ်ပြောလေ့မရှိပေမယ့် ဒီနေ့တော့ စပ်စုချင်တာနဲ့ ခရီးကလဲဝေးတာနဲ့ ကားဆရာကလဲ သဘောကောင်းပုံပေါ်တာနဲ့ စကားလက်ဆုံကျသွားမိပါတယ်။ ဗဟုသုတရအောင် ပြန်လည်ဝေငှပေးလိုက်ပါတယ်။

တရုတ်ပြည်မှာတော့ တက်စီကို တာတီးလို့ အလွယ်ခေါ်ပါတယ်။ တက်စီတွေမှာ ကုမ္ပဏီတံဆိပ်တွေပါပါတယ်။ ကုမ္ပဏီပေါ်မူတည်ပြီး တက်စီရဲ့အရောင်တွေကွာပါတယ်။ လူတစ်ယောက်က တက်စီမောင်းတဲ့အလုပ်လုပ်ချင်ရင် တက်စီတစ်စီးဝယ်ပြီး ကုမ္ပဏီမှာစာရင်းပေးပြီး အခွန်ဆောင်ရပါတယ်။ ကားက ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်ရပေမယ့် ကုမ္ပဏီနံမည်နဲ့မှ လိုင်စင်က အဆင်ပြေတယ်လို့သိရပါတယ်။ ကားတစ်စီးရဲ့သက်တမ်းကိုလဲ ၁၀ နှစ်အထိပဲ သတ်မှတ်ထားပါတယ်။ ၁၀ နှစ်ပြည့်ရင် ကားအသစ်နဲ့ အလိုက်ပေးပြီး ပြန်လဲရပါတယ်။ တက်စီအများစုက သစ်လွင်တောက်ပနေပါတယ်။ ထိုင်ခုံတွေကို ပိတ်အဖြူရောင်အစွပ်တွေနဲ့ စွပ်ထားကြရတယ်။

ကားတွေက လူမပါပဲသွားနေရင် ကားရှေ့မှာ အနီရောင်စာတမ်းလေးနဲ့ ကားအလွတ်လို့ ရေးထားပြီး အဝေးကနေမြင်နိုင်ပါတယ်။ အဲဒီလိုကားဆိုရင် လှမ်းတားလိုက်လို့ရပါတယ်။ ပြီးရင် ကားပေါ်တက်ပြီး ကိုယ်သွားချင်တဲ့နေရာကို ပြောပြလိုက်ရုံပါပဲ။ သူ့ဟာသူမီတာမှတ်လိုက်ပါတယ်။ အဲဒီအကျင့်နဲ့ ကျွန်မရန်ကုန်ရောက်တုန်းက ခံလိုက်ရဖူးသေးတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က လှည်းတန်းဈေးရှေ့နားကနေ UFL ကို တက်စီငှားစီးမိတယ်။ မေ့ပြီး ဈေးမမေးမိပါဘူး။ ဟိုလဲရောက်ရော ဘယ်လောက်လဲမေးတော့မှ ၂၀၀၀ ကျပ်တဲ့။ စီးပြီးမှတော့ ဘာမှလုပ်မရတော့ပဲ ပေးလိုက်ရဖူးတယ်။

ကားရဲ့မီတာက ဘီးလှိမ့်ရဲ့အပတ်ရေရယ် ကြာတဲ့အချိန်ရယ်ပေါ်မူတည်ပြီး မီတာတက်နေပါတယ်။ မီတာက ခရီးတစ်မီတာကို 1.2 ယွမ်၊ ခရီးအတူတူပေမယ့် ရုံးတက် ရုံးဆင်းချိန် ကားတွေပိတ်ချိန်မှာ ပိုက်ဆံပိုကျလေ့ရှိပါတယ်။ ကားတွေအများစုက ဓါတ်ဆီနဲ့ ဂက်စ် နှစ်မျိုးသုံးတဲ့ အင်ဂျင်တွေနဲ့ … ဓါတ်ဆီဈေးတက်လာပြီးနောက်ပိုင်း ဂက်စ်နဲ့သုံးပေမယ့် ဓါတ်ဆီနဲ့လဲ မောင်းလို့ရပါတယ်။ တရုတ်စကားမပြောတတ်ရင်လဲ ကိုယ်သွားချင်တဲ့နေရာကို စာရွက်မှာရေးထားပြီး ပြလိုက်ရုံပါပဲ။ မိန်းကလေးတွေလဲ တက်စီမောင်းနေကြပါတယ်။

တက်စီကားတွေမှာ ရေဒီယိုတစ်ခုကနေ တစ်နေကုန်အသံလွှင့်နေတဲ့ တစ်မြို့လုံးရဲ့ လမ်းခရီးသတင်းရှိပါတယ်။ ဘယ်လမ်းမှာရေကြီးတယ် ဘယ်လမ်းမှာကားကြပ်နေတယ် ဘယ်ကားမှာ ဘာပစ္စည်းခရီးသည်ကမေ့ကျန်ခဲ့တယ် စသဖြင့် အချိန်နဲ့တပြေးညီ အသံလွှင့်နေပါတယ်။ ကုမ္ပဏီကားအချင်းချင်းလဲ ဝေါ်ကီတော်ကီနဲ့ အဆက်အသွယ်လုပ်ထားကြပါသေးတယ်။ ကားမောင်းသမားတွေ စည်းကမ်းသိပ်မရှိကြပေမယ့် အလွန်စိတ်ရှည်ပြီး ကျွမ်းကျင်ကြလို့ ကားအက်ဆီးဒင့် အလွန်အလွန်နဲသောနိုင်ငံတစ်ခုဖြစ်ပါတယ် ….

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....